ချင်းအမျိုးသားခေါင်းဆောင် ဗိုလ်ကြွန်ဘိခ်နှင့် တာရွန်းကျေးရွာ

၁၀ နိုဝင်ဘာ

 

တာရွှန်းစစ်သား အယောက် ၁ဝဝ က ဗြိတိသျှစစ်သား ငါးယောက်နိုင်ဖို့ မလွယ်ကြောင်း မှတ်ချက်ချခဲ့သည်။ ၁၈၈၈ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် ကြွန်ဘိခ်သည် အင်ဒင်းသို့မသွားဘဲ စီဟောင်းရွာတွင် Capt. Raikesနှင့် တွေ့ဆုံရန် သွားရောက်ခဲ့ကြသည်။ ကြွန်ဘိခ်သည် စီဟောင်း အနောက်တောင်ဘက်ရှိ နှစ်မိုင်ခန့်ဝေးသော၊ (၁၈ ဒီဇင်ဘာမှ ၃ ဇန်နဝါရီ) တာရွှန်းတို့ပိုင်နက် ကန်းလှာရွာတွင်ရှိကြောင်း အကြောင်းကြားခဲ့ကြသည်။ Capt. Raikes သည် ကြွန်ဘိခ်အဖွဲ့နှင့် တွေ့ဆုံသည့်အဖြစ်အပျက်ကို နေ့စဉ် မှတ်တမ်း၌ မွန်းလွဲ ၁ နာရီခွဲခန့်တွင် ကြွန်ဘိခ်ကိုယ်တိုင် သူ့တပ်သားအယောက်၂ဝ တို့နှင့် ကျွန်ုပ်တွေ့ဆုံခဲ့သည်ဟု ရေးမှတ်ထားသည်။ ခန့်မှန်း ခြေအားဖြင့် ကြွန်ဘိခ်သည် အသက် ၄ဝ-၅ဝ ဝန်းကျင်ခန့်ရှိမည်။ မာန်ပါပါ အားရတက်ကြွစွာပြောဆိုမှုကို ကျွန်တော် လေးစားမိသည်။ ကျွန်တော်တို့ မေးမြန်းသမျှကို သူ့အပေါင်းအပါများနှင့် အရင်တိုင်ပင်ပြီး မှ ပြန်လည်ဖြေကြားခဲ့သည်။ လေးနာရီခန့် ကြာဆွေးနွေးခဲ့သည့် အဓိကအကြောင်း အရာများမှာ ကလေး၊ ကဘော်ဒေသ(မြေပြန့်)ရှိ ဗြိတိသျှအစိုးရခန့်အပ်သော စော်ဘွားတို့အား တာရွှန်းတို့ အသိအမှတ်ပြုဖို့အရေး၊ စီယင်း နှင့် စာခီလိန်းတို့ မြေပြန့်စီးနင်းတိုက်ခိုက်သည့် အကြောင်း၊ ချင်းတောင်နှင့် ဗမာပြည်ကုန်သွယ်ရေး၊ ဗမာပြည်-ချင်းတောင်-ချစ်တကောင်းတို့ကြား ကုန်သွယ်ခြင်း၊ တာရွှန်းနယ်မှ ချစ်တကောင်းသို့ သွားရန် လမ်းစုံ စမ်းဖို့အတွက် လူလွှတ်ဖို့အရေးတို့ ဖြစ်သည်။

 

ဖလမ်းကောင်စီမှ ဆွေးနွေးမှုမပြုလုပ် မချင်း ဗြိတိသျှတို့အနေနှင့် ကိုယ်စားလှယ်များ မလွှတ်ရန်လည်း သူသတိ ပေးခဲ့သည်။ သူလျှို စုံထောက်များလွှတ်ခဲ့လျှင်လည်း သူတို့၏ အသက်အန္တရာယ်အတွက် အာမခံချက်မပေး နိုင်ကြောင်း ထပ်မံပြောဆိုခဲ့သည်။ ဆွေးနွေး အပြီးတွင် လက်ဆောင်ပစ္စည်းများ ပေးကမ်းခြင်း ပြုလုပ်ရာ ဗိုလ်ကြွန်ဘိခ်က လက်မခံခဲ့ပေ။ ဆွေးနွေးမှုအပြီးတွင် ဂေါ်ရခါးတပ်သား များက အမြောက်လက်နက် ကြီးငါး ခေါက် ပစ်ခတ်ခဲ့သည်။

 

