ချစ်ကြည်ရင်းနှီးစွာလက်တွဲ  နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကြိုးပမ်း

မျက်မှောက်ကာလတွင် မြန်မာနိုင်ငံ၌ ပြည်တွင်း၊ ပြည်ပမှ အမျိုးမျိုးအဖုံဖုံ ဖိအားပေးနှောင့်ယှက်ဖျက်ဆီးမှုများ ပြုလုပ်နေသည်ကို တွေ့ရမည်ဖြစ်သည်။ အထူးသဖြင့် မြန်မာနိုင်ငံ၌ နိုင်ငံရေးအပြောင်းအလဲ ဖြစ်ပေါ်ခဲ့သည်ကို မလိုလားသော အနောက်နိုင်ငံများက အစိုးရဆန့်ကျင်သူများအား ထောက်ခံအားပေးခြင်း၊ မြန်မာနိုင်ငံအပေါ် ဖိအားအမျိုးမျိုးပေးခြင်းတို့ကို ပြုလုပ်နေကြသည်။

 

အနောက်နိုင်ငံများက မြန်မာနိုင်ငံအပေါ် ဖိအားပေးမှုများ၊ အရေးယူပိတ်ဆို့မှုများ ပြုလုပ်ခဲ့သည်မှာ ယခုကာလမှသာ မဟုတ်ပေ။ ၎င်းတို့မူဝါဒနှင့်မကိုက်ညီသော အစိုးရတစ်ရပ် နိုင်ငံ့တာဝန်ယူတိုင်း ဖိအားပေးပိတ်ဆို့မှုများ ပြုလုပ်ခဲ့ကြသည်။ နိုင်ငံတစ်နိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများ ပြုလုပ်ခြင်းသည် တည်ဆဲအစိုးရ အခက်အခဲ အကျပ်အတည်းဖြစ်အောင် တစိုက်မတ်မတ်ပြုလုပ်နေခြင်းဖြစ်သည်ကို တွေ့ရမည်ဖြစ်သည်။

 

အရေးယူပိတ်ဆို့မှုများပြုလုပ်ခြင်းသည် အစိုးရတစ်ရပ်အပေါ် အကျိုးသက်ရောက်မှုမရှိပေ။ အမှန်တကယ် တိုက်ရိုက် ထိခိုက်မှုရှိသည်မှာ ပုဂ္ဂလိကစီးပွားရေး လုပ်ငန်းရှင်များနှင့် ပြည်သူများသာဖြစ်ပေသည်။ စီးပွားရေးတွင် အမေရိကန် ဒေါ်လာကို အလွယ်တကူ သုံးစွဲ၍မရခြင်း၊ ငွေလွှဲပြုလုပ်၍မရခြင်း၊ မြန်မာနိုင်ငံသား စီးပွားရေးလုပ်ငန်းရှင်များ အခက်အခဲဖြစ်ပေါ်ခြင်း၊ အရေးယူပိတ်ဆို့မှုကြောင့် စက်ရုံ၊ အလုပ်ရုံများ ပိတ်သိမ်းသွားခြင်း၊ စက်ရုံ၊ အလုပ်ရုံများ ပိတ်သိမ်းသွားခြင်းကြောင့်  မြန်မာနိုင်ငံသားများ  အလုပ်အကိုင် အခွင့်အလမ်းများ  ဆုံးရှုံးခြင်းတို့ တွေ့ကြုံကြရသည်။

 

စီးပွားရေးပိတ်ဆို့မှုများသည်   အနောက်နိုင်ငံများ၏   နိုင်ငံရေးမူဝါဒအရ ဆောင်ရွက်နေခြင်းဖြစ်ပြီး ငွေကြေး၊ စီးပွားရေးဆိုင်ရာတို့တွင် အဆင်မပြေမှုများရှိသည်။ သို့သော် ဒေသတွင်းနိုင်ငံများ၊  အိမ်နီးချင်းနိုင်ငံများနှင့်မူ   မိတ်ဝတ်မပျက်၊ အခင်အမင်မပျက် ကူးလူးဆက်နွှယ်ဆက်ဆံလျက်ရှိသည်။ စီးပွားရေးတွင် အနောက်နိုင်ငံများနှင့် အဆင်မပြေသော်လည်း အိမ်နီးချင်းနိုင်ငံများနှင့် စီးပွားရေးပိုမိုကောင်းမွန်လာခဲ့သည်။ လက်တွေ့တွင်လည်း မြန်မာနိုင်ငံအနေဖြင့် အနောက်နိုင်ငံများနှင့် ထုတ်ကုန်၊ ပို့ကုန်များကို အများဆုံးတင်သွင်းဖြန့်ဖြူးခြင်းမရှိဘဲ အိမ်နီးချင်းနိုင်ငံများနှင့်သာ ပို၍အဓိကအားထား လုပ်ကိုင်လျက်ရှိသည်။ ထို့ကြောင့် အနောက်နိုင်ငံများ၏ ရင်းနှီးမြှုပ်နှံမှုများမှာ လျော့ကျသွားသည်။

