ချောင်းဆုံမြို့နယ်  ကလော့အပြိုင်ကျေးရွာတွင် တောင်ပြိုမှုဆက်လက်ဖြစ်ပွားနေ၍ လူနှင့်ပစ္စည်းများအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေး

ချောင်းဆုံ    ၁၁    ဩဂုတ် 

မွန်ပြည်နယ်  ဘီလူးကျွန်း  ချောင်းဆုံမြို့နယ် ကလော့ကျေးရွာအုပ်စု ကလော့ကျေးရွာနှင့် အပြိုင်ကျေးရွာတွင် သြဂုတ် ၁၀ ရက်က မုတော်ဘုန်းတော်ကြီးကျောင်း အနီးပတ်ဝန်းကျင်ရှိ တောင်ပြိုမှုကြောင့် မုတော်ဘုန်းကြီး ကျောင်းဓမ္မာရုံနှင့် လူနေအိမ်(၄)လုံး ပျက်စီးခဲ့ပြီး သြဂုတ်  ၁၁ ရက် နံနက် ၂နာရီခန့်က တောင်ပြိုမှု ထပ်မံဖြစ်ပွားရာ လူနေအိမ် (၄) လုံး ထပ်မံပြိုကျခဲ့ပြီး စုစုပေါင်း လူနေအိမ်(၈)လုံး ပျက်စီးခဲ့ကြောင်း  မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ၊  မြို့နယ်အုပ်ချုပ်ရေးမှူး  ဦးထွန်းအောင်ကျော်ထံမှ သိရသည်။

 

mdn

 

အလားတူ ချောင်းဆုံမြို့နယ် နှီးမုတ်ကျေးရွာတွင်လည်း  တောင်ကျရေနှင့်မြေစာများ  မျောပါလာခြင်းကြောင့် ကားလမ်းပိတ်ဆို့မှုများဖြစ်ပွားခဲ့ပြီး သက်ဆိုင်ရာတာဝန်ရှိသူများနှင့် လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်များ၊ ကျေးရွာနေပြည်သူများမှ ရှင်းလင်းဆောင်ရွက်လျက်ရှိပြီး ပျက်ဆီးမှုဖြစ်ပေါ်သည့် နေရာများကို  မြို့နယ်သဘာဝဘေးအန္တရယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင်များ  အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလင်းတင်ဌေးနှင့်  လူမှုရေးအသင်းအဖွဲ့ဝင်များ  ရဲတပ်ဖွဲ့ဝင်များ  မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကျေးရွာ/ ရပ်ကွက်နေပြည်သူများ ပူးပေါင်း၍ ပျက်ဆီးမှုဖြစ်ပွားသည့် နေရာများကို   ကူညီရှင်းလင်း ဆောင်ရွက်လျက်ရှိကြောင်း  သိရသည်။

 

mdn

 

မြို့နယ်အုပ်ချုပ်ရေးမှူး၏ ညွှန်ကြားမှုဖြင့်  ကျေးရွှာအုပ်ချုပ်ရေးမှူးမှ  သြဂုတ် ၁၀ ရက် ည ၉ နာရီက  ကလော့ကျေးရွာနှင့် အပြိုင်ကျေးရွာတွင်  တောင်အနီးနေထိုင်သော မိသားစုများအား  ဆက်လက်နေထိုင်ခြင်းမပြုရန် သတိပေးဆော်သြခဲ့ခြင်းကြောင့်သြဂုတ် ၁၁  ရက်  နံနက် ၂ နာရီခန့် တောင်ပြိုကျသောအခါ  လူများထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ခြင်းဖြစ်ကြောင်းနှင့်   တောင်ပြိုကျမှုများ ထပ်မံဖြစ်ပွားနိုင်သည့်အတွက် အန္တရာယ်ရှိသည့်နေရာများမှ လူနှင့်ရွှေ့ပြောင်းနိုင်သည် ပစ္စည်းများကို တာဝန်ရှိသူများက ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးလျက်ရှိကြောင်း ကလော့ကျေးရွာနေ  ရာအိမ်မှူး  ဦးကြည်ဝင်းက ပြောသည်။

 

mdn

 

မိုးသောက် (ရွှေဘို)