ဗိုလ်ကြွန်ဘိစ်က ဗြိတိသျှတို့အပေါ်တွင် သံသယစိတ်ဝင်လာခဲ့သည်။ Capt. Raikes တို့ တွေ့ဆုံပြီး နောက်ပိုင်းတွင် ဗိုလ်ကြွန်ဘိခ်သည် ဗြိတိသျှတို့အပေါ် အယုံအကြည်မရှိတော့ပေ။ ဗိုလ်ကြွန်ဘိခ်သည် တာရွန်းရွာသွားပြီး ၁၈၈၇ ခုနှစ် ဇန်နဝါရီလကုန်တွင် ဗြိတိသျှတို့ ဖမ်းချုပ်ထားသော စော်ဘွားဟောင်း စော်ဘွားမောင်ရစ်၊ ချင်းဗမာသံအမတ်ကြီး(ချင်းကဲ) မောင်သာဒွန်းနှင့် အပေါင်းအပါများ မန္တလေးနှင့် ယခုမုံရွာ မြောက်ဘက်ရှိ အလုံထောင်များမှ ထွက်ပြေးလာကြရာ တာရွှန်းတို့ထံသို့ နိုင်ငံရေးခိုလှုံခွင့် ခံခဲ့ကြသည်။ ဗိုလ်ကြွန်ဘိခ်ဦး ဆောင် သောတာရွှန်းကောင်စီသည် ဗြိတိသျှတော်လှန်ရေး ဘက်သို့ ဦးတည်လာစေခဲ့သည်။ ရွှေဂျိုးဖြူ မင်းသားအား အကာအကွယ်ပေးရန်လည်း တိုက်တွန်းခဲ့ကြသည်။

 

၁၈၈၈ ခုနှစ် မတ် ၃ ရက်တွင် တာရွှန်းနှင့် စီးယင်းစစ်သည်တော် ၅ဝဝ ခန့်သည် ဗြိတိသျှ အစိုးရလက်အောက်၊ ကလေးစော်ဘွား မောင်ပါကြီးအုပ်ချုပ်ထားသော စီဟောင်းရွာကို ဝန်းရံထားကြသည်။ ရွှေဂျိုးဖြူမင်းသားသည် စော်ဘွားမောင်ပါကြီးအား မိမိတို့နှင့် ပူးပေါင်းပြီး ဗြိတိသျှအစိုးရအား တိုက်ရမည်ဟု တိုက်တွန်းခဲ့သည်။ ဗြိတိသျှအစိုးရမှ ကလေး၊ ကဘော်နယ် မသိမ်းပိုက်မီအချိန်ထိ တာရွှန်းတို့သည် မြေပြန့်သို့ ဝင်ရောက်စီး နင်းခြင်းရှိခဲ့ချေ။ မြေပြန့်အား အကာအကွယ်ပေးရင်း အခြားမျိုးနွယ်စုတို့၏ မြေပြန့်ဒေသစီးနင်းမှု များအပေါ် တွင်လည်း တာရွှန်းတို့က အရေးယူဆောင်ရွက်ခဲ့သည်။ ဗြိတိသျှတို့သည် မြေပြန့်အား တာရွှန်းတို့က နှစ်ပေါင်းများစွာ အကာအကွယ်ပေးခဲ့သည်ကို သတိထားမိကြသည်။ စော်ဘွားဟောင်းများနှင့် ရွှေဂျိုးဖြူမင်းသားတို့ တာရွှန်းတို့လက်ထဲတွင်ရှိနေသရွေ့ မြေပြန့်သည် ငြိမ်းချမ်းနိုင်မည်မဟုတ်ကြောင်း၊ ၎င်းတို့အား မဖြစ်မနေ အပ်နှံနိုင်ရန် ပြည်သူတို့ ကြိုးစားခဲ့ရသည်။ ဗြိတိသျှတို့သည် စစ်ရေးအတွက် ပြင်ဆင်မှုများပြုလုပ်လာကြသည်။ ဖလမ်းမြို့နယ်မှ အင်အားကြီးမျိုးနွယ်စုများ၊ အခြားအင်အားကြီး မျိုးနွယ်စုများဖြစ်သော ဇိုခွါးနှင့် ဟားခါး၊ စီးယင်း၊ ကမ်ဟောင်တို့နှင့်လည်း မဟာမိတ်ဖွဲ့ခဲ့ကြသည်။ ကြွန်ဘိခ်သည်လည်း ဇိုခွါး၊ ဟားခါး၊ Sakta မျိုးနွယ်စု တို့သည် တွေ့ဆုံမှုများပြုလုပ်ပြီး ဗြိတိသျှအစိုးရအား တိုက်ခိုက်ရန် သဘောတူခဲ့ကြသည်။

 

