ကောင်းမူတော်စေတီတော်၏ ရွှေဆေးခွာခြင်းမှ ထွက်ရှိလာသည့် အပိုင်းအစများဖြင့် ကောင်းမှုတော်စေတီ ပုံစံငယ်တစ်ဆူ တည်ထားမည်

စစ်ကိုင်း ၁၈ ဇန်နဝါရီ   


စစ်ကိုင်းမြို့၊ ရာဇမဏိစူဠာကောင်းမူတော်စေတီကြီး လက်ရှိရွှေဆေးသင်္ကန်းမှ အဖြူရောင်ဆေးသင်္ကန်း ပြောင်းလဲကပ်လှူခြင်း လုပ်ငန်းမှ ထွက်ရှိလာမည့် ရွှေဆေးအမှုန်များနှင့် အင်္ဂတေအပိုင်းအစများဖြင့်  ကောင်းမူတော်စေတီပုံစံငယ်တစ်ဆူ တည်ထားသွားမည်ဖြစ်ကြောင်း ကောင်းမူတော်စေတီဂေါပက အဖွဲ့ထံမှ သိရသည်။

113


ကောင်းမှုတော်စေတီတော်ကြီး ရွှေဆေးသင်္ကန်းမှ အဖြူရောင်ဆေးသင်္ကန်း ပြောင်းလဲကပ်လှူပူဇော်ရန်အတွက် လုပ်ငန်းများကို ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၁၂ ရက်နေ့က အောင်ပြည်တန်ကုမ္ပဏီမှ တာဝန်ယူ၍ ရွှေဆေးများခွာချွတ်ခြင်း၊ ပျက်စီးနေသည့်နေရာများကို ဖာထေးခြင်း လုပ်ငန်းများ လုပ်ဆောင်လျက်ရှိရာ လက်ရှိတွင် ၄၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်းနှင့် ၎င်း ရွှေဆေးခွာခြင်းနှင့် ပြုပြင်ခြင်းလုပ်ငန်းများမှ ရရှိလာသည့် အင်္ဂတေအပိုင်းအစများကို  အလေ့အလွင် မရှိအောင် စနစ်တကျ စုဆောင်းထားပြီး ကောင်းမူတော်စေတီပုံစံငယ်တစ်ဆူ တည်ထားကိုးကွယ်သွားမည် ဖြစ်ကြောင်း ကောင်းမှုတော်စေတီ ဂေါပကအဖွဲ့ထံမှ သိရသည်။


"ခု ၄၀ ရာခိုင်နှုန်းလောက်ပြီးစီးနေပါပြီ။ ရွှေဆေးသင်္ကန်းချွတ်ခွာခဲ့တယ်။ နှစ်ရှည်မခံနိုင်တဲ့ အင်္ဂတေ ပျက်စီးယိုယွင်းနေတဲ့ အပိုင်းကို အကောင်းဆုံးပြင်ဆင်သွားမှာပါ။ မကောင်းတဲ့နေရာတွေကို ကောင်းအောင်ထိပြင်ဆင်ဖို့ ထိုးခွာလုပ်ရပါတယ်။ လက်ရှိလုပ်ကိုင်နေတဲ့ အနေအထားအရ ဘုရားကြီးတစ်ဆူလုံးရဲ့ သုံးရာခိုင်နှုန်းနေရာလောက်ပဲ ခွာရတဲ့အနေအထားပါ။ တစ်ဆူကို ပြန်လည် ထိုးခွာချခြင်းမဟုတ်ပါဘူး။ ကာလတာရှည်မခံနိုင်တဲ့ ဆွေးမြေ့နေတဲ့ အပိုင်းကိုခွာချတာက စေတီတော်ကြီး ကြံ့ခိုင်ဖို့အတွက် လုပ်နေခြင်းဖြစ်ပါတယ်။ ရွှေဆေးတွေခွာချပြီးရင် သက်တမ်းဆယ်နှစ်ကျော်ခံမယ့် အီတလီနိုင်ငံထုတ် အဖြူရောင်ဆေးကို  ကပ်လှုသွားမှာပါ'' ဟု ကောင်းမူတော်စေတီဂေါပက အဖွဲ့ဒုတိယဥက္ကဋ္ဌ ဦးနီတင်က ပြောပြသည်။


ကောင်းမှုတော်စေတီတော်ကြီးအား လက်ရှိရွှေဆေးမှ အဖြူရောင်ဆေး ပြန်လည်ကပ်လှူပူဇော်မှုကို သီတဂူဆရာတော်ကြီးကိုယ်တိုင် ဦးစီး၍ ပြုလုပ်နေပြီး သီတဂူဆရာတော်ကြီး၏ မွေးနေ့ (တပေါင်းလပြည့်)မတိုင်မီ ကောင်းမှုတော်စေတီတော်အား အဖြူရောင် ဆေးသင်္ကန်းအပြီး ကပ်လှူမည်ဖြစ်ကာ တပေါင်းလပြည့်နေတွင် ကောင်းမှုတော်စေတီတော်တွင် သံဃာအပါးတစ်ထောင်နှင့် အနေကဇာတင်သွားမည် ဖြစ်ကြောင်းနှင့် သံဃာအပါးတစ်ထောင်အား ဆွမ်းဆမ်းစိမ်းလောင်းလှူသွားမည်ဖြစ်ကြောင်း ကောင်းမှုတော်စေတီဂေါပကအဖွဲ့ထံမှ သိရသည်။


အဖြူရောင်ဆေး ပြန်လည်ကပ်လှူပူဇော်ရန်အတွက် လက်ရှိတွင် ရွှေဆေးများနှင့် ပတ်တီးများကို ခွာထုတ်ခြင်းအလုပ်ကို စတင်ဆောင်ရွက်နေကြောင်းနှင့် ၎င်းလုပ်ငန်းများ ပြီးစီးပါက ရေဖြင့် သန့်ရှင်းရေး ပြုလုပ်ခြင်း၊ Flexible Protective Coating (Mapelastic) သုတ်လိမ်းခြင်း၊ Elastocolour Paint Plus အား သုတ်လိမ်းခြင်းတို့ ပြုလုပ်သွားမည်ဖြစ်ကြောင်း အောင်ပြည်တန်ကုမ္ပဏီက သိရသည်။


ကိုမင်း(အင်းတော်)