ချင်းပြည်နယ်ရှိ မြို့ ၁၅ မြို့အား အဆင့်သုံးဆင့်ခွဲ၍ မြို့ပြဖွံ့ဖြိုးရေး စီမံကိန်းဖော်ဆောင်မည်

ဟားခါး ၇ နိုဝင်ဘာ 

 

ဖွံ့ဖြိုးတိုးတက်မှု နောက်ကျသည့် ချင်းပြည်နယ်အတွင်း စီးပွားရေးအားကောင်းသော၊ ပညာရေး ကောင်းမွန်သော၊ နေချင့်စဖွယ်နှင့် သန့်ရှင်းလုံခြုံသော မြို့များဖြစ်စေရန်ရည်ရွယ်၍ ပြည်နယ်အတွင်းရှိ ခရိုင်နှင့် မြို့နယ်အပါအဝင် မြို့ ၁၅ မြို့တို့အား မြို့ပြဖွံ့ဖြိုးရေးမြှင့်တင်သည့် အနေဖြင့် စီမံကိန်းအဆင့် သုံးဆင့်ခွဲကာ စီမံချက်ချ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ချင်းပြည်နယ် အစိုးရအဖွဲ့ရုံးမှ သိရသည်။

 

“ချင်းပြည်နယ်ရဲ့ မြို့ပြဖွံ့ဖြိုးတိုးတက်ဖို့ ဆွေးနွေးပွဲပြုလုပ်တဲ့အခါမှာ မြို့ပြနဲ့ အိုးအိမ်ဦးစီးဌာန(ရုံးချုပ်) ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းမြင့်(ငြိမ်း) (ပြင်ပပညာရှင်)နဲ့ အဖွဲ့တွေလည်း တက်ရောက်အကြံပြု ဆွေးနွေးခဲ့ပါတယ်။

 

ချင်းပြည်နယ်မှာရှိတဲ့ မြို့အားလုံးဟာ တောင်ပေါ်မြို့တွေချည်းပဲ ဖြစ်သလို မြို့တစ်မြို့နဲ့ တစ်မြို့ကလည်း တည်ရှိပုံအနေအထား မတူပါဘူး။ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့မြို့တွေက ဖွံ့ဖြိုးမှုပိုပြီး နောက်ကျပါတယ်။ တောင်ပေါ်မြို့ဆိုပေမယ့် တချို့မြို့တွေက မြေပြိုခံရမှု မဖြစ်သလောက်နည်းပါးပြီး တချို့ မြို့တွေကျတော့ သက်နုမြေသားတောင်ပေါ်မှာ ရှေးကတည်းက တည်ထားတဲ့မြို့တွေ ဖြစ်တာကြောင့် မြေပြိုမှုတွေ ဖြစ်ပွားလေ့ရှိပါတယ်။ မကြာခင် ချင်းပြည်နယ်မှာရှိတဲ့ မြို့တွေမှာ စီးပွားရေးအားကောင်းလာသလို ပညာရေးကောင်းမွန်လာပြီး ဖွံ့ဖြိုးတိုးတက်လာတဲ့ မြို့တွေဖြစ်လာပါလိမ့်မယ်” ဟု ချင်းပြည်နယ် စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးဆလိုင်းအိုက်ဇက်ခင်က ပြောသည်။

 

ချင်းပြည်နယ်အတွင်း မြို့ပြစီမံကိန်းများကို အဆင့်သုံးဆင့် ဆောင်ရွက်ရာတွင် ပထမအဆင့်၌ ဟားခါးမြို့၊ ဖလမ်းမြို့နှင့်ပလက်ဝမြို့၊ ဒုတိယအဆင့်၌ ဆမီးမြို့၊ ရေဇွာမြို့၊ လိုင်လင်းပီမြို့၊ ခိုင်ကမ်းမြို့၊ ရိခေါဒါရ် မြို့နှင့်ကျီခါးမြို့၊ တတိယအဆင့်၌ မတူပီမြို့၊ မင်းတပ်မြို့၊ တီးတိန်မြို့၊ ကန်ပက်လက်မြို့၊ တွန်းဇံမြို့နှင့် ထန်တလန်မြို့များ ပါဝင်မည်ဖြစ်ပြီး ပထမအဆင့်နှင့် တတိယအဆင့်မြို့များမှာ ခရိုင်နှင့် မြို့နယ်အဆင့်သတ်မှတ် ထားသောမြို့များဖြစ်ရာ ဒုတိယအဆင့်မြို့များမှာ အသစ်တိုးချဲ့ထားသည့်မြို့နှင့် အဆင့်မြှင့်တင်ထားသော မြို့များဖြစ်၍ အဆိုပါ မြို့ပြဖွံ့ဖြိုးတိုးတက်ရေးကို ပြည်နယ်အစိုးရ၏ ဦးဆောင်မှုဖြင့် ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ မြို့ပြဖွံ့ဖြိုးရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို အောက်တိုဘာလ တတိယပတ်က ဟားခါးမြို့၌ သုံးရက်ကြာ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ချင်းပြည်နယ်အတွင်းရှိ ခရိုင်/မြို့နယ်/မြို့များမှ ကိုယ်စားလှယ်များတက်ရောက်ကြပြီး မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းမြင့်(ငြိမ်း) (ပြင်ပ ပညာရှင်)က မြို့ပြစီမံကိန်း နှင့်ပတ်သက်၍ သိသင့်သိထိုက်သည့် အချက်များ၊ ချင်းပြည်နယ်အစိုးရအဖွဲ့ အတွင်ရေးမှူး ဦးခင်မောင်ကျော်က မြေယာစီမံခန့်ခွဲရေးအကြောင်း၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မိုးမိုးလှိုင်က မြို့ပြစီမံကိန်း ရေးဆွဲအကောင်အထည်ဖော်ရာတွင် အဓိက လိုအပ်ချက်များအကြောင်းတို့ကို အသီးသီး ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

နေစု(ချင်းရိုးမ)

 

111