ကျောင်းသူ ကျောင်းသားများ သုတေသနလုပ်ဆောင်သည့်အခါ မည်သို့လုပ်ဆောင်နေသည်နှင့် ပတ်သက်သည့် စကားဝိုင်း

ကျောင်းသူ ကျောင်းသားများ သုတေသနလုပ်ဆောင်သည့်အခါ မည်သို့လုပ်ဆောင်နေသလဲနှင့် ပတ်သက်သည့် စကားဝိုင်းဆွေးနွေးပွဲကို မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ရိုက်ကူးထုတ်လွှင့်ခဲ့သည်။ အဆိုပါစကားဝိုင်းဆွေးနွေးပွဲတွင် မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ် (အထက ၁၁) ကျောင်းအုပ်ကြီး ဒေါက်တာသန်းထိုက်စိုး၊ ရန်ကုန်တက္ကသိုလ် ဓာတုဗေဒဌာန ပါမောက္ခဒေါက်တာနီနီသန်း၊ နည်းပညာတက္ကသိုလ် (သန်လျင်) ပါမောက္ခချုပ် ဒေါက်တာသိင်္ဂီ၊ အဆင့်မြင့်ပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းသန်းဝင်း၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှု ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဖြူဖြူဝင်း၊ မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသတက္ကသိုလ် မောင်းသူမဲ့ လေယာဉ်သုတေသနဌာန ပါမောက္ခဌာနမှူး ဒေါက်တာ သဲမောင်မောင် တို့၏ ပါဝင်ဆွေးနွေးမှုများကို ဖော်ပြလိုက်ပါသည်။

 

အစီအစဉ်မှူး။ ။ ဒီကနေ့ ဆွေးနွေးမယ့် အကြောင်းရင်းနဲ့ ပတ်သက်ပြီး ဆရာမကြီးအနေနဲ့ ပထမဆုံး မိတ်ဆက်ဆွေးနွေးပေးပါဦး။

mdn

ဒေါက်တာသန်းသန်းဝင်း။ ။ ဒီကနေ့ ဆွေးနွေးရမယ့် အကြောင်းအရာ ကတော့ အခြေခံပညာ ကစပြီး တော့အဆင့်မြင့် ပညာသင်ကြားနေတဲ့ တက္ကသိုလ်ကျောင်းသား ကျောင်းသူတွေအထိ သုတေသန တွေလုပ်ဆောင်တဲ့ အခါမှာ ဘယ်လိုလုပ်ဆောင် နေသလဲဆိုတာကို ဆွေးနွေးမှာဖြစ်ပါတယ်။ အဆင့်မြင့်ပညာကဏ္ဍမှာ သုတေသနတွေ စလုပ်ဖို့အတွက် စိတ်ဝင်စားအောင်လုပ်ဖို့၊ အလေ့ အကျင့်ကောင်းတွေ ရှိဖို့အတွက် ဘာတွေလုပ်ပေးနေတယ်။ အခြေခံကျောင်းတွေမှာ ဘာတွေ ဆောင်ရွက် ပေးနေတယ်ဆိုတာကို ဆွေးနွေးမှာဖြစ်တဲ့အပြင် တက္ကသိုလ်တွေမှာ သုတေသန ဌာနတွေက ဘာတွေလုပ်နေသလဲ၊ သုတေသနဌာနတွေက ပံ့ပိုးကူညီဆောင်ရွက်မှု အကြောင်းနဲ့ လက်ရှိသုတေသနလုပ်နေတဲ့ လုပ်ငန်းတွေအကြောင်းကို ဆွေးနွေးပေးမှာ ဖြစ်ပါတယ်။

 

အစီအစဉ်မှူး။ ။အခြေခံပညာ ကျောင်းတွေမှာ ကျောင်းသား ကျောင်းသူတွေ သုတေသနလုပ်ချင်တဲ့ အလေ့အကျင့်တွေ ရရှိအောင် အခြေခံပညာ အထက်တန်းကနေ တက္ကသိုလ်အထိ ဘယ်လိုမျိုး လေ့ကျင့်ပေးလဲဆိုတာ ပထမဆုံး ဆွေးနွေးပေးပါဦး။

mdn

ဒေါက်တာသန်းထိုက်စိုး။ ။ ကျွန်တော်တို့ ကျောင်းတွေမှာ အခုနောက်ဆုံးပေါ် Small Skill Concept နဲ့ Practical တွေလုပ်တယ်။ ကျွန်တော်တို့ ပြဋ္ဌာန်းထားတဲ့ သင်ရိုးညွှန်းတမ်းနဲ့ ကိုက်ညီအောင် small Skill Concept ရဲ့ အားသာချက်က လက်တွေ့ခန်း အကြီးကြီးတွေ မလိုဘူး။ ဆရာ ဆရာမတွေက စာသင်ခန်းထဲကိုတောင် ယူသွားလို့ရတယ်။ အုပ်စုခွဲပြီး လုပ်လို့ရတယ်။ အဲဒီအခါ စာတွေ့နဲ့လက်တွေ့ ပေါင်းစပ်သင်ရတဲ့ ရည်ရွယ်ချက်က ဝန်ထုပ်ဝန်ပိုးလည်း လျော့သွားတယ်။ ဘာဖြစ်လာလဲဆိုရင် သင်ကြားသင်ယူမှုမှာ ပိုပြီးထက်မြက် လာတယ်။ ကလေးတွေကလည်း သူတို့အခြေခံ ကျောင်းသားဘဝမှာ Practical လုပ်ခဲ့ဖူးတယ်။ သုတေသန Mindset ကို ငယ်ငယ်ကတည်းက ဝင်သွားတာပေါ့။ ဒါလေးတွေဟာ နိုင်ငံတကာမှာလည်း ကျင့်သုံးနေပြီ။ ကျွန်တော်တို့ဆီမှာလည်း ကြိုးစားနေတယ်။ ဒါက Stand Education ရဲ့အစလည်းဖြစ်တယ်။

 

အစီအစဉ်မှူး။ ။ အခြေခံပညာ ကျောင်းတွေက ကျောင်းသားကျောင်းသူတွေကို သုတေသန လုပ်ချင်တဲ့ ဗီဇတွေ၊ လုပ်ချင်ကိုင်ချင်စိတ် တွေရှိအောင် ဘယ်လိုမျိုးပုံစံနဲ့ ပြုစုပျိုးထောင်ပေး ပါသလဲ။