တီးတိန်နယ်မှ စီးယင်း၊ ကမ်ဟောင်နှင့် စခီးလင်းမျိုးနွယ်စုတို့သည်လည်း ဗြိတိသျှတို့အား တိုက်ခိုက်ရန် ဖလမ်းကောင်စီနှင့်ဆွေးနွေး တိုင်ပင်ကြသည်။ စီးယင်းစစ်သည်တော်တို့ သည် ၁၈၈၈ ခုနှစ် မတ်လမှစပြီး တာရွှန်းတို့နှင့်အတူတကွပူးပေါင်းပြီးဖြစ်သည်။ ပြည်ပရန်သူဖြစ်သော ဗြိတိသျှတို့အား တိုက်ခိုက်ရန် ဗိုလ်ကြွန်ဘိခ်ဦး ဆောင်မှုအောက်တွင်စည်းစည်းလုံးလုံးရှိကြသည်။ ဖလမ်းကောင်စီ ခေါင်းဆောင်ငါးဦးအနက်သုံးဦးကမူ ဗြိတိသျှအစိုးရအား ချက်ချင်းတိုက်ချင်ကြသည်။ သို့သော်ကြွန်ဘိခ်ကမူ အခြေအနေကိုလေ့လာသည်။ ကြွန်ဘိခ်သည် မင်းလယ်တောင်မှ တာရွှန်းစစ်သည်တော်များအား မြေပြန့်စီးနင်းခြင်း မပြုရန်နှင့် ရွှေဂျိုးဖြူမင်း သားအားကောင်း ကောင်းမွန်မွန်စောင့်ရှောက်ရန် အမိန့်ပေးခဲ့သည်။ စီးယင်း၊ ကမ်ဟောင်နှင့် စာခီလိန်း မျိုးနွယ်စုတို့သည်လည်း ရွာမတွင်ဖလမ်းကောင်စီနှင့် ဗြိတိသျှတိုက်ခိုက်ရေးအတွက် တိုင်ပင်ခဲ့ကြသည်။ ကြွန်ဘိခ်သည် ကိုယ်စားလှယ်ထံသို့ အဖိုးတန်လက်ဆောင်ပဏ္ဏာများပေးပို့ပြီး တာရွှန်းနယ်အား ဗြိတိသျှ စစ်တပ် အနေဖြင့် သိမ်းပိုက်ခြင်းမပြုရန် မေတ္တာရပ်ခံခဲ့သည်။

 

သို့သော်လည်း တာရွှန်းတို့အနေဖြင့် ဗြိတိသျှအစိုးရအား အသာစီးရရန်မြေပြန့်အား စတင်တိုက်ခိုက်တော့ သည်။ ၁၈၈၈ ခုနှစ် အောက်တိုဘာ ၁၄ ရက်တွင် ချင်းအမတ်ကြီး ဟောင်း မောင်သာဒွန်း ဦးဆောင်သည့် ဗမာ စစ်သည် ၃ဝ၊ ရွှေဂျိုးဖြူဦးဆောင်သော တပ်သား အချို့နှင့် မင်းလယ်တောင်မှ ချင်းတပ်သားတို့သည် မှန်း ဘင်ရွာအား တိုက်ခိုက်ခဲ့ကြသည်။ စီးယင်းစစ်သည်တော် ၁ဝဝ သည် ရာဇဂြိုဟ် နှင့် လေးမိုင်ကွာတွင် တည်ရှိသောရွာအား ဝင်ရောက်တိုက်ခိုက်ခဲ့ကြသည်။ ထိုနေ့ပင် စီးယင်းစစ်သည် ၁၄ ယောက်ကလည်း တောင်ကူးရွာအား တိုက်ခိုက်ခဲ့ကြသည်။ ဗြိတိသျှရဲတပ်ဖွဲ့ ကင်းစောင့်ထားသော ကလေးမြို့အား စီးယင်း စစ်သည်တော် ၄ဝဝ က ဝင်ရောက်တိုက်ခိုက်ခဲ့ ကြသည်။ ဗြိတိသျှတို့၏ အမှတ်(၁)ခံတပ်ဖြစ်သော ကန်ပုလဲအား သွားရောက်တိုက်ခိုက်ခဲ့ကြ သည်။ ကန်ပုလဲအနီးရှိ ရွာတစ်ရွာကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြသည်။

 

၁၈၈၈ ခုနှစ် အောက်တိုဘာ ၂၉ ရက်တွင် တာရွှန်းစစ်သားများက ကံကြီးနှင့် လောင်းရှည် ရွာအားသွားရောက်ချီတက်ခဲ့ကြသည်။ ၁၈၈၈ ခုနှစ် အောက်တိုဘာ ၃ဝ ရက်တွင် ဗမာစစ်သည် ၃၇ ယောက်က စစ်ကိုင်းဘက်သို့ သွားရောက် ချီတက်ခဲ့ကြသည်။ ချင်း-ဗမာ မဟာမိတ်တို့၏ ဗြိတိသျှမြေပြန့်စစ်ဆင်မှုကြောင့် ဗြိတိသျှစခန်းနှင့် ထိုဒေသမှ ရွာများသည် အထိနာခဲ့ရ သည်။ ထို့ကြောင့် ဗြိတိသျှအစိုးရသည်လည်း ချင်းတောင်အား သိမ်းပိုက်ရန် စီစဉ်ကြရတော့သည်။ ဗြိတိသျှစစ်တပ်သည်လည်း ဗန်းမော်၊ ပခုက္ကူနှင့် မဏိပူရမှ စစ်တပ်များဖြင့် အင်အား ဖြည့်တင်းပြီး ချင်းတောင်ကို သိမ်းပိုက်ရန် ပြင်ဆင်ခဲ့ကြသည်။ ဗြိတိသျှစစ်တပ်သည် ဖလမ်းကောင်စီ ခေါင်းဆောင်များထံသို့ စော်ဘွားဟောင်းနှင့် အပေါင်းအပါများ၊ ရွှေဂျိုးဖြူမင်းသားနှင့် အပေါင်း အပါများအား လက်လွှတ်ရန် ရာဇသံထပ်မံပေးပို့ခဲ့ကြသည်။ စီးယင်းခေါင်း ဆောင်တို့ထံသို့လည်း ဗိုလ်ခိုင်ကမ်းနှင့် သူဖမ်းဆီးသွားသည့်လူများအား ၎င်းတို့လက်သို့အပ်နှံရန် ရာဇသံပေးခဲ့ကြသည်။

