ကျောက်တံခါးမြို့နယ်တွင် တစ်ရက်တည်း ကျောင်းသားနှစ်ဦး ရေနစ်သေဆုံးမှုဖြစ်ပွား

ကျောက်တံခါး  ၁၄ ဇူလိုင်

 

ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် တောကျွဲအင်းနယ်မြေရဲစခန်းအပိုင် ရန်ကုန်-နေပြည်တော် အမြန်လမ်းမိုင်တိုင်အမှတ် ၉၉/၁ နှင့် ၂ အကြားအနီး အနောက်ဘက် ၂ ဖာလုံခန့်အကွာ ကြက်ချောင်းထဲ၌ ဇူလိုင် ၁၃ ရက် နံနက်ပိုင်းက လေးတန်းကျောင်းသားတစ်ဦး ရေနစ်သေဆုံးခဲ့သည်။

 

ကျောက်တံခါးမြို့နယ် ဆင်ဇလုပ်ကျေးရွာအုပ်စု အောင်မင်္ဂလာကျေးရွာ မေတ္တာရိပ်မွန်ပရဟိတ ကျောင်းထိုင်ဆရာတော် ဥူးကုဝေရမှ ကျောင်းထားပေးသော ရဲနေသွေး (၁၄)နှစ် (ဘ) ဦးမျိုးမြင့် စတုတ္ထတန်း(မူလွန်) အောင်မင်္ဂလာကျေးရွာ (ခေတ္တမေတ္တာရိပ်မွန်ပရဟိတကျောင်း) မုံတဝရပ်ကွက် အေးသာယာမြို့သစ် တောင်ကြီးမြို့နေသူသည် အကျယ် ၁၅ ပေ အနက် ၇ ပေခန့်ရှိ ကြက်ချောင်း၏ ချောင်းကမ်းနဘေးဝါးငုတ်တွင်ငြိလျက် မှောက်ခုံအနေအထားဖြင့် (ပြင်ပဒဏ်ရာတစ်စုံတစ်ရာမရှိဘဲ) သေဆုံးနေကြောင်း တွေ့ရှိခဲ့ရသည်။

 

ဖြစ်စဉ်နှင့်ပတ်သက်ပြီး မောင်ရဲနေသွေး သေဆုံးရခြင်းနှင့်ပတ်သက်၍ ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်/မဟုတ် စစ်ဆေးပေးပါရန် ဒုရဲအုပ်ရီတင်မှ တရားလိုပြုလုပ်တိုင်တန်း၍ တောကျွဲအင်းနယ်မြေရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ် ၃/၂၀၁၉ ဖြင့် ရေးဖွင့်ဆောင်ရွက်ထားကြောင်း သိရသည်။

 

အလားတူ ကျောက်တံခါးမြို့နယ် ဖဒိုနယ်မြေရဲစခန်းအပိုင် ဘိုးပိုက်ဆံ ၂ ရပ်ကွက်ရှိ အုတ်ကျင်းဟောင်းရေကန်ထဲ၌ ဇူလိုင် ၁၃ ရက်ညနေ ၅ နာရီခွဲခန့်က ခြောက်တန်းကျောင်းသူတစ်ဦး ရေနစ်သေဆုံးမှုဖြစ်ပွားခဲ့သည်။

 

ဖဒိုမြို့ ၂ ရပ်ကွက်အတွင်းရှိ ရန်ကုန်မြို့နေသူပိုင်ဆိုင်သော ခြံလွတ်အတွင်း အနက် ၈ ပေ အကျယ် ပေ ၁၅၀ အုတ်ကျင်းရေကန်ဟောင်းအနီး ကလေးငယ်တစ်ဦး အော်ငိုသံကြားရသဖြင့် အနီးပတ်ဝန်းကျင်နေထိုင်သူများမှ သွားရောက်ကြည့်ရှုရာ အဆိုပါရေကန်အတွင်း၌ မကေးသီမွန်း (၁၂)နှစ် (ဘ)ဦးအယ်ထူး ဆဋ္ဌမတန်းကျောင်းသူ ဘိုးပိုက်ဆံ (၂)ရပ်ကွက် ဖဒိုမြို့နေသူမှာ (ပြင်ပဒဏ်ရာတစ်စုံတစ်ရာမရှိဘဲ) ရေနစ်သေဆုံးခဲ့သည်။

 

ဖြစ်စဉ်နှင့်ပတ်သက်ပြီး ကျောက်တံခါးမြို့နယ် ဖဒိုနယ်မြေရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ် ၁၁/၂၀၁၉ ဖြင့် ရေးဖွင့်ဆောင်ရွက်ထားကြောင်း သိရသည်။ 

 

ခင်ကို(ကျောက်တံခါး)