ဒေါက်တာသန်းထိုက်စိုး။ ။ကျွန်တော်တို့ အခြေခံပညာမှာ အရင်ကတည်းက Environmental Education ဆိုပြီး ရှိပါတယ်။ ကျွန်တော်တို့ မန္တလေးမှာဆိုရင် ကျွမ်းကျင်သူတွေနဲ့ လုပ်တယ်။ သူတို့က ဘာတွေသင်ပေးထားသလဲဆိုရင် Green Map ရေးဆွဲတာပါ။ Green Map ဆိုတာ ကိုယ့်ရဲ့ ကျောင်း၊ ကိုယ့်ရဲ့ ပတ်ဝန်းကျင်၊ ကိုယ့်ရဲ့ မြို့ ရွာတွေကို ကလေးတွေက သွားပြီးဆွဲတယ်။ Green Map ဆွဲတဲ့ ရည်ရွယ်ချက်က ငယ်ငယ်ကတည်းက သဘာဝပတ်ဝန်းကျင်ကို ချစ်ခင်တတ်လာတယ်။ သဘာဝ ပတ်ဝန်းကျင်မှာ ရှိတဲ့ မိမိရဲ့ရေမြေတောတောင်တွေကို ချစ်ခင်တတ်တဲ့စိတ်တွေ ဖြစ်လာတယ်။ အဲဒီကနေပြီးတော့ သုတေသန လုပ်ချင်ကိုင်ချင်စိတ်တွေ ပေါ်ထွန်းလာပြီးတော့ တက္ကသိုလ်တွေ ရောက်တဲ့အခါမှာလည်း အခြေခံကနေ အဆင့်မြင့်ကို ရောက်သွားတယ်။ ပရော်ဖက်ရှင်နယ်အဖြစ် ကူးပြောင်းနိုင်တယ်။ အဲဒီလိုဖြစ်အောင်လည်း ကြိုးစားနေတယ်။

 

အစီအစဉ်မှူး။ ။ အခုပြောင်းလဲလိုက်တဲ့ သိပ္ပံဘာသာမှာဆိုရင် စူးစမ်းလေ့လာမှုကို အခြေခံပြီးတော့ ရေးသားထားတယ်လို့ သိရပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီးတော့ လည်း ဆွေးနွေးပေးပါဦး။

mdn

ဒေါက်တာ နီနီသန်း။ ။ အခြေခံပညာသင်ရိုးသစ်ဖြစ်တဲ့ KG+12 သိပ္ပံဘာသာရပ်အတွက် Activity Base ကို အခြေခံထားပါတယ်။ ကိုယ်တိုင် စူးစမ်းလေ့လာပြီး လုပ်ဆောင်ရတဲ့အတွက်ကြောင့် သင်ခန်းစာကို သေချာနားလည်သွားစေတယ်။ သုတေသနရဲ့အခြေခံဖြစ်တဲ့ စူးစမ်းလေ့လာမှုကိုလည်း ငယ်စဉ် ကတည်းက ရရှိသွားမှာဖြစ်ပါတယ်။ သင်ခန်းစာကို အလွတ်ကျက်ဖို့ထက် အလွတ်ကျက်စရာ မလိုတော့ဘဲနဲ့ ကိုယ်တိုင်လုပ်ရတဲ့ အတွက်ကြောင့် သူတို့ဟာ သင်ခန်းစာနဲ့ ပတ်သက်လို့လည်း နားလည်မှုက ပိုပြီးရရှိမှာ ဖြစ်ပါတယ်။ ကလေးတွေကို Observation Skill ကနေ စပြီးတော့ Science Process ကို တန်းစဉ်အလိုက် ပေးသွားမှာ ဖြစ်ပါတယ်။ ကျွန်မအနေနဲ့ အကြံပြုလို တာကတော့ ဆရာ ဆရာမတွေ အနေနဲ့ သင်ရိုးသစ်အတွက် ကလေးတွေအပေါ် အုပ်စုလိုက် Activity တွေ လုပ်ဆောင်ဖို့ သေသေချာချာ ကြိုတင်ပြင်ဆင်ပေးပြီးတော့ ကလေးများကို ကိုယ်တိုင်ပါဝင်လုပ်ဆောင်စေရမှာ ဖြစ်ပါတယ်။ အလယ်တန်း၊ အထက်တန်းကျောင်း တွေမှာလည်း သိပ္ပံနဲ့ ပတ်သက်တဲ့ ပွဲတွေကို ပြုလုပ်ပြီး ပြပွဲပြိုင်ပွဲတွေကို လုပ်ပေးသင့်ပါတယ်လို့ အကြံပြု လိုပါတယ်။

 

အစီအစဉ်မှူး။ ။ ကျောင်းသား ကျောင်းသူတွေ သုတေသနလုပ်ငန်းမှာ တိုးတက်ဖို့ဆိုရင်ရော ဘယ်လိုမျိုး လုပ်ဆောင်သင့်ပါသလဲဆိုတာလည်း ဆွေးနွေးပေးပါဦး။

ဒေါက်တာနီနီသန်း။ ။ ကျွန်မတို့ တက္ကသိုလ်တွေမှာ သုတေသနနဲ့ ပတ်သက်လို့ နှစ်စဉ်ကျောင်းတွေမှာ သိပ္ပံနဲ့ ပတ်သက်တဲ့ပွဲတွေကို ပြုလုပ်ပေးတယ်။ ပထမနှစ် ကစပြီး ပါရဂူတန်းအထိ ကလေးတွေဟာ သူတို့ရဲ့ပရောဂျက်တွေကို အုပ်စုလိုက်ဝင်ပြီးတော့ ပြိုင်ကြတယ်။ ပြိုင်ဖို့အတွက်လည်း သုတေသန ထောက်ပံ့ကြေးတွေ ထုတ်ပေးတယ်။ ပြိုင်ပွဲမှာ ဆုတွေအများကြီး ချီးမြှင့်ပေးတယ်။ တက္ကသိုလ် အဆင့်မှာလည်း မြန်မာနိုင်ငံဝိဇ္ဇာနဲ့ သိပ္ပံအသင်းကနေ သုတေသနပြိုင်ပွဲမှာ အကောင်းဆုံးဆုတွေ ကိုပေးတယ်။ နောက်တစ်ခါ သုတေသနကျမ်းပေါ့။ အကောင်းဆုံး သုတေသနကျမ်းတွေကိုလည်း နှစ်စဉ်ဆုကြေးတွေကို တိုးမြှင့်ပြီးတော့ ချီးမြှင့်ပေးတာဖြစ်တဲ့အတွက် ကလေးတွေဟာ သုတေသန လုပ်လိုစိတ်တွေ မြင့်တက်လာတာကိုလည်း တွေ့ရပါတယ်။

 

