ချင်းအမျိုးသားခေါင်းဆောင် ဗိုလ်ကြွန်ဘိခ်နှင့် တာရွန်းကျေးရွာ

၃ နိုဝင်ဘာ

 

ချင်းအမျိုးသားခေါင်းဆောင်ဗိုလ်ကြွန်ဘိခ် မွေးဖွားရာဇာတိမြေသည် ဖလမ်းမြို့နယ် တာရွန်းကျေးရွာဖြစ်သည်။ ဖလမ်းမြို့ ငြိမ်းချမ်းရေးစေတီမှ လွန်သည်နှင့် တာရွန်း ကျေးရွာသွားသော ဆိုင်းဘုတ်ရှိသည်။ ယင်းမှ သုံးမိုင်ခန့် တောင်အောက်သို့ ကွေ့ဝိုက်ကာ သွားသည်နှင့် ရွာသို့ရောက်သည်။ လမ်းခွဲမှ တစ်မိုင်ခန့်အကွာတွင် ငါန်ဇောလ်နေရာတွင် ဆိုင်းဘုတ်ရှိသည်။ အင်္ဂလိပ်စစ်တပ်မှ ဗိုလ်ကြွန်ဘိခ်တို့အား တိုက်ခိုက်ရန် တပ်စခန်း ချသောနေရာရှိသည်။ တောင်ကုန်းရှိသည့် ထိုနေရာကာ ငါန်ဇောလ်ဟူသည်မှာ (အပင် စိုက်၍ မဖြစ်ထွန်းသောမြေပြန့်နေရာ)ဟု အဓိပ္ပာယ်ရကြောင်း တာရွန်းရွာသား ကိုငွန်ထဲ က ရှင်းပြသည်။ တာရွန်း ကျေးရွာမရောက်မီ တောင်ယာပြန့်တစ်ခုမြင်ရပြီး ယခင်ဗိုလ်ကြွန်ဘိခ် တို့နေထိုင်ခဲ့သော ရွာဟောင်း ပင်ဖြစ်သည်။ အင်္ဂလိပ်တို့ ငါန်ဇောလ်၌ ရှိချိန်တွင် လုံခြုံရေး အရ ယခုတာရွန်းနေရာသို့ ပြောင်းရွှေ့ခဲ့ ကြောင်း သိရသည်။ တာရွန်းကျေးရွာအဝင် တွင် ရွာဦးဘုန်းတော်ကြီးကျောင်းရှိသည်။ ထီးလင်းနယ်သား ဆရာတော် တစ်ပါးတည်းသာ သီတင်းသုံးသည်။ ဆရာတော်၏ကျောင်းတွင် သရက်၊ အုန်းပင်၊ မာလကာ စသောအပင်များ မြေပြန့်ကဲ့သို့ စုံလင်စွာပေါက်သည်။

 

ဆရာတော်ကျောင်းမှ ဆက်လက်ထွက်ခွာလာသော အခါ 'ဂ'ပုံသဏ္ဌာန် မြင့်မားသော တောင်ကြီး ကိုတွေ့ရသည်။ ထိုတောင်ကြီး၏ ပေ ၁ဝဝဝခန့်တွင် လှေကားထစ်သဏ္ဌာန် အိမ်များကို အစီအရီ ဆောက် ထားသည်။ ထိုတောင်ထိပ်တွင် အင်္ဂလိပ်တပ်များ မလာရောက်စေရန် တောင်စောင်း တစ်လျှောက်ရွာသား များအား ကင်းချထားခဲ့ကြောင်း သိရသည်။ ဗိုလ်ကြွန်ဘိခ်၏ တော်လှန်ရေးလှုပ်ရှားမှု အား တင်ပြ လိုပါသည်။

 

ချင်းအမျိုးသား ဗိုလ်ကြွန်ဘိခ်(ဝါ)ဗိုလ်ဆွန်ပက်သည် ချင်းလူမျိုးတို့၏ လေးစားဂုဏ်ယူရသည့် ပုဂ္ဂိုလ်တစ်ဦးဖြစ် သည်။ အေဒီ ၁၅ဝဝ ခန့်က “Lailun”အရပ်တွင် ပထမဆုံးရောက်ရှိ အခြေချနေထိုင်သည်။ Pu Tai Sun (ဦးတာရွှန်း)သည် အေဒီ ၁၅ဝဝ ဝန်းကျင်တွင် တာရွှန်း အမည်ရှိ ရွာတစ်ရွာကို လိုင်လွန်အနီး စတင်တည်ထောင်ခဲ့ သည်။ ယနေ့တာရွှန်းမျိုးနွယ်စုတို့သည် Pu Tai Sun၏ မျိုးဆက်များပင်ဖြစ်ကြသည်။ ကြွန်ဘိခ်သည်Tothuang မျိုးဆက်မှ သက်ဆင်းလာသူဖြစ်သည်။ ဗိုလ်ကြွန်ဘိခ်အား ၁၈၃၄ ခုနှစ်တွင် အဖ ဦးကိပ်ဘိစ်နှင့် အမိ ဒေါ်ဇာတီလ်တို့မှ မွေးဖွားခဲ့သည်။

