ချင်းတိုင်းရင်းသားရိုးရာ အမွေအနှစ်ပစ္စည်းများပြပွဲသို့ ကျောင်းသား/သူများ လာရောက်လေ့လာ

စေတုတ္တရာ ၁၉ စက်တင်ဘာ    

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးရှိ ပြတိုက်ငယ် (Museum) တွင် ချင်းတိုင်းရင်းသားရိုးရာ အမွေအနှစ်ပစ္စည်းများကို စက်တင်ဘာ (၁၅) ရက်မှစတင် ခင်းကျင်းပြသထားရာ အဆိုပါ ပြပွဲသို့ စက်တင်ဘာ (၁၈) ရက် နံနက်ပိုင်းက ကျောင်းသား/သူများ လာရောက်လေ့လာလျက်ရှိကြောင်း သိရသည်။

 

ချင်းတိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအမွေအနှစ်ပစ္စည်းများ ခင်းကျင်းပြသထားသည့် စေတုတ္တရာမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြတိုက်ငယ်(Museum) သို့ လာရောက်လေ့လာသည့် အ.ထ.က ကျောင်းမှ ကျောင်းသား/သူများအား မြို့နယ်ယဉ်ကျေးမှု ပြတိုက်ဖြစ်မြောက်ရေး ကော်မတီဥက္ကဋ္ဌ ဦးလင်းဦးနှင့် အဖွဲ့ဝင် ဒေါ်အေးအေးမြင့်တို့က ပြတိုက်အတွင်း ခင်းကျင်းပြသထားသည့် ချင်းတိုင်းရင်းသားရိုးရာ အမွေအနှစ်ပစ္စည်းများနှင့် ပတ်သက်၍ ရှင်းလင်းပြသလျက်ရှိရာ လာရောက်လေ့လာသည့် ကျောင်းသား/သူများမှ သိရှိလိုသည်များကို ပြန်လည်မေးမြန်းခဲ့ကြသည်။

 

“ကျွန်မတို့က ပြခန်းမှာ ဒေသဆိုင်ရာ သတင်းအချက်အလက်ပြကွက်၊ ဒေသတွင်းလူမျိုးစုံပြကွက် ဒေသတွင်းရှိ ရှေးဟောင်းယဉ်ကျေးမှု ဆိုင်ရာပြကွက်၊ ငွေကြေးဆိုင်ရာပြကွက်နဲ့  အခြားလူ့အသုံးအဆောင် ပစ္စည်းများ ပြကွက်ဆိုပြီး ပြကွက်(၅)ကွက်ဖြင့် ပြသလျက်ရှိပါတယ်၊ ဒေသခံချင်း(၄)မျိုးရဲ့ ပစ္စည်းအမျိုးပေါင်း (၁၂၇) မျိုးကို စက်တင်ဘာလကုန်အထိ ပြသဆောင်ရွက်သွားမှာ ဖြစ်ပါတယ်၊ ယခုလို ဒေသခံပြည်သူတွေနဲ့ ကျောင်းသား/ သူများက ပြခန်းကို စိတ်ဝင်တစား လာရောက်ကြည့်ရှုကြတဲ့အတွက် အရမ်းပဲ ဝမ်းသာပီတိဖြစ်ရပါတယ်” ဟု မင်းဘူးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်သိမ့်သိမ့်လွင်ထံမှ သိရသည်။

 

အဆိုပါပြပွဲသို့ စေတုတ္တရာမြို့၊ အ.ထ.က  ကျောင်းရှိ ကျောင်းသား/ သူ (၃၅၀) ဦးတို့မှ အဖွဲ့ (၄) ဖွဲ့ခွဲ၍ လာရောက်လေ့လာလျက်ရှိရာ တာဝန်ရှိသူများမှ ရှင်းလင်းပြသခဲ့ကြောင်း သိရသည်။

 

မျိုးမြတ်(မင်းဘူး)