အစီအစဉ်မှူး။ ။ တက္ကသိုလ် အဆင့်မှာဆိုရင် သုတေသနလုပ်ငန်းတွေ လုပ်ဆောင်ဖို့ အတွက် ဘယ်လိုမျိုး ဆောင်ရွက်ပေးသင့်ပါသလဲ။

mdn

ဒေါက်တာသိင်္ဂီ။ ။ တက္ကသိုလ်ကို ရောက်လာတဲ့ ကျောင်းသား ကျောင်းသူတွေ အတွက်ဆိုရင် သူတို့အတွက်သင်ရိုးညွှန်းတမ်း Curriculum တွေ ရေးဆွဲပြင်ဆင်တဲ့အခါမှာ သီအိုရီတွေအပြင် တကယ့်ကို ပြင်ပကနေ ဗဟုသုတတွေ၊ သုတေသနကို အခြေခံတဲ့ သုတေသန ဆောင်ရွက်ချက် တွေကိုပါထည့်သွင်းပြီးတော့ သင်ရိုးညွှန်းတမ်းတွေကို ပြင်ဆင်ထားဖို့ လိုအပ်ပါလိမ့်မယ်။ နောက်တစ်ခုကတော့ သုတေသနကို ဦးတည်စေတဲ့ ပရောဂျက်တွေ လုပ်ခိုင်းရမယ်။ ဆရာ ဆရာမတွေက သင်ကြားပြီးစီးတိုင်း သူတို့ကို Discussion တွေ လုပ်ခိုင်းရမယ်။ အမေးအဖြေတွေ လုပ်ခိုင်းခြင်းအားဖြင့် ဒီကျောင်းသား ကျောင်းသူတွေရဲ့နားလည်မှုကိုလည်းပဲ အမြဲတမ်းစစ်ဆေးဖို့ လိုအပ်ပါလိမ့်မယ်။ နားလည်မှု Level ကို စစ်ဆေးတဲ့အခါကျမှ ဒီကျောင်းသားဟာ ဗဟုသုတ ရသွားတာလား၊ ဒါမှမဟုတ် တကယ့်ကို သင်ခန်းစာပေါ်မှာ တကယ့်ကို နားလည်သွားတာလား။ ဒီသင်ခန်းစာကို ပြန်ပြီးအသုံးချ နိုင်ပြီလား ဒါမှတစ်ဆင့် Creative Thinking တွေ လုပ်နိုင်ပြီလားဆိုတဲ့ Level တစ်ခုရောက်အောင် ဆရာ ဆရာမတွေကသင်ကြားပေးဖို့ လိုအပ်ပါတယ်။ အဲဒီ Level အထိရောက်အောင် သင်ကြား ပေးနိုင်ပြီဆိုရင် ကျောင်းသား ကျောင်းသူတွေဟာ သုတေသနလုပ်ငန်းကို အလွယ်တကူနဲ့ ဆောင်ရွက်သွားနိုင်မှာဖြစ်ပါတယ်။

 

အစီအစဉ်မှူး။ ။ ဟုတ်ကဲ့ပါ။ သုတေသန တစ်ခုပြီးစီး အောင်မြင်ဖို့ဆိုရင်ရော ဘာတွေများ လိုအပ်မလဲ ဆွေးနွေးပေးပါဦး။

 

ဒေါက်တာသိင်္ဂီ။ ။ သုတေသန လုပ်ငန်းတစ်ခုကို လုပ်တော့မယ်ဆိုရင် ဒီသုတေသနကို ဦးဆောင် ပေးမယ့် ဆရာ ဆရာမ Supervisor ဆိုတာ လိုပါလိမ့်မယ်။ အဲဒီသုတေသနကို ဦးဆောင်မယ့် ဆရာ ဆရာမတွေမှာ ဘာတွေရှိရမလဲဆိုရင် သုတေသနကို တကယ်နားလည်တဲ့ ဆရာဆရာမဖြစ်ဖို့ လိုပါတယ်။ အချိန်အလုံအလောက်ရှိဖို့လည်း လိုအပ်ပါတယ်။ နောက်တစ်ခုက သူ့ကို သုတေသန လုပ်ငန်းတွေ အထောက်အကူပြုနိုင် မယ့် ပစ္စည်းကိရိယာ အစုံအလင်နဲ့ ဓာတ်ခွဲခန်း လိုအပ်ပါလိမ့်မယ်။ စာကြည့်တိုက်တွေလည်း လိုအပ်ပါလိမ့်မယ်။ သုတေသနလုပ်ငန်း လုပ်နေစဉ်မှာ တကယ့်ကို အသုံးပြုဖို့ အတွက် ICT ကလည်း အထောက်အပံ့အနေနဲ့ လိုအပ်ပါတယ်။ သုတေသနရန်ပုံ ငွေတွေလည်း လိုအပ်မှာဖြစ်ပါတယ်။ တကယ့်ကိုအရည်အချင်းပြည့်ဝတဲ့ Supervisor တွေ ရရှိဖို့ဆိုရင် အဲဒီဆရာ ဆရာမတွေဟာ Research Methodologym လိုဟာမျိုးတွေ၊ Research Management တွေ၊ Research Training တွေကို ရရှိပြီးသားဖြစ်ဖို့လိုပါတယ်။ အဲဒီအတွက်လည်း ပညာရေး ဝန်ကြီးဌာန ကနေပြီးတော့ British Council တို့လို၊ JICA တို့လို အဖွဲ့အစည်းတွေနဲ့လည်း ပူးပေါင်း ပြီးတော့ ဆရာဆရာမတွေကို ပြည်တွင်းမှာ မွမ်းမံသင်တန်းတွေ ပို့ချတာတွေရော ပြည်ပကို စေလွှတ်ပြီး နိုင်ငံခြား ဘွဲ့လွန်သင်တန်းတွေကိုပါ စေလွှတ်လျက်ရှိပါတယ်။ သုတေသန ပြုလုပ်တဲ့အခါမှာ အဓိကသတိထားပြီး လိုက်နာရမယ့်ကျင့်ဝတ်ကတော့ တကယ့်ကို Research Active ပါ။ ဒါကတော့ အလွန်အရေး ကြီးပါတယ်။

 

အစီအစဉ်မှူး။ ။ ဟုတ်ကဲ့ပါ၊ သုတေသနလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက် အောင်မြင်ဖို့ဆိုရင် ဘာတွေ လိုအပ်တယ်လို့ ထင်ပါသလဲ ဆွေးနွေးပေးပါဦး။

 

ဒေါက်တာသိင်္ဂီ။ ။ သုတေသနတွေ ဖွံ့ ဖြိုးတိုးတက်ဖို့ဆိုရင် သုတေသနလုပ်ငန်းဟာ အမြဲတမ်း စဉ်ဆက်မပြတ် လုပ်နေဖို့ အရေးကြီးပါတယ်။ နောက်တစ်ခုက သုတေသနလုပ်ငန်းတွေ ဖွံ့ဖြိုးတိုး တက်တာအပြင် သုတေသနလုပ်တဲ့ ကျောင်းသား ကျောင်းသူတွေ၊ သုတေသနပညာရှင်တွေအတွက် ပြိုင်ပွဲတွေ လုပ်ပေးရမယ်။ ပြပွဲတွေ လုပ်ပေးရမယ်။ နောက်တစ်ခါ သူတို့အတွက်ကို ချီးမြှင့်မှုတွေလည်း လုပ်ပေးဖို့လိုအပ်ပါတယ်။ ပညာရေးဝန်ကြီးဌာန အနေနဲ့ကတော့ တက္ကသိုလ်အလိုက် သုတေသန စာတမ်းဖတ်ပွဲတွေ ပြုလုပ်နိုင်အောင်၊ သုတေသန စာစောင်တွေ၊ သုတေသနဂျာနယ်တွေ ထုတ်ဝေနိုင်အောင် ပံ့ပိုးပေးလျက်ရှိပါတယ်။ ပညာရေး ရန်ပုံငွေတွေကိုလည်း နှစ်စဉ်တိုးမြှင့် ဆောင်ရွက်နေတာကို တွေ့ရပါတယ်။ တက္ကသိုလ်တွေ အနေနဲ့ကလည်း ဒေသန္တရမှာ လိုအပ်တဲ့လိုအပ်ချက်တွေ ပြုလုပ်တဲ့ Research တွေ၊ နိုင်ငံအတွက် လိုအပ်တဲ့ သုတေသန လုပ်ငန်းတွေတင် မကဘဲ နိုင်ငံတကာက လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မယ့် သုတေသန လုပ်ငန်းတွေအထိ ဆက်လက် ဆောင်ရွက်သွားရပါလိမ့်မယ်။ သုတေသနလုပ်ငန်းကို ဆောင်ရွက်တဲ့ အခါမှာ ကျောင်းသား ကျောင်းသူများ သာမကဘဲ ဆရာ၊ ဆရာမတွေကပါ ပူးပေါင်း ဆောင်ရွက် သွားပေးဖို့ လိုအပ်ပါလိမ့်မယ်။

