ကော့သောင်းမြို့ အပြည်ပြည်ဆိုင်ရာနယ်စပ်ဂိတ်တွင် မြန်မာ-ထိုင်း နှစ်ဘာသာဖြင့် ပန်းခင်းစီမံချက် အသိပေးမြေစိုက်ပိုစတာစိုက်ထူ

ကော့သောင်း၊ ဒီဇင်ဘာ ၂၀

 

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့၏ အပြည်ပြည်ဆိုင်ရာနယ်စပ်ဂိတ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ နိုင်ငံတစ်ဝန်း စီမံချက်ချဆောင်ရွက်ပေးလျက်ရှိသည့် ပန်းခင်းစီမံချက် အသိပေးပိုစတာအား ထိုင်း-မြန်မာ နှစ်ဘာသာဖြင့် ရိုက်နှိပ်ဖေါ်ပြကာ ဒီဇင်ဘာ ၁၉ ရက် ညနေပိုင်းက မြို့၏ အသွားအလာများပြားရာ၊ ကမ်းနားလမ်း၊ နယ်စပ်ဖြတ်ကျော်စစ်ဆေးရေးဂိတ်တွင် စိုက်ထူခဲ့ကြောင်း သိရသည်။

 

ကော့သောင်းမြို့သည် ထိုင်း-မြန်မာနယ်စပ်မြို့ ဖြစ်သည်နှင့်အညီ ထိုင်းနိုင်ငံတစ်ဝှမ်း သွားရောက်အလုပ်လုပ်ကိုင်လျက်ရှိသည့် မြန်မာနိုင်ငံသားများ ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ကိုင်ဆောင်နိုင်ရေး စီမံချက်ကာလအတွင်း အချိန်မီ ပြန်လည်လာရောက် ပြုလုပ်နိုင်ကြစေရန် ရည်ရွယ်ကြောင်း သိရသည်။

 

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှ နိုင်ငံတစ်ဝန်း မြန်မာနိုင်ငံသား တိုင်းရင်းသားများနှင့် ဥပဒေအရ နိုင်ငံသားများအား  ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးနိုင်ရေး ပန်းခင်းစီမံချက်ဖြင့် ၂၀၂၁ ခုနှစ်၊ မေ ၃ ရက်မှ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၃ ရက်အထိ (၁၈)လကြာ အချိန်ယူကာ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးအတွင်း မြို့နယ်များတွင် ၂၀၂၁ ခုနှစ် မေလမှစတင်ကာ သက်ဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးများတွင် ဆောင်ရွက်ပေးလျက်ရှိကာ ဆက်လက်၍ ရပ်ကွက်နှင့်ကျေးရွာ အုပ်စုများအထိ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယခုစိုက်ထူသည့် ဘာသာစကားနှစ်မျိုးဖြင့် အသိပေးနှိုးဆော်ထားသည့် ပိုစတာအား နယ်စပ်မြို့ဖြစ်သည်နှင့်အညီ ထိုင်းနိုင်ရောက် မြန်မာနိုင်ငံသားများ နှင့် မြို့နေပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေး  စိုက်ထူခြင်းဖြစ်ကြောင်း သိရသည်။

 

ကျော်စိုး(ကော့သောင်း)