 

ဗြိတိသျှတို့သည် စီးယင်းနယ်ကို သိမ်းပိုက်ဖို့ ကြိုးစားခဲ့သည်။ စီးယင်းနယ်တွင် လမ်းများ စတင်ဖောက်လုပ်ခဲ့သည်။ စီးယင်း၊ ကမ်ဟောင်နှင့် စုတ်သဲမျိုးနွယ်များမှ အင်္ဂလိပ်အတွက် လမ်းဖောက်သူအား ဒီဇင်ဘာလက နေစပြီး စတင်တိုက်ခိုက်ခဲ့သည်။ တာရွှန်းဦးဆောင် သောတပ်ဖွဲ့မှ စီးဟောင်း၊ ကျော်ရွာ၊ ကွန်ဒူနှင့်42and Gurkha Light Infantry စခန်းများကို တစ်ရှိန်ထိုးတိုက်ခိုက်ခဲ့သည်။ ထိုနေ့တွင် စီးယင်းက အင်ဒင်ကို တိုက်ခိုက်ပြီး Kamhau နှင့်Sukte တို့ကလည်း တစ်ချိန်တည်းကန်ကြီး ရွာများကို တိုက်ခိုက်ခဲ့ကြသည်။ ဗြိတိသျှ အရာရှိ Mr.Carey က ''စီးယင်းနယ်တွေကို သိမ်းပိုက်ဖို့ စိုင်းပြင်းနေချိန်မှာ ချင်းလူမျိုး တွေဟာ ကျွန်တော်တို့နောက်ကျောက မြေပြန့်ဒေသနဲ့ကျွန်တော်တို့စခန်းတွေကို တိုက်ခိုက် ခဲ့တာဟာ သူတို့ရဲ့ စစ်ရေးကျွမ်းကျင်မှုကို ထင်ရှားစေပါတယ်''ဟု မှတ်တမ်းတင်ခဲ့သည်ကို သိရှိရသည်။

 

General. George Whiteက ''သူတိုက်ဖူး သမျှစစ်ပွဲတွေထဲမှာ အနိုင်ရရှိဖို့ အခက်ခဲဆုံး စစ်ပွဲတွေဖြစ်တယ်''ဟု ပြောခဲ့သည်။ ၁၈၈၉ ခုနှစ် မေ ၄ ရက်မှ ဗြိတိသျှစစ်တပ်နှင့် စီးယင်းစစ်သည်တော်များသည် ရှာလ်လုမ်းခံ တပ်တွင် အပြင်းအထန်တိုက်ခိုက်ခဲ့ကြသည်။ တီးတိန်နယ်ကို အနိုင်ရပြီးသည့်နောက်တွင် ဖလမ်းကောင်စီ ခေါင်းဆောင်တို့နှင့် တစ်ဖန်ထပ်မံ ဆွေးနွေးခဲ့ကြပြန်သည်။ ဖလမ်းကောင်စီခေါင်း ဆောင်တစ်ဦးဖြစ်သော Pu Bawi Hmung နှင့်ဗြိတိသျှအရာရှိတို့ ဆွေးနွေးရာတွင် တာရွှန်းတို့အနေဖြင့် ရွှေဂျိုးဖြူနှင့် အပေါင်းအပါများ အား လက်လွှတ်ရန် အစီအစဉ်မရှိကြောင်း ကြွန်ဘိခ်ခေါင်းဆောင်ကပြောဆိုခဲ့သည်။

 

ဗြိတိသျှတို့သည် စီးယင်းများနေထိုင်သော ရွာကိုသာ သိမ်းပိုက်နိုင်ခဲ့ပြီး စီးယင်းစစ်တပ်ကိုမူ မချေမှုန်းနိုင်ခဲ့ပေ။ စီးယင်းစစ်သည်တော်များ သည် အရှုံးမပေးဘဲ ရွှေဂျိုးဖြူမင်းသားနှင့် ပူးပေါင်းကာ ဗြိတိသျှတပ်အား အခွင့်အခါ ကြုံတိုင်း ချုံခိုတိုက်ခိုက်ခဲ့ကြသည်။ ဇိုခွားနှင့် ဟားခါးနယ်မှလည်း မြေပြန့်ဒေသများကို သွားတိုက်ခဲ့ကြသည်။ ၁၈၈၉-၁၉၉ဝ ပြည့်နှစ် ဆောင်းရာသီတွင် ဗြိတိသျှစစ်တပ်သည် ချင်းတောင်တန်းတစ်ခုလုံး သိမ်းပိုက်ရန် ချီတက်ခဲ့ကြသည်။ Brigadier Gen. Tregear ဦးဆောင်သည့်တပ်ဖွဲ့ဝင် ၃၄ဝဝ ပါ အနောက်ပိုင်း စစ်ကြောင်းသည် အိန္ဒိယနိုင်ငံရှိLunglei မှ စတင်ချီတက်ပြီး ထန်တလန်နယ် အားလုံးကို သိမ်းပိုက်လိုက်သည်။ Colonel Symond (နောက်ဗိုလ်ချုပ်) ဦးဆောင်သည့် တပ်ဖွဲ့ဝင် ၁၈၆၉ ဦးပါတောင်ပိုင်းစစ်ကြောင်း သည် ပခုက္ကူမှ စတင်ချီတက်ပြီး ဇိုခွား၊Sakta နှင့် ဟားခါးကို သိမ်းပိုက်ခဲ့သည်။

