ချင်းပြည်နယ် အခြေခံပညာကျောင်းများ၏ ၂၀၁၈-၂၀၁၉ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကျင်းပ

ဟားခါး ၃ ဇန်နဝါရီ            

ချင်းပြည်နယ် အခြေခံပညာကျောင်းများ၏ ၂၀၁၈-၂၀၁၉ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ဇန်နဝါရီ ၃ ရက် နံနက် ၁၀ နာရီက ဟားခါးမြို့ အ.ထ.က(၁)၊ ဗိုလ်တိုက်ချွန်းခန်းမ၌ ကျင်းပပြုလုပ်ရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပြည်နယ်ပညာရေးမှူးနှင့် မြို့နယ်အသီးသီးရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် ဆရာ/ဆရာမများ၊ ဆုရကျောင်းသား ကျောင်းသူများနှင့် ကျောင်းသားမိဘများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

mdn

ရှေးဦးစွာ ဟားခါးမြို့ အ.ထ.က(၁)မှ ကျောင်းသား၊ ကျောင်းသူလေးများက စုံညီပွဲတော် ဒို့နွှဲပျော် တေးသီချင်း သီဆိုဖွင့်လှစ်ခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်က အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် ပြည်နယ်ပညာရေးမှူး ဒေါ်နှင်းကြည်က ချင်းပြည်နယ်၏ ပညာရေးဆိုင်ရာ အချက်အလက်များ၊ ၂၀၁၈-၂၀၁၉ ပညာသင်နှစ် သန့်ရှင်းသာယာလှပသော ကျောင်းများအား ဆုပေးရွေးချယ်ထားရှိမှု အခြေအနေ၊ ပညာရည်ချွန်ဆုရ ကျောင်းသား ကျောင်းသူလေးများနှင့် ပညာသင်ကျောင်းသား ကျောင်းသူလေးများ၏ ပညာရေးအခြေအနေ၊ ပညာရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုများတွင် ဆရာ၊ မိဘ၊ ကျောင်းသားတူညီစွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

mdn

ထို့နောက် ချင်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သည့် ပညာရေးစုံညီပွဲတော် ရန်ပုံငွေကို ဝန်ကြီးချုပ်ကပေးအပ်ရာ ပြည်နယ်ပညာရေးမှူးက လက်ခံရယူသည်။ ဆက်လက်ပြီး ၂၀၁၈-၂၀၁၉ ပညာသင်နှစ် သန့်ရှင်းသာယာလှပသော ကျောင်းဆုတွင် ဆုရရှိသည့် ဟားခါးမြို့ အမှတ်(၁)၊ အခြေခံပညာ အထက်တန်းကျောင်း၊  ထန်တလန်မြို့ အခြေခံပညာ အလယ်တန်းကျောင်းနှင့် ဟားခါးမြို့ ဖာရ်ဟွာလ် အခြေခံပညာ မူလတန်းကျောင်းနှင့် ပညာရည်ချွန်ဆုရ ကျောင်းသား ကျောင်းသူ စုစုပေါင်း(၇၅)ဦးကို ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

mdn

ဆက်လက်ပြီး ပညာရေးစုံညီပွဲတော်ပြခန်း ဖွင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပညာရေးစုံညီပွဲတော်မုဒ်ဦးအား ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီးနောက် ဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသူများက ပြခန်းအတွင်း ခင်းကျင်းပြသထားသည့် ပညာရေးဆိုင်ရာ မှတ်တမ်းဓာတ်ပုံများ၊ နံရံကပ်စာစောင်များ၊ ပိုစတာများကို လှည့်လည်ကြည့်ရှု လေ့လာခဲ့ကြကြောင်း သိရှိရသည်။

မြင့်နိုင်စိုး(ထီးလှိုင်မြေ)

mdn