 

အစီအစဉ်မှူး။ ။ သုတေသနဆိုတာက သိပ္ပံဘာသာရပ်ကိုပဲ ဆိုလိုတာလား ဆိုတာကိုလည်း ဆွေးနွေး ပေးပါဦး။

mdn

ဒေါက်တာသန်းသန်းဝင်း။ ။ သုတေသနလို့ ဆိုရာမှာ အခြေခံပညာ ကျောင်းသားတွေရော၊ တက္ကသိုလ်ပညာ သင်ကြားနေကြတဲ့ ကျောင်းသား ကျောင်းသူတွေရော သိနေကြတာက လက်တွေ့ ခန်းမှာပဲလက်တွေ့လုပ်ဆောင်တဲ့ ဘာသာရပ်တွေပဲ သုတေသန လုပ်တယ်လို့ပဲ နားလည်နေကြ တယ်။ ဝိဇ္ဇာဘာသာရပ်တွေမှာ သုတေသနလုပ်တာကို သိရှိနားလည်တဲ့ သူနည်းပါတယ်။ ဘယ်လိုလဲဆိုရင် ဝိဇ္ဇာဘာသာရပ်တွေမှာ သုတေသနလုပ်တယ် ဆိုတာက အခြေခံပညာ ကစပြီးသင်လာတဲ့ ဝိဇ္ဇာဘာသာရပ်တွေကို ကျက်စာတွေဆို ကျက်တာပဲမဟုတ်ဘဲနဲ့ သင်ကြားတဲ့အခါ ငြီးငွေ့မှု မရှိအောင် Assignment တွေပေးမယ်။ ဥပမာဘာသာရပ်နဲ့ သက်ဆိုင်တဲ့ Assignment အတွေပေးလိုက်ပြီးတော့ သူတို့ကို Discussion ပြန်လုပ်ခိုင်းပြီး အခြေခံကနေ ဝိဇ္ဇာဘာသာရပ်ကို စိတ်ဝင်စားလာမယ်။ ဝိဇ္ဇာဘာသာရပ်ထဲမှာပါတဲ့ စီးပွားရေးပညာဘာသာရပ်ကလည်း လက်တွေ့ ခန်းတွေမလိုဘူး။ ဒါပေမယ့် သူတို့ကနေပြီးတော့ လက်ရှိဖြစ်ပေါ်နေတဲ့ စီးပွားရေးအကြောင်းအရာ တွေ၊ စီးပွားရေးရာ အကြောင်းအရာတွေတင် မဟုတ်ဘဲ လူမှုရေးရာ အကြောင်းအရာတွေကို လေ့လာ ဆန်းစစ်ပြီးတော့မှ ရရှိတဲ့အဖြေတွေကို နိုင်ငံတော်ဖွံ့ ဖြိုးတိုးတက်မှု အတွက်လည်း သုံးလို့ရတယ် ဆိုတာကို ကျောင်းသား ကျောင်းသူတွေအားလုံး သိရှိနားလည်ဖို့ လိုပါတယ်။

 

အစီအစဉ်မှူး။ ။ ဟုတ်ကဲ့ပါ။ ဒါဆိုရင်လက်တွေ့ခန်းတွေ မလိုအပ်ဘဲ သုတေသနတွေ လုပ်လို့ရတဲ့ ဘာသာရပ်တွေ တိုးတက်ဖို့ဆိုရင်ရော ဘာတွေများ လိုအပ်ပါသလဲ။

 

ဒေါက်တာသန်းသန်းဝင်း။ ။ လက်တွေ့ခန်း မလိုအပ်ဘူးလို့ပြောတဲ့ ဘာသာရပ်တွေမှာဆိုရင် ဝိဇ္ဇာ ဘာသာရပ်တွေမှာ သူတို့လုပ်ချင်စိတ်ရှိအောင် ဘယ်လိုလုပ်ပေးရမလဲဆိုရင် သင်နေတဲ့အချိန်မှာ ခုနပြောသလို Assignment တွေပေးမယ်။ ပေးမယ့် Assignment တွေအတွက် အချက်အလက် တွေကို ဘယ်ကရနိုင်မလဲ။ စာကြည့်တိုက်တွေ ကနေရနိုင်တယ်။ E-book တွေကနေ ရနိုင် တယ်။ စာကြည့်တိုက်မှာ ဖတ်ရှုပြီးတော့မှ ကိုယ့်ရဲ့အတွေ့အမြင်တွေ အားလုံးကို Class Room ထဲမှာ Discussion တွေ လုပ်ခိုင်းတယ်။ Knowledge Sharing တွေ လုပ်ခိုင်းခြင်းအားဖြင့် အဲဒါက လေ့လာမှုတစ်ခုပဲ၊ သုတေသန တစ်ခုပဲဆိုတာကို သိရှိအောင် သုတေသန လုပ်ဆောင်ဖို့ အစပျိုးပေးလိုက်တဲ့သဘောမျိုးပါ။ သုတေသနအလေ့အကျင့်ကောင်းတွေ ရရှိဖို့ အပြင် ဘာသာရပ်ကိုစိတ်ဝင်စားမှုပိုလာအောင် ဝိဇ္ဇာဘာသာရပ်တွေက ကျက်စာပဲလို့ သိနေတဲ့ အသိစိတ်ကနေပြီးတော့ အခြားလေ့လာဖို့တွေ ရှိသေးတယ်ဆိုတဲ့ ဘာသာရပ်စိတ်ဝင်စားမှု လေးလည်း ဖြစ်ပေါ်လာလိမ့်မယ်။ ပြီးတောလည်း စာကြည့်တိုက် အသုံးပြုမှုအလေ့အကျင့်လည်း ဖြစ်ပေါ်လာမယ်။

 

