ချီဖွေမြို့နယ် လာနော့- ကန်းဖန့် ကျေးရွာချင်းဆက်လမ်း ကျောက်ခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး

ချီဖွေ ဧပြီ ၁၈

နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနသည် ကချင်ပြည်နယ် ချီဖွေမြို့နယ် လာနော့ - ကန်းဖန့် ကျေးရွာချင်းဆက် လမ်း ၁ မိုင် ၄ ဖာလုံ ကျောက်ခင်းခြင်းလုပ်ငန်းကို ၂၀၂၃- ၂၀၂၄ ဘဏ္ဍာရေးနှစ် နယ်စပ် ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေကျပ် ၂၅၀ ဒဿမ ၈၈၉ သန်းဖြင့် ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း ချီဖွေမြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေး ရုံးမှ သိရသည်။

အဆိုပါလမ်း ဆောင်ရွက်ပေးနိုင်မှုကြောင့်  ချီဖွေမြို့နယ်နှင့် ဆော့လော်မြို့နယ် အတွင်းရှိ  သဘာဝ အခြေခံခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူ ပြုသည့်အပြင် ဒေသခံတိုင်းရင်းသား ပြည်သူများ၏ အခြေခံ လူမှုစီးပွားဘ၀နှင့် ကုန်စည် စီးဆင်းမှုကို များစွာအထောက်အကူပြုလျက်ရှိသည်။

၂၀၂၃- ၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ကချင်ပြည်နယ်အတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေကျပ် ၅၄၈၈ ဒဿမ ၈၈၂ သန်းဖြင့်  လမ်း/ တံတားလုပ်ငန်း၊ ရေရရှိရေး လုပ်ငန်း၊ လျှပ်စစ်ဓာတ်အားလုပ်ငန်း၊ သာသနာရေးလုပ်ငန်းနှင့် တန်ဖိုးနည်းအိမ်ရာတို့ကို အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်