 

မြန်မာနိုင်ငံသည် ပထဝီနိုင်ငံရေးအရ နိုင်ငံကြီးနှစ်နိုင်ငံကြား၌ အရေးပါသော နိုင်ငံအဖြစ် ရပ်တည်နေခြင်း၊ သယံဇာတပေါများခြင်း၊ စီးပွားရေးနှင့်ကုန်သွယ်မှုတွင် အချက်အချာကျခြင်း၊   အထူးသဖြင့်  တရုတ်နိုင်ငံနှင့်  ရင်းနှီးချစ်ကြည်မှုရှိပြီး စီးပွားရေးတွင် အပြန်အလှန်မှီခိုအားထားရခြင်း၊ တရုတ်နိုင်ငံ၏ တစ်နေ့တခြား အင်အားကြီးထွားလာမှုနှင့် လွှမ်းမိုးလာနိုင်မှုများကို  စိုးရိမ်ပူပန်ခြင်း စသည့်အရေးပါသော အချက်များရှိသည်။  ထို့ကြောင့်  ၎င်းတို့မူဝါဒနှင့်  မကိုက်ညီသော အစိုးရများ  နိုင်ငံ့တာဝန်ယူပါက အမျိုးမျိုးအဖုံဖုံ ဖိအားပေးခြင်း၊ နှောင့်ယှက်ခြင်း၊ အကျပ်ကိုင်ခြင်းများ ပြုလုပ်နေခြင်းဖြစ်သည်။

 

ပြည်ပမှ   ဖိအားပေးမှုများကြောင့်  အနောက်နိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှုများ ထွက်ခွာသွားသော်လည်း   အစားထိုး ရင်းနှီးမြှုပ်နှံသူများ  ရှိလာမည်ဖြစ်သည်။ အဟောင်းတို့ချုပ်ငြိမ်းလျှင် အသစ်အသစ်တို့ ရောက်လာမြဲဖြစ်သည်။ မြန်မာနိုင်ငံသည် အခြားနိုင်ငံများနှင့်မတူသည့် သဘာဝသယံဇာတများစွာရှိသဖြင့် မြန်မာနိုင်ငံကို ကမ္ဘာ့နိုင်ငံများက စိတ်ဝင်စားကြသည်။ စွမ်းအင်ကဏ္ဍတွင် ဒေသတွင်းနိုင်ငံများ၌ သဘာဝဓာတ်ငွေ့ ထွက်ရှိသောနိုင်ငံမှာ    မြန်မာတစ်နိုင်ငံတည်းသာရှိသည်။ ထို့ကြောင့် ရင်းနှီးမြှုပ်နှံလိုသူများ များစွာရှိသည်။ ရင်းနှီးမြှုပ်နှံနိုင်သော အခွင့်အလမ်းများ ရှိရန်အတွက်လည်း နိုင်ငံတော်အစိုးရက ဖြေလျှော့ဆောင်ရွက်ပေးလျက် ရှိသည်။

 

ပထဝီနိုင်ငံရေးနှင့် မြန်မာနိုင်ငံ၏ မူဝါဒအရ အနောက်နိုင်ငံများ၏ ဖိအားပေးမှုများ မြန်မာနိုင်ငံအပေါ် ဆက်ရှိနေမည်ဖြစ်သည်။ မြန်မာနိုင်ငံအပေါ်တွင် နားလည်စာနာမှုရှိသော၊ ချစ်ခင်ရင်းနှီးမှုရှိသော နိုင်ငံများရှိနေသော်လည်း အင်အားကြီးနိုင်ငံကြီး၏ ဖိအားပေးမှုကြောင့် အဟန့်အတားများရှိနေသည်။ ထို့ကြောင့် စီးပွားရေးတွင် ရှိသည့်အင်အားဖြင့် အစွမ်းကုန်ရုန်းထနိုင်အောင် ကြိုးစားကြရမည်ဖြစ်သည်။ ပြည်တွင်း စီးပွားရေးတိုးတက်အောင်၊ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်း များ တိုးတက်လာအောင်၊ တည်ငြိမ်အေးချမ်းပြီး ရင်းနှီးမြှုပ်နှံမှုများတိုးတက်လာအောင် ဝိုင်းဝန်းကြိုးပမ်းကြရမည်ဖြစ်သည်။

 

သို့ဖြစ်ရာ အနောက်နိုင်ငံများအနေဖြင့် မြန်မာပြည်သူများအပေါ် စာနာထောက်ထားသည်ဆိုပါက၊ ဒီမိုကရေစီကို ဖော်ဆောင်လိုသည်ဆိုပါက အပြုသဘောဆောင် အကောင်းမြင်စိတ်ထားဖြင့် လက်တွဲပူးပေါင်းဆောင်ရွက်သင့်ပါသည်။ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံများနှင့်ဆက်ဆံရာ၌ အမုန်းမဖက်ဘဲ ချစ်ခင်ရင်းနှီးစွာ ဆက်ဆံပေါင်းသင်း ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။    ။

 

ကြေးမုံ