အစီအစဉ်မှူး။ ။ သုတေသနနှင့် တီထွင်ဆန်း သစ်မှု ဦးစီးဌာနအနေနဲ့ အခြေခံပညာကနေ တက္ကသိုလ်အဆင့်အထိ ကျောင်းသား ကျောင်းသူတွေ သုတေသနလုပ်ငန်းတွေ လုပ်ကိုင်နိုင်အောင် ဘယ်လိုမျိုးတွေ ပံ့ပိုးကူညီ ပေးနေသလဲဆိုတာကိုလည်း ဆွေးနွေးပေးပါဦး။

mdn

ဒေါက်တာဖြူဖြူဝင်း။ ။ အခြေခံပညာအထက် တန်းကျောင်းတွေမှာ ရှိတဲ့ ကျောင်းသူ ကျောင်းသားတွေအတွက် သူတို့စိတ်ဝင်စားနိုင်တဲ့ သုတေသနလုပ်ငန်းတွေကို သိပ္ပံဆိုင်ရာပြပွဲတွေမှာ သွားရောက်ပြသပြီးတော့ သူတို့ရဲ့ စူးစမ်းချင်တဲ့စိတ်တွေကို မြှင့်တင်ပေးတာတွေ ဆောင်ရွက်ပေးပါတယ်။ တက္ကသိုလ် အဆင့်မှာတော့ ကျွန်မတို့ဌာနက ပံ့ပိုးပေးတာ အများကြီးရှိပါတယ်။ နည်းပညာတက္ကသိုလ်တွေ ရော၊ ဝိဇ္ဇာနဲ့ သိပ္ပံတက္ကသိုလ်တွေရော တက္ကသိုလ် အသီးသီးမှာ ပထမနှစ်ကနေစပြီးတော့ နောက်ဆုံး နှစ်အထိ ကျောင်းသား ကျောင်းသူတွေဟာ ကျွန်မတို့ဌာနမှာ သူတို့ရဲ့သုတေသနတွေ စူးစမ်း ဖို့ဆိုပြီး လာရောက်လေ့လာတာ ရှိပါတယ်။ နောက်ဆုံးနှစ်မှာလုပ်ရတဲ့ နှစ်လကနေ သုံးလအထိ လုပ်ရတဲ့ လက်တွေ့ကွင်းဆင်းဆောင်ရွက်ပြီး လက်တွေ့လာလုပ်တာရှိပါတယ်။ သူတို့ရဲ့ PHD နဲ့ မဟာဘွဲ့တွေအတွက်ကိုလည်း ကျွန်မတို့ဆီမှာ သုတေသနကျမ်းပြုတာတွေ လာလုပ်တာရှိပါတယ်။ ဆရာမတို့က ဘာကြောင့် ဒါတွေလုပ်လဲဆိုရင် တက္ကသိုလ်တွေနဲ့ MoU ထိုးထားပါတယ်။ MoU ထိုးထားတဲ့အတွက်၊ သူတို့ရဲ့မဟာဘွဲ့တွေအတွက် ကျမ်းပြုဖို့အတွက် ကျွန်မတို့ဌာနမှာ သုတေသန ဆောင်ရွက်လို့ရသလို ကျွန်မတို့ ဌာနမှာရှိတဲ့ စက်ပစ္စည်း ကိရိယာတွေနဲ့လည်း သူတို့ကို ဓာတ်ခွဲစမ်းသပ်တာတွေကို ပံ့ပိုးကူညီဆောင်ရွက်ပေးနေ ပါတယ်။

 

အစီအစဉ်မှူး။ ။ University Research Institute ပူးပေါင်းလုပ်ကိုင်ရတဲ့ ရည်ရွယ်ချက်ရယ်။ သုတေသနလုပ်မယ့် ဆရာ ဆရာမတွေ၊ ကျောင်းသား ကျောင်းသူတွေရရှိမယ့် အကျိုးကျေးဇူးတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးပေးပါဦး။

 

ဒေါက်တာဖြူဖြူဝင်း။ ။ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့၊ စီးပွားရေး ဖွံ့ဖြိုး တိုးတက်ဖို့အတွက်ဆိုရင် နည်းပညာက အလွန်အရေးကြီးပါတယ်။ နည်းပညာ ဖွံ့ ဖြိုး တိုးတက်ဖို့အတွက်ဆိုရင်လည်း သုတေသနနှင့် ဆန်းသစ်တီထွင်မှုတွေ ဆောင်ရွက်ဖို့ လိုလာတယ်။ ဒါတွေ ဆောင်ရွက်တဲ့အခါမှာ တက္ကသိုလ်တွေ၊ သုတေသနဌာနတွေ၊ စက်မှုလုပ်ငန်းတွေရော ပူးပေါင်းပြီးတော့ ဆောင်ရွက်ဖို့ လိုလာပါတယ်။ ဒါကြောင့် URI Collaboration ဆိုပြီး လုပ်ခြင်းအားဖြင့် တက္ကသိုလ်မှာရှိတဲ့ ပါမောက္ခတွေ၊ ဆရာမ တို့ဆီက သုတေသီတွေ၊ ပညာရှင်တွေ၊ ကုန်ထုတ် လုပ်ငန်းရှင်တွေရောဟာ နိုင်ငံ့အကျိုးပြု သုတေသနလိုလုပ်ငန်းတွေ၊ သူတို့ရဲ့ နိုင်ငံတကာဈေးကွက် ကိုထိုးဖောက်မယ့် စီးပွားရေးလုပ်ငန်းတွေနဲ့ လိုအပ်တဲ့နည်းပညာတွေကို ဆရာမတို့က ပူးပေါင်း ဆောင်ရွက်လိုက်တဲ့အတွက် သုတေသနလုပ်တဲ့ အခါမှာတွေ့ ကြုံရတဲ့ အခက်အခဲတွေ၊ ကုန်ကျ စရိတ်တွေ၊ သုတေသနအသုံးစရိတ်တွေ၊ စက်ပစ္စည်းကိရိယာအတွက် လိုအပ်တဲ့စရိတ်တွေ လျှော့ချနိုင်တယ်။ သုတေသနလုပ်ငန်းတွေကို လျင်လျင်မြန်မြန် ဆောင်ရွက်နိုင်တဲ့အတွက် အဲဒီအတွက်ရည်ရွယ်ပြီး URI Collaboration ကို လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

 

ဖန်တီးနိုင်မှုမြင့်လာမယ်

 

