ခွဲခြားဆက်ဆံမှုကင်းစင်ရေး တန်းတူညီမျှရေးအခြေခံ

၁၈ ဒီဇင်ဘာ

လူ့ကမ္ဘာကြီးက မတူကွဲပြား ခြားနားမှုမျိုးစုံဖြင့် ဖွဲ့စည်းထား၏။ နိုင်ငံများ၏ ဖွဲ့စည်းထားကြပုံ ရေမြေအနေအထား သဘာဝပတ်ဝန်းကျင်၊ ထိုနိုင်ငံများတွင် နေထိုင်ကြသော မတူခြားနားသည့် လူမျိုးစုံ၊ တိုင်းရင်းသားစုံ၊ အယူအဆစုံ၊ ယုံကြည်မှုအစုံ စသည်ဖြင့် ရှင်သန်နေထိုင်နေကြသည်။

သည်လို မတူညီမှုများကြားထဲက ညှိနှိုင်းကြ၊ ငြင်းခုံကြ၊ ပြေလည်ကြ၊ စစ်ဖြစ်ကြ၊ ငြိမ်းချမ်းရေးယူကြ သည်လိုပဲ နေခဲ့ကြသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ။ မည်သို့ပင် မပြေလည်ကြ၊ မတူညီကြ၊ ငြင်းခုံကွဲလွဲနေကြသည်ဖြစ်သော်လည်း ငြိမ်းချမ်းစွာ အတူနေထိုင်ခြင်း၏ တန်ဖိုးကိုတော့ သိကြသည်သာ။

ယင်းသို့သော အနေအထားတွင် လူသားချင်း တန်းတူညီမျှ ဆက်ဆံကြရေး၊ ခွဲခြားဆက်ဆံမှုကင်းဝေးရေးကို အထူးအလေးထား နေထိုင်ကြခြင်းဖြင့် ငြိမ်းချမ်းရေးဆီသို့ ဦးတည်နိုင်မည်ဟုလည်း ယုံကြည်ကြသည်။ ထို့ကြောင့်ပင် လူ့အခွင့်အရေးစံနှုန်းများကို နိုင်ငံတကာရင်ပြင်တွင် ရှေ့တန်းတင် ပြောဆိုနေကြရခြင်းဖြစ် ပေသည်။

အမှန်တော့ လူမှုအဖွဲ့အစည်းအတွင်း၌ ခွဲခြားဆက်ဆံသည် ဆိုခြင်းက ပုံစံမျိုးစုံဖြင့် ရှိခဲ့ကြသည်။ ထိုသို့သော ခွဲခြားဆက်ဆံမှုများကို မလိုလားဘူးဟု ကြွေးကြော်နေသူတို့ကိုယ်တိုင်ပင်မသိလိုက် ဘဲ ခွဲခြားဆက်ဆံနေမှုများက ရှိနေမိကြသည်။

မည်သို့ဆိုစေ နှစ်ဆယ်ရာစု ခေတ်လယ်ပိုင်းတွင်မူ ခွဲခြားဆက်ဆံမှုကို မလိုလားသည့်ယဉ်ကျေးမှုတန်ဖိုး သိသိသာသာ မြင့်မားလာသည်နှင့်အမျှ ကျားရယ်၊ မရယ် ဟူသည့် လိင်ခွဲခြားဆက်ဆံမှု၊ ဖြူသည်၊ မည်းသည်၊ ဝါသည် ဟူသည့် အသားအရောင် ခွဲခြား ဆက်ဆံမှု၊ ချောသည်၊ အကျည်းတန်သည် ဟူသည့် ရုပ်ရည်ပြေပြစ်မှု အပေါ် ခွဲခြားဆက်ဆံမှု၊ လူမျိုးဘာသာယုံကြည်မှု မတူညီသည့် အပေါ်ခွဲခြားဆက်ဆံမှု စသည့် မည်သို့သော ခွဲခြားဆက်ဆံမှုမျိုးကိုမဆို ဆန့်ကျင်လာကြသည်။