 

ဖခင် ဦးကိပ်ဘိစ်သည် ထိုအချိန်က 'နာမ်ကပ်' ခေါ် လူငါးဦးဖြင့် ဖွဲ့စည်းထားသော ဖလမ်း ဒီမိုကရက်တစ် ကောင်စီတွင် ခေါင်းဆောင်တစ်ဦးဖြစ်သည်။ 'တာရွှန်း ကောင်စီဝင်တွေဟာ မွေးရာပါ အခွင့်အရေးရရှိတာမျိုး မဟုတ်ဘဲ လူထုမှမဲပေးရွေးချယ်ခြင်းခံရသူများဖြစ်သည်။ ချင်းလူမျိုးတွေထဲမှာ သက်ဦးဆံပိုင်စနစ်ကို မကျင့်သုံးဘဲ လူငါးဦးဖြင့် ဖွဲ့စည်းထားတဲ့ကောင်စီမျိုး လူတန်းစား မခွဲခြား၊ စီးပွားရေးပါရမီရှိသူ၊ သံတမန်ဆက်ဆံရေး ကျွမ်းကျင်သူနှင့် စစ်ရေးကျွမ်းကျင်သူများကိုသာ ရွေးချယ် တင်မြှောက်တဲ့ စနစ်မျိုး တွေ့ရတာဟာ လွန်စွာထူးဆန်းလှ ကြောင်း'ဗြိတိသျှတို့က သုံးသပ်သည်။

 

ဗိုလ်ကြွန်ဘိခ်ရှိစဉ်က ၎င်း၏ သြဇာအာဏာသည် ချင်းတောင်တစ်ဝန်းလုံးသာမက လူရှိုင်းတောင်တန်းဒေသ၊ ကလေး-ကဘော်ဒေသအထိ လွှမ်းမိုးနိုင်ခဲ့သည်။ သူ၏ခေါင်းဆောင်မှုအောက်တွင် တာရွှန်းမျိုးနွယ်နာမည်သည် ကမ္ဘာကျော်ကြားခဲ့သည်အထိ စွမ်းဆောင်နိုင်သော အရည်အချင်းရှိသူ တစ်ဦးဖြစ်သည်။ ၁၈၈၅ ခုနှစ်တွင် မြန်မာပြည်တစ်ခုလုံး ဗြိတိသျှတို့လက်အောက်တွင် ကျရောက် ခဲ့ရသော်လည်း အုပ်ချုပ်ရေးအာဏာ သက်ရောက်မှုမရှိသည့် ချင်းပြည်နယ်သည် ဗြိတိသျှတို့လက်အောက်သို့ ကျရောက် ခြင်း မရှိခဲ့ချေ။

 

ချင်းပြည်နယ်သည် အချုပ်အခြာအာဏာပိုင် လွတ်လပ် သည့် နယ်မြေဖြစ်ခဲ့သည်။ ဗြိတိသျှတို့ မြန်မာပြည်ကို အုပ်ချုပ်သည့်အချိန်နောက်ပိုင်းမှသာ ချင်းပြည်နယ်နှင့် ဗြိတိသျှတို့ ဆက်ဆံရေးရှိလာခဲ့သည်။ ဗြိတိသျှအာဏာပိုင် အထက်ချင်းတွင်းခရိုင်မှူး Captain Raikesကလေး-ကဘော်ဒေသသို့ရောက်ရှိလာသည့် အချိန်တွင် ဗိုလ်ကြွန်ဘိခ်၏ နာမည်အား ဆွန်ပက်ဟု စရေးခဲ့ကြောင်း သိရသည်။ ၎င်းကို မြေပြန့်ဒေသမှ မြန်မာအခေါ်အဝေါ်ဖြင့် ဆွန်ပက်ဟု ခေါ်ဆိုကြသည်။ ဗိုလ်ကြွန်ဘိခ်သည် ရိုးသား ဖြောင့်မတ်သူဖြစ်ပြီး သက်ကြီးသူများကို လေးစားတတ် သည်။ အမြော်အမြင်ရှိသူ တစ်ဦးဖြစ်သည့်အပြင် အရည် အချင်းရှိသဖြင့် အသက် ၂၂ နှစ်အရွယ်တွင် ကောင်စီဝင် အဖြစ် ရွေးချယ်ခြင်းခံရသူဖြစ်သည်။ သြဇာအာဏာ အရှိဆုံး ခေါင်းဆောင်ဖြစ်လာခဲ့သည်။