ဒီလို URI Collaboration လုပ်တဲ့ အတွက်ကြောင့် ကျောင်းသူ ကျောင်းသားများအနေနဲ့က သူတို့ဟာ တက္ကသိုလ်ပါမောက္ခတွေရယ်၊ သုတေသနပညာရှင်တွေ၊ ပူးပေါင်းဆောင် ရွက်ရတဲ့အတွက်ကြောင့် အများနဲ့ပူးပေါင်းဆောင် ရွက်တဲ့ Team Work  စွမ်းဆောင်ရည်တွေ မြင့်တက်လာနိုင်တယ်။ သူတို့ရဲ့ သုတေသန အတွက်လိုအပ်တဲ့ Information  တွေ။ ဒီသတင်း အချက်အလက်တွေ ရှာဖွေတဲ့စိတ်တွေ ပိုပြီးတော့ စွမ်းဆောင်ရည်မြင့်လာမယ်။ သူတို့ရဲ့ Idea တွေ၊ ဖန်တီးနိုင်မှုတွေလည်း မြင့်တက်လာမယ်။ သူတို့ကိုယ်သူတို့လည်း လက်တွေ့ လုပ်ဆောင်တဲ့အတွက် အကျိုးကျေးဇူးတွေရလာတာ သိလာတဲ့အခါကျရင် သူတို့ဟာ အပြင်မှာလည်း တကယ့်အတွေ့အကြုံကောင်းတွေ ရလာတဲ့အတွက် သူတို့ဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေ ရှိလာနိုင်တယ်။ နောက်ပြီးတော့ တက္ကသိုလ်ဆရာ ဆရာမများ အနေနဲ့ သူတို့ရဲ့သုတေသန စွမ်းဆောင်ရည်တွေလည်း ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် ပိုပြီးမြင့်မားလာမယ်။ နိုင်ငံတကာအဆင့်မီတဲ့ သုတေသနစာတမ်းတွေကို ဖတ်ကြားနိုင်မယ်။ ရေးသားလာနိုင်မယ်။ သူတို့ရဲ့ သုတေသနလုပ်ခြင်းအားဖြင့် မူပိုင်ခွင့်တွေ ရရှိလာနိုင်မယ်။ ဒါကြောင့်မို့ တက္ကသိုလ်တစ်ခုရဲ့ အဆင့်အတန်းလည်း မြင့်တက်လာနိုင်မယ်ဆိုတဲ့ အကျိုးကျေးဇူးတွေ ရလာနိုင်ပါတယ်။

 

သုတေသနလုပ်ငန်းတွေ ပံ့ပိုးပေးနိုင်

 

ကျွန်မတို့ဌာနကနေ တက္ကသိုလ်ကျောင်းသား ကျောင်းသူတွေအတွက် ပံ့ပိုးပေးနိုင်တဲ့ သုတေသန လုပ်ငန်းတွေက ဘာတွေလဲဆိုရင် ပြန်ပြည့်မြဲ စွမ်းအင်ဆိုင်ရာဖြစ်တဲ့ လေစွမ်းအင်၊ SolarBio Gas ထုတ်တာတို့ ဘက်ထရီတည်ဆောက်ပြီး မီးထွန်းတာမျိုးတွေလည်း ကူညီပံ့ပိုးပေးနိုင်ခဲ့ပါတယ်။ အဲဒီအပြင် အီလက်ထရွန်နစ်နည်းပညာဆိုင်ရာ သုတေသနလုပ်ငန်းတွေကိုလည်း ကူညီပံ့ပိုးပေးနိုင်ပါတယ်။ နောက်ပြီး ဓာတုဗေဒအခြေခံသော စိုက်ပျိုးရေး ထွက်ကုန်တွေဖြစ်တဲ့ စားသောက်ကုန်ပစ္စည်း ထုတ်လုပ်တဲ့လုပ်ငန်းတွေ၊ ဆေးဖက်ဝင် အပင်တွေနဲ့ သုတေသနဆောင်ရွက်တာတွေလည်း ကျွန်မတို့ ကူညီနိုင်ပါတယ်။ ဝါးအလေအလွင့်၊ သစ်အလေအလွင့်ပစ္စည်းတွေကနေ Composis  ထုတ်တာတွေလည်း ကူညီပေးနိုင်ပါတယ်။ Nano  နည်းပညာဆိုင်ရာ သုတေသနလုပ်ငန်းတွေကိုလည်း တက္ကသိုလ်ကျောင်းသား ကျောင်းသူတွေအတွက် စက်ပစ္စည်းတွေရော၊ သုတေသနလုပ်ငန်း တွေမှာရော ကျွန်မတို့က ကူညီပံ့ပိုးပေးနိုင်ခဲ့ပါတယ်။ အခြေခံပညာ အထက်တန်းအဆင့် ကျောင်းသား ကျောင်းသူတွေအတွက်ဆိုရင် ဆရာမတို့ဌာနကနေ ဘယ်လိုတွေ ကူညီပံ့ပိုးပေးနိုင်လဲဆိုရင် သူတို့ရဲ့ Curriculum  မှာ ပါတဲ့ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝ ဗေဒတို့နဲ့ပတ်သက်တဲ့ လက်တွေ့လုပ်ဆောင်ချက်လေးတွေ၊ Equipment တွေ ကူညီပံ့ပိုးပေးနိုင် ပါတယ်။ စဉ်းစားတွေးခေါ်ချင်တဲ့ စိတ်တွေကို မြှင့်တင်ပေးဖို့အတွက် သိပ္ပံပရောဂျက်တွေ၊ သုတေသနလုပ်ငန်းတွေမှာလည်း ဒီကျောင်းသား ကျောင်းသူတွေအတွက်ကို လက်တွေ့ ပြသတာမျိုးတွေ ကူညီပံ့ပိုးပေးနိုင်ပါတယ်။

 

အစီအစဉ်မှူး။ ။ ဟုတ်ကဲ့ပါ။ သုတေသန လုပ်ငန်းတွေကို တက္ကသိုလ် အဆင့်ကနေ နိုင်ငံ့အကျိုးပြုလုပ်ငန်းတွေအထိ ဘယ်လိုမျိုးဆောင်ရွက်ရမလဲဆိုတာ ဆွေးနွေးပေးပါဦး။

mdn

ဒေါက်တာသဲမောင်မောင်။ ။ သုတေသန လုပ်ငန်းတွေကို တက္ကသိုလ်အဆင့်ကနေ နိုင်ငံ့အကျိုးပြုလုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ဆိုရင် ရှေ့က ဆရာကြီး ဆရာမကြီးတွေ ဆွေးနွေးခဲ့တဲ့ သုတေသနလုပ်ငန်း ဆောင်ရွက်ရာမှာ လိုအပ်ချက်တွေ၊ ကြိုးစား ဆောင်ရွက်ရမယ့်ပုံစံတွေ၊ နိုင်ငံတကာနဲ့ ဆိုင်တဲ့ ချိတ်ဆက်ဆောင်ရွက်မှုတွေကို ဆွေးနွေးတင်ပြ ခဲ့ပါတယ်။ အဲဒီ အချက်အလက်တွေအတိုင်း ကြိုးစားဆောင်ရွက်ရမှာဖြစ်ပြီးတော့ တက္ကသိုလ် မှာရှိတဲ့ ဆရာမတွေကနေပြီးတော့ ပထမဆုံး သုတေသနလုပ်ငန်းတွေကို ဆောင်ရွက်ရတာ ဖြစ်ပါတယ်။ အဲဒီမှာ ကျောင်းသားကျောင်းသူ တွေက ပူးပေါင်းပါဝင်ပြီးတော့ လွတ်လပ်စွာ တီထွင်ဖန်တီးခွင့်တွေ၊ တွက်ချက်ပြီးတော့ နှိုင်းယှဉ် လေ့လာချက်တွေနဲ့ လက်တွေ့တည်ဆောက်မှု လုပ်ငန်းတွေကနေ စတင်ပြီး ဆောင်ရွက်ရတာ ဖြစ်ပါတယ်။ သုတေသနခေါင်းစဉ်တွေကို ရွေးချယ်ရာမှာလည်း ရှေ့ကဆရာ ဆရာမကြီးတွေ ဆွေးနွေး ခဲ့သလိုပဲ နိုင်ငံအတွက် လိုအပ်တဲ့အကျိုးပြုလုပ်ငန်းတွေ ဆောင်ရွက်နိုင်တဲ့ သုတေသနခေါင်းစဉ်တွေ၊ ဒေသ္တရအကျိုးပြုလုပ်ငန်းတွေ ဆောင်ရွက်နိုင်မယ့် သုတေသနခေါင်းစဉ်တွေကို ရွေးချယ်ရမှာဖြစ် တဲ့အပြင် နိုင်ငံတကာနဲ့ အဆက်မပြတ်ဖွံ့ ဖြိုး တိုးတက်နေတဲ့ နည်းပညာတွေကို လက်လှမ်းမီဖို့ အတွက်ဆိုရင်လည်း မျက်ခြည်မပြတ်သုတေသန လုပ်ငန်းတွေကို ဆောင်ရွက်ရမှာဖြစ်ပါတယ်။

