ချစ်သူတွေ ဖြစ်နေကြောင်း သတင်းတွေ ထွက်လာတဲ့ ခါအီနဲ့ ဂျန်းနီ

၂ ဇန်နဝါရီ

၂၀၁၉ ခုနှစ်ရဲ့ နှစ်စပိုင်းမှာတော့ တောင်ကိုရီးယားကြယ်ပွင့်စုံတွဲတစ်တွဲ ထပ်မံပေါ်ထွက်လာခဲ့တာ ဖြစ်ပါတယ်။ အွန်လိုင်းသတင်းဝက်ဘ်ဆိုက်တစ်ခုက လတ်တလောမှာတော့ ကေပေါ့ပ်ကြယ်ပွင့်စုံတွဲတစ်တွဲကို သူတို့နှစ်ဦး ချိန်းဆိုတွေ့ဆုံနေစဉ် ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကို ဖော်ပြခဲ့ပြီး နှစ်ဦးသား ချစ်သူတွေဖြစ်နေကြကြောင်း ထုတ်ဖော်ပြောကြားလာတာ ဖြစ်ပါတယ်။ သူတို့ကတော့ ကမ္ဘာကျော်အမျိုးသားကေပေါ့ပ်တေးဂီတအဖွဲ့ “EXO” ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ခါအီနဲ့ ကျော်ကြားတဲ့ အမျိုးသမီးကေပေါ့ပ်တေးဂီတအဖွဲ့ “BLACK PINK” ရဲ့ ဂျန်းနီတို့ဖြစ်ကြကြောင်း အောကေပေါ့ပ်ဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

၂၀၁၉ ခုနှစ်ရဲ့ စာမျက်နှာအဖွင့်မှာတော့ ခါအီနဲ့ ဂျန်းနီတို့ ချစ်သူတွေဖြစ်နေကြကြောင်း သတင်းတွေဟာ ဒေသတွင်း မီဒီယာစာမျက်နှာတွေပေါ်မှာသာမက ဟောလိဝုဒ်မီဒီယာတွေကပါ ရှေ့ဆုံးကနေ ဖော်ပြခဲ့ကြတာကိုလည်း တွေ့ရပါတယ်။ ဒီသတင်းတွေ ပေါ်ထွက်လာခဲ့ပြီးနောက်မှာတော့ ကာယကံရှင်တွေက တစ်စုံတစ်ရာ ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိပေမယ့် ဂျန်းနီရဲ့ ဖျော်ဖြေရေးအေဂျင်စီဖြစ်တဲ့ ဝိုင်ဂျီအန်တာတိန်းမန့်ကတော့ သူတို့နှစ်ဦး ချစ်သူတွေ ဖြစ်နေလားဆိုတာ သေချာမသိကြောင်း၊ ဆက်သွယ်မေးမြန်းနေဆဲဖြစ်ကြောင်း တုံ့ပြန်ခဲ့တယ်လို့ သိရပါတယ်။

အွန်လိုင်းသတင်းဝက်ဘ်ဆိုက်တစ်ခုဖြစ်တဲ့ ဒစ်ဘက်ချ်က ဇန်နဝါရီ ၁ ရက်မှာ ကေပေါ့ပ်ကြယ်ပွင့်နှစ်ဦး ချစ်သူတွေဖြစ်နေကြကြောင်း ဓာတ်ပုံတွေနဲ့အတူ ဖော်ပြလာတာဖြစ်ပါတယ်။ ယင်းဓာတ်ပုံတွေဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း ရိုက်ကူးထားတဲ့ဓာတ်ပုံတွေဖြစ်တယ်လို့လည်း သိရပါတယ်။ ဒီဓာတ်ပုံတွေ မှာတော့ သူတို့နှစ်ဦးဟာ လက်ချင်းတွဲကာ လမ်းလျှောက်နေတာကိုလည်း တွေ့ရပါတယ်။ ဒီလိုနှစ်ဦးသား အလည်အပတ်ထွက်ခဲ့စဉ် ရိုက်ကူးထားတဲ့ သူ့ရဲ့ဓာတ်ပုံကို ခါအီက သူ့ရဲ့အင်စတာဂရမ်စာမျက်နှာပေါ်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၅ ရက်မှာ ဖော်ပြခဲ့တာကိုလည်း တွေ့ရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂ ရက်မှာ ခါအီက ဟာဝိုင်အီက ပြန်လည်ရောက်ရှိလာခဲ့ပြီးနောက် ဂျန်းနီနေထိုင်ရာ တိုက်ခန်းကို ရောက်ရှိလာတာ ဖြစ်ပါတယ်။ ကားပါကင်မှာ ကားရပ်ပြီးတဲ့နောက် လက်ဆောင်ဝယ်လာတဲ့ အိတ်တစ်လုံးကို ကိုင်ဆောင်ကာ ထွက်ခွာသွားတာကိုလည်း တွေ့ရပါတယ်။ အဆိုပါအိတ်ဟာ ဂျန်းနီအတွက် ဝယ်လာတဲ့လက်ဆောင်တွေထည့်ထားတာဖြစ်နိုင်ကြောင်းလည်း အဆိုပါမီဒီယာက ရေးသားဖော်ပြခဲ့ပါတယ်။

အေးပြည့်