ကျေးလက်နေပြည်သူများထံ အိမ်တိုင်ရာရောက် ဟင်းသီးဟင်းရွက်မျိုးစေ့များ အခမဲ့ဖြန့်ဝေ

မိုင်းကိုင်   ၂၁      မေ       

 

ရှမ်းပြည်နယ်တောင်ပိုင်း  မိုင်းကိုင်မြို့နယ်အတွင်း  မိုးရာသီကာလ၌ ကျေးလက်နေပြည်သူများ ဟင်းသီးဟင်းရွက်များကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးနိုင်ရန်အတွက်  ယနေ့ နံနက်ပိုင်းက  မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ  မြို့နယ်ဦးစီးမှူး ဦးရဲသွေးကျော်နှင့် ဝန်ထမ်းများသည် ဝမ်ဟွေအွမ် ကျေးရွာအုပ်စု၊ လွိုင်ရှို့ကျေးရွာသို့ ကွင်းဆင်း၍ ကျေးလက်နေပြည်သူများထံ  ဟင်းသီးဟင်းရွက် မျိုးစေ့များကို  အိမ်တိုင် ရာရောက်  အခမဲ့ လိုက်လံဖြန့်ဝေ ပေးလျက်ရှိကြောင်း  သိရှိရသည်။

 

ထို့သို့ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းများ၌  အထောက်အပံ့ ဖြစ်စေရန် ရည်ရွယ်၍ ဈေးအတွင်း  သွားရောက်ဝယ်ယူရန်မလိုပဲ မိမိတို့နေအိမ်တွင် နေထိုင်ပြီး  စိုက်ပျိုးလိုသော  ဟင်းသီးဟင်းရွက်များကို စိုက်ပျိုးနိုင်ရန် ၊ ကျေးလက်နေပြည်သူများ စားဝတ်နေရေး  အဆင်ပြေစေရန်၊ ကျေးရွာအတွင်း  တစ်အိမ်နှင့်တစ်အိမ် ဟင်းသီးဟင်းရွက်များ မျှဝေစားသုံးနိုင်ရန် အတွက် ကျေးရွာ ပေါင်း(၁၀)ရွာမှ ကျေးလက်နေပြည်သူများအား ချဉ်ပေါင်၊ ငရုတ်၊ ကန်စွန်း ၊ မှုန်ညင်း အမျိုးမျိုး၊ ဘူး၊ ဖယုံ၊သခွား၊ ပဲအမျိုးမျိုး၊ ကြက်ဟင်းခါးသီးနှင့် အခြားသော ဟင်းသီးဟင်းရွက် မျိုးစေ့များကို  မိုးဦးကာလအတွင်း    အခမဲ့ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း   သိရှိရသည်။

 

နန်းလှိုင်လှိုင်ဦး(မိုင်းကိုင်)