 

အကျိုးပြုလုပ်ငန်းတွေမှာ ဆောင်ရွက်လျက်ရှိ

 

နောက်တစ်ခုကတော့ သုတေသနဆိုင်ရာ လုပ်ငန်းအတွက် ခေါင်းစဉ်တွေရွေးချယ်တဲ့အခါမှာ လည်း ဘက်ပေါင်းစုံပြည့်စုံတဲ့ သုတေသန ခေါင်းစဉ်တစ်ခုဖြစ်ဖို့ဆိုရင် အထူးပြုဘာသာရပ် တစ်ခုတည်းနဲ့ မလုံလောက်ပါဘူး။ မိမိတက္ကသိုလ် မှာရှိတဲ့၊ အခြားဌာနတွေမှာရှိတဲ့ အထူးပြုဘာသာ ရပ်တွေနဲ့ ပူးပေါင်းပြီးတော့ ဆောင်ရွက်မယ်ဆိုရင် ဘက်ပေါင်းစုံပြည့်စုံတဲ့ သုတေသနတစ်ခုဖြစ်ပြီးတော့ နိုင်ငံအကျိုးပြုလုပ်ငန်းတွေဆောင်ရွက်နိုင် မှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသတက္ကသိုလ် မောင်းသူမဲ့လေယာဉ် သုတေသနဌာနအနေနဲ့ကတော့ မောင်းသူမဲ့ လေယာဉ်တွေကို ကိုယ်ပိုင်ဒီဇိုင်းရေးဆွဲပြီးတော့ မောင်းသူမဲ့လေယာဉ်အမျိုးအစား ခုနစ်မျိုးကို တည်ဆောက်ပြီး အောင်မြင်စွာနဲ့ အကျိုးပြု လုပ်ငန်းတွေဆောင်ရွက်လျက်ရှိပါတယ်။ အင်ဂျင် ပါဝါတပ်တဲ့ မောင်းသူမဲ့လေယာဉ်တွေ၊ Survey တိုင်းတာနိုင်တဲ့ မောင်းသူမဲ့လေယာဉ်တွေ၊ စိုက်ပျိုး ရေးလုပ်ငန်းအတွက် အသုံးချနိုင်တဲ့ ဆေးဖျန်းသုံး မောင်းသူမဲ့လေယာဉ်တွေ၊ စိုက်ပျိုးရေးရဲ့ သီးပင် တွေကို လေ့လာနိုင်တဲ့ ကင်မရာတပ်ဆင်ထားတဲ့ မောင်းသူမဲ့လေယာဉ် အမျိုးအစားတွေကို တီထွင် စမ်းသပ်တည်ဆောက်ပြီးတော့ အကျိုးပြုလုပ်ငန်း တွေမှာ ဆောင်ရွက်လျက်ရှိပါတယ်။

ကျွန်တော်တို့ သုတေသနဌာနအနေနဲ့ ကတော့ ဝန်ကြီးဌာနရဲ့ အားပေးမှုနဲ့အတူ ဆောင်ရွက်လာတာဆိုရင် မြန်မာနိုင်ငံမှာ ပထမဆုံးမောင်းသူမဲ့စနစ်နဲ့ မိုင် ၂၀ ကို စမ်းသပ်မောင်းနှင်ပျံသန်း နိုင်ခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်ကနေစပြီးတော့ အကျိုးပြုလုပ်ငန်းတွေနဲ့ လျှပ်စစ်ဝန်ကြီးဌာနအတွက် လိုအပ်တဲ့ ၅၀ဝ ကေဗွီဓာတ်အားလိုင်း တည်ဆောက်မှု တောင်ငူ ကနေ ဘုရားကြီး ၁၉၂ ကီလိုမီတာအကွာအဝေးကို မောင်းသူမဲ့လေယာဉ် ပျံသန်းပြီး ကောင်းကင် ဓာတ်ပုံရိုက် Servey  တိုင်းတာပြီး မြေပုံထုတ်တဲ့ လုပ်ငန်းတွေ ဆောင်ရွက်ပါတယ်။ မောင်းသူမဲ့ လေယာဉ်နဲ့မြေပုံထုတ်တဲ့လုပ်ငန်းတွေ ဆောင်ရွက်တဲ့ဟာက နည်းပညာအသစ်ဖြစ်ပြီးတော့ နိုင်ငံမှာလည်း မောင်းသူမဲ့လေယာဉ်တွေ အသုံးချပြီးတော့ Detail တွေ၊ Mapping  တွေ ထုတ်လုပ်လျက်ရှိပါတယ်။ ပုံမှန်အားဖြင့် လူနဲ့တိုင်းတာမယ်ဆိုရင်တော့ ရရှိလာမယ့်မြေပုံတွေဟာ တိကျမှုနည်းမယ်၊ ကုန်ကျစရိတ်တွေများမယ်၊ လူအင်အားတွေ အများ ကြီးအသုံးချရမှာ ဖြစ်ပါ တယ်။ အချိန်တွေလည်း ကုန်မှာဖြစ်ပါတယ်။ မောင်းသူမဲ့လေယာဉ်တွေ အသုံးချပြီးတော့ မြေပုံတိုင်းတာတဲ့အခါမှာ အချိန်တိုအတွင်းမှာပဲ တိကျတဲ့ Detail တွေ၊ Mapping  တွေရရှိမှာ ဖြစ်ပါတယ်။ ဒီနည်းပညာအသစ် တွေကိုလည်း တီထွင်ပြီး စမ်းသပ်ပြီးတော့ အကျိုး ပြုလုပ်ငန်းတွေမှာ ဆောင်ရွက်ပေးလျက်ရှိပါတယ်။