 

ထို့နောက် ဖလမ်းသို့ ချီတက်ရန်အတွက်Gen.Symondသည် King’s Own Scottish Borderers (KOSB) အမှတ်အသား ၁ဝဝ၊ 2-4 th Gurkha Rifles မှ တပ်သား ၁၆၄ ဦးနှင့် အမှတ်(၁) Bengal Mountain Battery မှ လက်နက်ကြီးနှစ်လက်နှင့်အတူ ဖလမ်းသို့ချီတက်ခဲ့ကြသည်။ ဖလမ်းကောင်စီမှ ဗိုလ်ကြွန်ဘိခ်နှင့် Pu Mang Hlur တို့သည် စစ်ကြောင်းနှင့် လာရောက်တွေ့ဆုံပြီး ဘီလူး မတောင်တန်းအား (တာရွှန်းရွာထိပ်ရှိတောင် တန်း)အား ဖြတ်ကျော်ခြင်းမပြုရန် သတိပေးခဲ့သည်ဟု သိရသည်။ သို့သော် Gen.Symondသည် ထိုသတိပေးချက်အား လျစ်လျူရှုပြီး ဖလမ်းသို့ ဆက်လက်ချီတက်ရာ မတ် ၁၁ ရက် နံနက် ၈ နာရီတွင် ဖလမ်းအနောက် မြောက်ဘက်အရပ်ရှိ Ngalzawတွင် စခန်းချ ခဲ့ကြသည်။ ထိုအရပ်သည် တာရွှန်းရွာနှင့် ကြောင်ဟဲန်ရွာအကြားတွင် ဖြစ်သည်။ တာရွှန်းတို့၏ မြို့တော်ဖလမ်းတံခါးပေါက်သို့ ရောက်ရှိပြီဖြစ်ကြောင်း အသိပေးခဲ့ကြသည်။

 

Gen.Symond၊ နိုင်ငံရေးအရာရှိများဖြစ် သောMr.Rossနှင့်Mr. Carey တို့သည် ဖလမ်းကောင်စီမှ ခေါင်းဆောင်များဖြစ်ကြ သော ဗိုလ်ကြွန်ဘိခ်၊ Pu Mang Hlur၊ Pu Kha Lian၊ Pu Bawi Hmung၊ Pu Vum Ceu၊ အခြားအငယ်တန်းခေါင်းဆောင်တစ်ဦး ဖြစ်သော Pu Shin Layတို့နှင့် တွေ့ဆုံဆွေးနွေးပွဲကျင်း ပခဲ့ကြသည်။

 

ဗြိတိသျှတို့ ဖလမ်းသို့မချီတက်မီတွင် အထက်ချင်းတွင်းခရိုင်ဝန်ကCapt.Raikes မှ ဖလမ်းကောင်စီထံသို့ လက်နက်ချအရှုံးပေး ပြီး နှစ်စဉ်လျော်ကြေးနှင့် ဆက်သကြေးအဖြစ် ရူပီး ၁ဝဝဝဝ၊ ဆင်စွယ်နှစ်ချောင်းနှင့် ရူပီး ၅ဝဝ တန်ပိတ်စအား ဆက်သရန်ပြောသည်။ ထိုလျော်ကြေးအား လက်ခံရန်Gen.Symondက ပြောသောအခါ ''ရူပီးဟာ ကျွန်တော်တို့ ပိုက်ဆံမဟုတ်ဘူး။ ပိတ်စကလည်း ပြည်မကနေပဲ ဝယ်နိုင်တာဖြစ်တယ်။ ခင်ဗျားတို့ ကုန်သွယ်ရေးလမ်းကြောင်း ပိတ်တဲ့အတွက် ဝယ်လို့လည်းမရဘူး။ ခင်ဗျားတို့တောင်း ဆိုတဲ့လျော်ကြေးလည်း အဆမတန်များပြား လွန်းတာကြောင့် လိုက်လျောဖို့ မဖြစ်နိုင်ဘူး''ဟု ရှင်းပြခဲ့ကြသည်။

 