 

ထိုစဉ်က တာရွှန်းခေါင်းဆောင်များနှင့် ကလေး၊ ကဘော်စော်ဘွားတို့သည် မဟာမိတ်ဖွဲ့ခဲ့ကြပြီး (Defensive and Offensive Alliance) စာချုပ်ချုပ်ဆိုခဲ့ကြသည်။ ထို့သို့ ကာကွယ်ပေးသည့်အတွက် စော်ဘွားများက ဆား၊ သံ စသည့်ပစ္စည်းများကို တာရွှန်းထံသို့သာ ရောင်းဝယ်ခွင့် ရှိပြီး တာရွှန်းတို့က ချင်းတောင်တစ်ခွင်သို့ ရောင်းဝယ်ခဲ့ကြ သည်။ ဗိုလ်ကြွန်ဘိခ်အား ကလေးဒေသအုပ်စိုးသည့် စော်ဘွားများက မြန်မာနန်းတွင်းဝင်ဝန်ကြီးနှင့် အဆင့်တူ သော 'ချင်းမင်းကြီး' ဘွဲ့နာမဖြင့် ဂုဏ်ပြုခေါ်ဆိုခဲ့ကြသည်။

 

၁၈၈၇ ခုနှစ် မတ် ၁၅ ရက်တွင် အထက်ချင်းတွင်း ခရိုင်ဝန် ( Captain Frederick Duncan Raikes (G.D. Raikes) သည် ကလေး-ကဘော်ဒေသအရေးဖြေရှင်းရန် ကလေးဝဆိပ်ကမ်းသို့ ဆိုက်ရောက်လာခဲ့သည်။ ထိုအချိန် တွင်မူ ကလေး-ကဘော်ဒေသတွင် ဗြိတိသျှတို့သည် ¤င်းတို့ ခန့်အပ်ထားသော စော်ဘွား(စော်ဘွားမောင်ပါကြီး)အကြား စစ်ဖြစ်နေချိန်ဖြစ်သည်။ တာရွှန်းတို့သည် စော်ဘွား မောင်ပါကြီးအား အသိအမှတ်မပြုကြချေ။

 

မတ် ၁၇ ရက်တွင် စော်ဘွားနှင့် Capt. Raikes တို့ တွေ့ဆုံပြီး ချင်းတောင်အတွင်းရှိ အကြီးဆုံးမျိုးနွယ်စု ငါးစုနှင့် တွေ့ဆုံရန်လိုအပ်ကြောင်း Capt. Raikes မှ စော်ဘွားအောင်ပါထံသို့ ပြောကြားခဲ့သည်။ စော်ဘွားက မျိုးနွယ်စုအားလုံးနှင့် တွေ့ဆုံစရာမလိုကြောင်း၊ တာရွှန်း မျိုးနွယ်စုတို့သည် အင်အားအကြီးဆုံးမျိုးနွယ်စုဖြစ်ပြီး ချင်းမင်းကြီး(ကြွန်ဘိခ်)သည် ကျန်မျိုးနွယ်စုများမှ လေးစားရသည့် ခေါင်းဆောင်ဖြစ်ကြောင်း တာရွှန်းတို့ထံ တွင်လည်း စော်ဘွားမောင်ပါကြီးအား အသိအမှတ်ပြုရေး၊ မြေပြန့်စီးနင်းကိုယ်ပိုင်မှု ပပျောက်ရေး ဆွေးနွေးရန်အတွက် စော်ဘွားက လူလွှတ်အမိန့်ပေးခဲ့သည်။ ဗိုလ်ကြွန်ဘိခ်သည် လည်း တာရွှန်းကောင်စီမှ ခေါင်းဆောင် သုံးဦးအား စေလွှတ်ခဲ့ပြီး Raikes နှင့် ၁၈၈၈ ခုနှစ် မတ် ၂၂ ရက်တွင် အင်ဒင်းသို့ ဆွေးနွေးခဲ့ကြသည်။

 

တာရွှန်းခေါင်းဆောင်တို့သည်လည်း စော်ဘွား ကလေးသို့ ရုံးချုပ်မတည်မချင်း မိမိတို့အနေနှင့် စာချုပ် ချုပ်ဆိုနိုင်မည် မဟုတ်ကြောင်း၊ ဆွေးနွေးပွဲအပြီးတွင် တာရွှန်းကိုယ်စားလှယ်တို့သည် ရိုင်ဖယ်တစ်လက်အား ထူးဆန်းစွာ ကြည့်ရှုနေကြသည်ကို အခွင့်ကောင်းယူပြီး ကိုက် ၁၂၇ အကွာတွင်ရှိသော ပစ်မှတ်တစ်ခုအား စစ်သား ၁ဝ ယောက်မှ ငါးကြိမ်စီ ပစ်ခတ်စေခဲ့သည်။