ကျောက်ကြီးမြို့နယ်၌ ခရိုင်အဆင့် ကရင်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနား ပထမအကြိမ် စည်ကားစွာကျင်းပ

ကျောက်ကြီး ၂၃ သြဂုတ် 

 

ပဲခူးတိုင်းဒေသကြီး  ကရင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး၏ လမ်းညွှန်ချက်နှင့်အညီ  ပဲခူးတိုင်းဒေသကြီး အရှေ့တောင်ငူခရိုင်ကိုယ်စားပြု ခရိုင်အဆင့် ကရင်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာပွဲကို ကျောက်ကြီးမြို့နယ် နတ်သံကွင်းဒေသ တံခွန်တိုင်းကျေးရွာ အေးမြသုခ ရေတွင်းကုန်းကျောင်းတိုက် ဘုန်းတော်ကြီးကျောင်း အေးမြသုခဓမ္မဗိမာန်တော်၌ သြဂုတ် ၂၃ ရက် နံနက် ၇ နာရီက ကျင်းပခဲ့သည်။

 

ချည်ဖြူဖွဲ့မင်္ဂလာ  အခမ်းအနားတွင် တက်ရောက်လာသူများက  ကရင်အမျိုးသားသီချင်း  သီဆို၍   ကရင်အမျိုးသားအလံကို အလေးပြုကြပြီးနောက် ပဲခူးတိုင်းဒေသကြီးအရှေ့ ကရင်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီ နာယက ဆရာတော် ဥူးကုသလနှင့် ကျောက်ကြီးမြို့နယ် ကရင်စာပေနှင့်ယဉ်ကျေးမှု နာယက ဆရာတော် ဥူးစန္ဒိမာ (ရင်းတိုက်ကုန်းဆရာတော်) တို့က သြဝါဒစကား မိန့်ကြားခဲ့သည်။

 

 

ထို့နောက် ကရင်တိုင်းရင်း သားလူမျိုးရေးရာဝန်ကြီး နော်ပွယ်စေးက ကရင်ရိုးရာ လက်ချည်ပွဲတွင် အဓိကပါဝင် သောပစ္စည်း ၉ မျိုးအကြောင်းနှင့် ကျင်းပသည့်ရည်ရွယ်ချက်များ၊ ကျင်းပပုံများကို ရှင်းလင်းပြောကြားသည်။   ကွဲကွာနေသောဆွေမျိုးများ  ပြန်လည်ဆုံတွေ့စေရန်နှင့် ကရင်အမျိုးသားအချင်းချင်း ချစ်ကြည်ရင်းနှီးမှု ခိုင်မြဲစေရန် ရည်ရွယ်ချက်များဖြင့်   ချည်ဖြူဖွဲ့မင်္ဂလာ  အခမ်းအနားကို  ကျင်းပခြင်းဖြစ်ကြောင်း  ကရင် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၏ ပြောကြားချက်အရ သိရသည်။

 

ဆက်လက်၍ တိုင်းအဆင့် ကရင်စာပေနှင့်ယဉ်ကျေးမှုနာယက ဆရာတော်၊ မြို့နယ် နာယက ဆရာတော်၊  ဝန်ကြီးနှင့်  ကရင်တိုင်းရင်းသား အကြီးအကဲများ၊ တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ်၊ ကျောကက်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊  လက်ချည်ပွဲသို့ တက်ရောက်လာသော ခရိုင်နှင့် မြို့နယ်အတွင်းရှိ ကရင်တိုင်းရင်းသားလူငယ် ၇၀ဝ ခန့် အား    ညာလက်တွင်    ချည်ဖြူသုံးပတ် ချည်နှောင်ပေးပြီး   ချည်ဖြူဖွဲ့မင်္ဂလာ အခမ်းအနားကို  ကျင်းပခဲ့ကြောင်း  သိရသည်။

 

ကိုသားကြီး(ပြန်/ဆက်)