ဗိုလ်ကြွန်ဘိခ်မတက်တော့ဘဲ ကိုယ်စား အဖြစ် Pu Bawi Hmung, Pu Vum Ceu နှင့် အခြားအငယ် တန်းခေါင်းဆောင်အယောက် ၂ဝ တို့အား စေလွှတ်ခဲ့ပြီး ၎င်းတို့သည် ဗြိတိသျှ နိုင်ငံရေးအရာရှိများ ဖြစ်သော Mr.Ross နှင့် Mr. Carey တို့နှင့် ထပ်မံတွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ''ခင်ဗျားတို့ဟာ အင်အားကြီးမားသူဖြစ်သလို သနားညှာတာစိတ်လည်းရှိတဲ့သူတွေ ဖြစ်ကြတဲ့အတွက် ခင်ဗျားတို့တောင်းဆိုတာကို နှစ်စဉ်မဟုတ်ဘဲ သုံးနှစ်တစ်ခါဖြစ်မယ်ဆိုရင် ခင်ဗျားတို့နဲ့ ကျွန်တော်တို့ မိတ်ဆွေတွေ ဖြစ်မယ်လို့ တောင်းဆိုပါတယ်။'' ချင်းတောင်တွင် ငွေကြေးအသုံးမပြုကြပုံ၊ ငွေကြေးရရှိရန် ခက်ခဲပုံနှင့် တောင်းဆိုမှုများလွန်းသည်များကို ရှင်းပြပြီးနောက် ရူပီး ၅ဝဝ အစား နွားနောက် တစ်ကောင်ပေးရန် နှစ်ဖက်စလုံးသဘောတူ ခဲ့ကြသည်။

 

သို့သော် ဖလမ်းကောင်စီအနေဖြင့် ရွှေဂျိုးဖြူမင်းသားနှင့် အပေါင်းအပါများကိုမူ လက်လွှတ်ရန်ငြင်းဆိုခဲ့ကြပြီး ဖလမ်းကောင်စီ မှ ကာကွယ်ရန် သစ္စာဆိုထားပြီးဖြစ်သောကြောင့် လက်လွှတ်ရန်မဖြစ်နိုင်ကြောင်း ရှင်းပြခဲ့ကြသည်။ တာရွှန်းရွာမသည် ခန့်မှန်းခြေ အိမ်ခြေ ၄၅ဝ ခန့်ရှိပြီး ဘီလူးမတောင်တန်း၌ တည်ရှိသည်။ မြစ်ချောင်းနှစ်ချောင်း(Kurku- rpiချောင်းနှင့် ဒိုဘီချောင်း)မှ ကာကွယ်ထားပြီး မြောက်ဘက်တွင်မူ မဏိပူရမြစ်မှကာကွယ်ထားသည်။

 

ဖလမ်းကောင်စီမှ ခေါင်းဆောင်များသည်လည်း အနယ်နယ်အရပ်ရပ်ရှိ ချင်းလူမျိုးများထံသို့ ဗြိတိသျှ အစိုးရအား တိုက်ခိုက်ရန် နည်းမျိုးစုံ တိုက်တွန်းခဲ့ကြသည်။ Gungalမျိုးနွယ်စုမှ လူတချို့သည် မဏိပူရမြစ်ကိုဖြတ်ပြီး ဗြိတိသျှစခန်းဖြစ်သော Fort Whiteအား သွားရောက်တိုက်ခိုက်ခဲ့ပြီး မြင်းထိန်းသူတစ်ဦးနှင့် စစ်သားတစ်ဦး အသက်ဆုံးရှုံးခဲ့ရသည်။ ၁၈၉ဝ-၁၈၉၂ ခုနှစ်အတွင်း ချင်းပြည် မြောက်ပိုင်း အနှံ့အပြားတွင် ဗြိတိသျှစစ်တပ် နှင့် တိုက်ခိုက်မှုများ စဉ်ဆက်မပြတ် ဖြစ်ပွားခဲ့ သည်။

 

တာရွှန်းတို့၏ လက်ချက်ဖြစ်ကြောင်းနှင့် ၎င်းတို့တာဝန်ရှိကြောင်း ဗြိတိသျှတို့က စွပ်စွဲကြသည်။ ချင်းတောင် တစ်လျှောက်တွင် တာရွှန်းတို့သည် အင်အားအကြီးဆုံးမျိုးနွယ်စုဖြစ်ပြီး ၎င်းတို့၏ အင်အားသည် ဗြိတိသျှစစ်တပ်နှင့် မတိမ်းမယိမ်းတွင်ရှိသည်ဟု ဗြိတိသျှတို့ သတ်မှတ်ကြသည်။ တာရွှန်းတို့သည် သူတို့အုပ်ချုပ်၊ သြဇာညောင်းသော ဒေသမှ စစ်သည်တော် ၁ဝဝဝဝ အား ချက်ချင်းခေါ်ယူနိုင်သည်ကို သတိပြုမိကြသည်။

 

