ချင်းပြည်နယ် အသက်မွေးဝမ်းကျောင်း ထူထောင်ရေး အရေးပေါ်ကူညီ ထောက်ပံ့မှု စီမံကိန်းမှ Basic QGIS and Mobile GPS Training သင်တန်းဖွင့်ပွဲကျင်းပ

ဟားခါး ၁၆  ဇန်နဝါရီ       

ချင်းပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(DRD)နှင့် ပေါင်းစုလုပ်အား အကူအညီပေးရေးအဖွဲ့ (NAG) တို့ပူးပေါင်း၍ ချင်းပြည်နယ် အသက်မွေးဝမ်းကျောင်း ထူထောင်ရေး အရေးပေါ် ကူညီထောက်ပံ့မှု စီမံကိန်းမှ Basic QGIS and Mobile GPS Training သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ဟားခါးမြို့ ပြည်နယ်ကျေးလက်ဒေသဖွံ့ တိုးတက်ရေးဦးစီးဌာနရုံး သင်တန်းခန်းမ၌ ကျင်းပခဲ့သည်။


အခမ်းအနားတွင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနပြည်နယ်ဦးစီးမှူး ဦးရဲမင်းကျော်က ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အနေဖြင့် ဦးစီးဌာန၏ မူဝါဒများနှင့်အညီ လုပ်ငန်းစဉ်များ ချမှတ်ပြီး လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး၊ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေး စီမံကိန်းများ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ 


ထို့သို့ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ပိုမိုအထောက်အကူပြု ဆောင်ရွက်နိုင်ရေးအတွက် ကျေးလက်ဦးစီးဌာနနှင့် ဆက်စပ်ဌာနဝန်ထမ်းများအား နည်းပညာကျွမ်းကျင်မှု၊ လုပ်ငန်းကျွမ်းကျင်မှုများ ရရှိစေရေး ရည်ရွယ်ပြီး သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။


အဆိုပါ  သင်တန်းတွင် သင်တန်းနည်းပြများအဖြစ် ပေါင်းစုလုပ်အားအကူအညီပေးရေးအဖွဲ့ (NAG) နှင့် ချင်းပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနတို့မှ သက်ဆိုင်ရာ ဘာသာရပ်များအလိုက် စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ သင်တန်းသားသင်တန်းသူ စုစုပေါင်း ၂၀ တက်ရောက်ကာ သင်တန်းကာလမှာ ဇန်နဝါရီလ ၁၆ ရက်မှ ၁၈ ရက်အထိ ၃ ရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။


မြင့်နိုင်စိုး (ထီးလှိုင်မြေ)