၂၀၁၆ ပုဂံငလျင်မှာ ဆိုရင်လည်း ပုဂံညောင်ဦးဧရိယာကြီး တစ်ခုလုံးကို သာသနာရေး ဝန်ကြီးဌာနက ပညာရေးဝန်ကြီးဌာနကို အကူအညီတောင်းပြီး ကျွန်တော်တို့တက္ကသိုလ်ကနေ သွားရောက်ပြီးတော့ Survey တိုင်းတာခြင်း၊ Damage Assessment  လုပ်ငန်းတွေအတွက်၊ World Heritage လုပ်ငန်းတွေအတွက် ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။ ဆက်လက်ပြီးတော့ လည်း INGO အဖွဲ့အစည်းတွေနဲ့ ပတ်သက် ပြီးတော့ FAO နဲ့ ပူးပေါင်းပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအတွက် မောင်းသူမဲ့လေယာဉ်လေးစင်း တည်ဆောက်ပြီး တော့ Survey တိုင်းတာခြင်းနဲ့ သီးနှံဖွံ့ ဖြိုးရေး လုပ်ငန်းတွေအတွက် တည်ဆောက်ပြီး သင်တန်း ပေးတာတွေ ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။ လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီးတော့ သဘာဝဘေးအ္တရာယ်ဆိုင်ရာ လုပ်ငန်းတွေမှာ လည်း ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။ FAO နဲ့ ညှိပြီး ကျွန်တော်တို့ဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနတွေနဲ့ ပူးပေါင်းပြီး မကွေးတိုင်း ဒေသကြီး၊ ချင်းပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး စတဲ့ ရေဘေးသင့်ဒေသတွေ၊ မြေပြိုတဲ့ ဒေသတွေမှာ မောင်းသူမဲ့ လေယာဉ်အသုံးချပြီးတော့ Damage Assessment  လုပ်တဲ့ လုပ်ငန်းတွေနဲ့ သဘာဝဘေးအ္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းတွေမှာ မောင်းသူမဲ့လေယာဉ်တွေကို အသုံးချပြီးတော့ ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။ ဆောက်လုပ်ရေး ဝန်ကြီးဌာနအတွက်လည်း တံတားတည်ဆောက်ရေးလုပ်ငန်းတွေ၊ လမ်းအူကြောင်း ရှာဖွေရေးလုပ်ငန်းတွေ ဆောင်ရွက်ပေး နိုင်ခဲ့ပါတယ်။

လက်ရှိဆောင်ရွက်နေတာကတော့ မန္တလေး စည်ပင်သာယာရေး ကော်မတီကနေပြီးတော့ ပညာရေးဝန်ကြီးဌာနကို အကူအညီတောင်းခံမှု နဲ့ မန္တလေးတစ်မြို့လုံး ဧက ၄၈၀ဝ၀ ကျော်ကို မောင်းသူမဲ့လေယာဉ် အသုံးချပြီးတော့ မြေပုံထုတ် ပါတယ်။ မြေပုံထုတ်ပြီးရရှိလာတဲ့ မြေပုံကနေတစ်ဆင့် စည်ပင်သာယာနဲ့ ဆိုင်တဲ့အချက်အလက်တွေ၊ ရေသွင်းရေထုတ်နဲ့ ဆိုင်တဲ့အချက်အလက်တွေ၊ Smart City  နဲ့ ဆိုင်တဲ့ အချက်အလက်တွေ၊ e-Government နဲ့ဆိုင်တဲ့အချက်အလက်တွေ ရရှိမှာဖြစ်ပါတယ်။ ဒါကြောင့် တက္ကသိုလ်အဆင့် သုတေသနလုပ်ငန်းတွေကနေတစ်ဆင့် အကျိုးပြုလုပ်ငန်းတွေကို ဆောင်ရွက်တဲ့အခါမှာ ရှေ့က ဆရာ ဆရာမကြီးတွေ တင်ပြခဲ့သလို လိုအပ်တဲ့ ကြိုးစားဆောင်ရွက်မှုတွေကို အထူးကြိုးစား ဆောင်ရွက်ပြီးတော့ ရရှိလာမယ့် သုတေသန ထုတ်ကုန်တွေကို နိုင်ငံ့အကျိုးပြုလုပ်ငန်းတွေအတွက် ကြိုးစားဆောင်ရွက်နေတာကို တင်ပြလိုပါတယ်။

ကျွန်တော်တို့ရဲ့ သုတေသနလုပ်ငန်းတွေ၊ သုတေသနဆောင်ရွက်ထားတဲ့ မောင်းသူမဲ့ လေယာဉ်တွေကို အစိုးရဝန်ကြီးဌာနတွေအပြင် ပြည်တွင်း ပြည်ပအဖွဲ့အစည်း၊ ကုမ္ပဏီတွေနဲ့ ပူးပေါင်းပြီး ဆောင်ရွက်ပါတယ်။ အဲဒီလိုဆောင် ရွက်တဲ့အခါမှာ PPP စနစ်နဲ့ ဆောင်ရွက်ခဲ့တဲ့ လုပ်ငန်းတွေရှိပါတယ်။ ပရောဂျက်လုပ်ငန်းတွေ ကနေတစ်ဆင့်လည်း နိုင်ငံ့အတွက် ဘဏ္ဍာငွေ များကို သုတေသနလုပ်ငန်းကနေပြီး ထည့်ဝင်ပေး နိုင်ခဲ့ပါတယ်။

 

အစီအစဉ်မှူး။ ။ ဟုတ်ကဲ့ပါ။ ဒီကနေ့ဆွေးနွေး ချက်တွေထဲကနေ ပြီးတော့ ဖြည့်စွက်ဆွေးနွေး လိုတာရှိရင်လည်း ဆွေးနွေးပေး ပါဦး။

 

ဒေါက်တာသိင်္ဂီ ။ ။ တက္ကသိုလ်အဆင့် တောင် မကဘဲနဲ့ အခြေခံကနေ စပြီး တော့ ကျောင်းသား ကျောင်းသူတွေအားလုံး အတွက် Eye Research Support Center ပေါ်ပေါက်လာစေချင်ပါတယ်။ နောက်တစ်ခုက ပြည်တွင်းကနေရရှိတဲ့ ရန်ပုံငွေတွေတင်မကဘဲ ပြည်ပကပါ သုတေသနရန်ပုံငွေတွေကို တောင်းခံလာနိုင်မယ့် Research ကော်မတီတွေကိုလည်း ဖွဲ့စည်းစေချင်ပါတယ်။ နောက်ဆုံးတစ်ခုကတော့ တစ်နိုင်ငံလုံးမှာရှိတဲ့ သုတေသနလုပ်ငန်းတွေ ကနေ စုစုစည်းစည်းနဲ့ အင်ပြည့်အားပြည့် ဆောင်ရွက်နိုင်ဖို့ National Research Council  လိုမျိုး ပေါ်ပေါက်လာစေချင်ပါ တယ်။ အစီအစဉ်မှူး။ ။ ဟုတ်ကဲ့ပါ။ ကျေးဇူးအထူးတင်ပါတယ်။

 

နိုင်လင်းကြည်