ဟားခါးမှ ထွက်ခွာလာသော တောင်ပိုင်း စစ်ကြောင်းသည် Major.Howlett ဦးဆောင်ပြီးမတ် ၁ဝ ရက်တွင် ထွက်ခွာလာခဲ့ကြသည်။ မြောက်ပိုင်းစစ်ကြောင်းသည်လည်းFort White မှ ထွက်ခွာလာခဲ့ကြသည်။ ဖလမ်းကောင်စီထံသို့ တာရွှန်းတို့အုပ်ချုပ် သောနယ်မြေများတွင် တွေ့သမျှလက်နက်ကိုင် သူများအားလုံး ဗြိတိသျှစစ် တပ်မှ ပစ်ခတ်မည်ဖြစ်ကြောင်း ဆက်သားပေးပို့ခဲ့သည်။ လက်နက်ကိုင်တာရွှန်း လူအုပ်စုအားတွေ့ရပြီး နှစ်ဖက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြရာ တာရွှန်းဘက်မှ တစ်ဦးကျရှုံးခဲ့ရသည်။ သို့သော် အကြီးအကဲများဖြစ်သော ဗိုလ်ကြွန်ဘိခ်သည် တက်ရောက်ခြင်းမရှိခဲ့ပေ။ ဗြိတိသျှတို့သည် ဗိုလ်ကြွန်ဘိခ်လာမည်ကို စောင့်မျှော်ခဲ့ကြ သော်လည်း ရောက်လာခြင်းမရှိသဖြင့် တက်ရောက်လာသည့် တာရွှန်းကိုယ်စားလှယ်တို့နှင့် ဆွေးနွေးပွဲ စတင်သည်။

 

''ဗြိတိသျှအစိုးရသည် တာရွှန်းတို့အပေါ် ယုံကြည်ချက်ရှိသော်လည်း တာရွှန်းတို့သည် ဗြိတိသျှစစ်တပ်နှင့် အစိုးရဝန်ထမ်းများအား အဆက်မပြတ်တိုက်ခိုက်ခြင်းများ ပြုလုပ်ခြင်းကြောင့် ယနေ့မှစပြီး ဗြိတိသျှစစ်တပ် အနေဖြင့် ဖလမ်းအား သိမ်းပိုက်မည်ဖြစ်သည်။ ဗြိတိသျှ စစ်တပ်အမြဲတမ်းနေထိုင်ရန်အတွက် စခန်းတစ်ခု ဖလမ်းတွင် တည်ဆောက်မည်ဖြစ်သည်။ တာရွှန်းတို့အနေဖြင့် ကမ်ဟောင်၊ စီးယင်းနှင့် စာခီလိန်းတို့ထံ အခွန်ကောက်ခံခြင်းများကို တားမြစ်သည်။ တာရွှန်းနယ်ရှိ မျိုးနွယ်စုများ သည် တာရွှန်းလက်အောက်သို့ မနေလိုလျှင် ၎င်းတို့အား ဗြိတိသျှအစိုးရမှ တိုက်ရိုက် အုပ်ချုပ်သွားမည်ဖြစ်သည်''ဟု ဗြိတိသျှတို့က ဆိုသည်။ ထိုအပေါ်မှစ၍ ဖလမ်းကောင်စီနှင့် တာရွှန်းတို့၏ သြဇာအာဏာသည်လည်း ပျောက်ကွယ်ပျက်သုဉ်းသွားခဲ့ရသည်။ ဗြိတိသျှ တို့က ဖလမ်းသို့ ဝင်ရောက်ချီတက်ခဲ့ကြသည်။ ဖလမ်းသည် သုသာန်တစ်စပြင်အလား ဆိတ်ငြိမ်လျက်ရှိ နေခဲ့သည်။

 

ဗြိတိသျှတို့ ချင်းတောင်မသိမ်းပိုက်မီတွင် တာရွှန်းတို့၏ ရွာမသည် ဖလမ်းဖြစ်ခဲ့သည်။ ဗြိတိသျှတို့ ချင်းတောင် သိမ်းပိုက်ပြီးသောအခါ သူတို့နေထိုင်ရန် စခန်းတစ်ခုတည်ဆောက်ခဲ့ကြသည်။ ထိုနေရာသည် ယခုဖလမ်းမြို့ (တစ်ချိန်က ချင်းဝိသေသတိုင်းမြို့တော်) ပင်ဖြစ်သည်။ ဗြိတိသျှတို့စခန်းတည်ချိန်တွင် တာရွှန်းတို့၏ ရွာမနာ မည်ပါသိမ်းကာ ဖလမ်းဟု ခေါ်ဆိုခဲ့ကြပြီး တာရွှန်းရွာမကိုမူ မျိုးနွယ်စုနာမည် တာရွန်းရွာအဖြစ် ယနေ့တိုင် တည်ရှိခေါ်ဆိုပြုဆဲဖြစ်သည်။

 