လူသည် လူသာလျှင်ဖြစ်၏။ အထက်ဖော်ပြပါ ခွဲခြားဆက်ဆံ မှုတို့ဟူသည် မွေးဖွားစဉ်ကတည်းက ပါလာသော၊ တစ်နည်းအားဖြင့် ကာယကံရှင်၏ ပယောဂမပါခဲ့ဘဲ ပါခဲ့သည်ဆိုလျှင်လည်း ပြုခဲ့ဖူးသည့် အတိတ်ကုသိုလ်ကံဟုသာ ဆိုနိုင်မည့် မွေးရာပါများ ဖြစ်လေသည်။ ကျားရယ်၊ မရယ်ဟု မိမိဖြစ်ချင်သလို ဖြစ်လို့မရ၊ ကျား ဖြစ် လိုသည့် သို့မဟုတ် မ ဖြစ်လိုသည့် မွေးရာပါသန္ဓေနှင့် မွေးဖွားလာသည့် ဗီဇသဘာဝကို လိုချင်သည်ဖြစ်စေ၊ မလိုချင်ဘူးဖြစ်စေလက်ခံရသည်။ ဖြူချင်သည်၊ မည်းချင်သည်၊ ဝါချင်သည်၊ ချောချင်သည်။ လှချင်သည်ရယ်လို့ တောင်းဆိုလို့မရ၊ မည်သည့်လူမျိုး၊ မည်သည့် ဘာသာ မည်သည့်ယုံကြည်ကိုးကွယ်မှု အသိုင်းအဝိုင်းကြားတွင် မွေးဖွားချင်သည်၊ မည်သည့်နိုင်ငံသားအဖြစ် မွေးဖွားချင်သည်ဟူ၍ ရွေးချယ်ချင်လို့မရ။ ထိုသို့ မိမိရွေးချယ်နိုင်ခွင့်မရှိဘဲ ရရှိသည်ကို လက်ခံလိုက်ရသည့် သဘာဝကပေးအပ်သော မိမိ၏ဘဝကို ငြင်းပယ်လို့ မရ။ ထိုငြင်းပယ်လို့မရဘဲ လက်ခံခဲ့ကြသည့် မွေးရာပါ လူ့သဘာဝများကို ခွဲခြားဆက်ဆံချင်လို့မရ။

ယဉ်ကျေးမှုအဆင့် မြင့်မားလာသည်နှင့်အမျှ လူအချင်းချင်းကို တန်းတူညီမျှ ဆက်ဆံကြရမည်။ ခွဲခြားဆက်ဆံမှုများကို ဆန့်ကျင် ကြရမည်ဟူသည့် အယူအဆများက ပြင်းထန်ဆူညံစွာ ပေါ်ထွက်လာ ခဲ့ရာမှ “အလုပ်အကိုင်၊ အိုးအိမ်နေရာချထားမှုနှင့် အများပြည်သူအတွက် အထောက်အပံ့ပေးမှုများတွင် လူမျိုးမခွဲခြားရေး ” ကို ၁၉၆၀ ပြည့်နှစ်များတွင် စည်းမျဉ်းတို့ဖြင့်တိတိကျကျ စတင်ရေးဆွဲလာခဲ့ပြီး တိုင်းရင်းသားလူမျိုးစုဆိုင်ရာ ခွဲခြားဆက်ဆံမှုဆန့်ကျင်ရေးဥပဒေကို ၁၉၆၅တွင်စတင်ပြဋ္ဌာန်းနိုင်လာခဲ့သည်။ ၁၉၇ဝ ပြည့်နှစ် ကာလများ တွင် ခွဲခြားဆက်ဆံမှုဆန့်ကျင်ရေးဥပဒေအဖြစ် ပိုမိုကျယ်ပြန့်လာ ခဲ့လေသည်။

လိင်၊ အသားအရောင်၊ လူမျိုး၊ ဘာသာ၊ စိတ်ကျန်းမာရေး၊ ကိုယ်ခန္ဓာမသန်စွမ်းမှု စသည်တို့သာမက လူတစ်ဦးချင်းစီ၏ နိုင်ငံရေး ဆိုင်ရာ သဘောထားခံယူချက်တို့အထိ ခွဲခြားဆက်ဆံမှု မပြုခြင်းဖြင့် လူ့အခွင့်အရေးကို မြင့်မားအောင် လှုံ့ဆော်နိုင်ခဲ့ကြလေသည်။ ဤ သည်တို့သည်ပင် လူ့အခွင့်အရေး ဒီမိုကရေစီရေးတို့၏ အခြေခံများ အဖြစ်လည်း မှတ်ယူကျင့်သုံးလာကြပေသည်။

မိမိနှင့် မတူညီ၊ သဘောမကိုက်ညီ ဆိုရုံမျှဖြင့် ဆဲဆို ပြစ်တင် ဖယ်ကြဉ်ခြင်းကအစ ဖြူလို့၊ မည်းလို့၊ ချောလို့၊ အကျည်းတန်လို့၊ ဘာသာမတူလို့၊ လူမျိုးမတူလို့ ဟူ၍ ခွဲခြားဆက်ဆံမှုကင်းကြရန် လိုပြီ။တန်းတူညီမျှမှုကို တန်ဖိုးထားသော လူမှုအဖွဲ့အစည်းဖြစ်ရေးကို ဝိုင်းဝန်းတည်ဆောက်ကြပါစို့ ။ ။

မြန်မာ့အလင်း