၁၈၉၂ ခုနှစ်နောက်ပိုင်းတွင်မူ ချင်း တောင်တန်းတစ်ခုလုံး ဗြိတိသျှတို့မှ တိုက်ရိုက် အုပ်ချုပ်ခဲ့ကြသည်။ သို့သော် လည်း ဒေသအုပ်ချုပ်ရေးကိုမူ တိုက်သူကြီးများမှတစ်ဆင့် အုပ်ချုပ်စေခဲ့သည်။ တာရွှန်းနယ်ကိုမူ ဗိုလ်ကြွန် ဘိခ်အား ဆက်လက်အုပ်ချုပ်စေခဲ့သည်။ တာရွှန်းတို့ ခေတ်အဆက်ဆက် အသုံးပြုခဲ့သော ဒီမိုကရေစီစနစ် အား ပယ်ဖျက်ခဲ့သည်။ ၁၈၉၆ ခုနှစ်တွင် ချင်းတောင်အက်ဥပဒေအား ပြဋ္ဌာန်းခဲ့သည်။ ၁၈၉၆ ခုနှစ်မှသာ ဗြိတိသျှအစိုးရသည် ချင်းတော်လှန်ရေးအား ငြိမ်ဝပ်ပိပြားအောင် ထိန်းချုပ်နိုင်ခဲ့သည်။

 

ဗိုလ်ကြွန်ဘိခ်သည် ၁၉၁ဝ ပြည့်နှစ် ဧပြီ ၁၁ ရက်တွင် ကွယ်လွန်ခဲ့ပြီး တာရွှန်းရွာတွင် မြှုပ်နှံခဲ့ရသည်။ ယနေ့အချိန်ထိ သူ၏အုတ်ဂူသည် တာရွှန်းရွာတွင် တွေ့မြင်နိုင်ဆဲဖြစ်သည်။ ဗိုလ်ကြွန်ဘိခ်သေဆုံးပြီး သူ့သားဖြစ်သူ ဦးဗန်မှုန်းအား တာရွှန်းနယ်အုပ်ချုပ်သည့် တိုက်သူကြီးအဖြစ် ဗြိတိသျှတို့က ဆက်လက် ခန့်အပ်ခဲ့သည်။

 

တာရွှန်းရွာတွင် ဗိုလ်ကြွန်ဘိခ်အား မြှုပ်နှံထားသည့် ခုနစ်ပေခွဲခန့်အမြင့်ရှိသော ဂူရှိသည်။ ကပ်လျက်အုတ်ဂူ တစ်ဂူရှိသေးသည်။ ရွာတွင် လာရောက်သူများလေ့လာရန် အိမ်ပြခန်းတစ်ခန်းရှိသည်။ ပြခန်းတွင်လေး၊ မြား၊ မောင်း၊ အင်္ဂလိပ်ကင်မရာ၊ ငွေဓား၊ တူမီး၊ သေနတ်များရှိသည်။ ၎င်းအပြင် ဗိုလ်ကြွန်ဘိခ် မျိုးဆက်မိသားစု ကမ္ပည်း ကျောက်စာတိုင်များကို တွေ့ရသည်။ ကျောက် စာများက တစ်ပေခွဲ၊ နှစ်ပေနီးပါးမြင့်သည်။ အချို့ ကျောက်စာ တိုင်တွင် နွား၊ နွားနောက်၊ လှံ၊ မောင်း၊ သမင်၊ နွားနောက်ပိုင်ဆိုင်သူများကို ပန်းချီရေးဆွဲ ဖော်ပြထားကြောင်း တွေ့ရသည်။ တာရွှန်းကျေးရွာတွင် အခြေခံပညာမူလတန်း ကျောင်းတစ်ကျောင်းရှိသည်။ တာရွှန်းကျေးရွာ ကားချင်းတိုင်းရင်းသားတို့၏ သမိုင်းဝင် တော်လှန်ရေးကျေးရွာဖြစ်သည်။ နယ်ချဲ့တို့ အုပ်ချုပ် ရေးအတွက် ခက်ခဲရှုပ်ထွေးခဲ့ရပြီး နှစ်ပေါင်းများစွာ တိုက်ခိုက်သိမ်းပိုက် ကြိုးပမ်း ခဲ့ရသော တာရွှန်းကျေးရွာကား ယခုအခါ ဆိတ်ငြိမ်အေးချမ်းစွာ တည်ရှိလျက်ရှိသည်။ တာရွှန်းကျေးရွာကား အတိတ်သမိုင်းကြောင်းကို ပြောပြနေသော သက်မဲ့ပန်းချီကားတစ်ချပ်ပမာရှိသည်။ ချင်းလူမျိုးသူရဲကောင်း ဗိုလ်ကြွန်ဘိခ်အား မွေးဖွားသောကျေးရွာ၊ နယ်ချဲ့ဗြိတိသျှတို့အား တော်လှန်တိုက်ခိုက် သောကျေးရွာအဖြစ် ခိုင်မာစွာရှိနေသော ကြောင့် ချင်းပြည်နယ် ဖလမ်းမြို့နယ် တာရွှန်း ကျေးရွာသို့ လာရောက်လေ့လာသင့်ပါကြောင်း တိုက်တွန်းရေးသား လိုက်ရပါသည်။ 

 

မင်းလပြည့် (ဟားခါး)