ချန်ပီယံဆုအတွက် သုံးသင်း၊ တန်းဆင်းဇုန်အတွက် သုံးသင်းအပြိုင်ဖြစ်နေသည့် MNL ပြိုင်ပွဲ

၂၂ သြဂုတ်


၂၀၁၉ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပြီးဆုံးရန် တစ်ပွဲသာလိုတော့ပြီး ချန်ပီယံဆုအတွက် သုံးသင်း၊ တန်းဆင်းဇုန်အတွက် သုံးသင်းအပြိုင်ဖြစ်နေကာ နောက်ဆုံးပွဲမှ အဖြေထွက်ပေးမည်ဖြစ်သည်။


ပွဲစဉ် (၂၁) အပြီးတွင် နိုင်ငံတကာရက်သတ္တပတ်ကြောင့် ပြိုင်ပွဲကို သုံးပတ်ကြာရပ်နားမည်ဖြစ်ပြီး နောက်ဆုံးရက်သတ္တပတ်ဖြစ်သည့် ပွဲစဉ် (၂၂) ကို စက်တင်ဘာ ၁၅ ရက်တွင် တစ်ရက်တည်း ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ 

 

ချန်ပီယံဆုအတွက် အပြိုင်ဖြစ်နေသည့် ရှမ်းယူနိုက်တက်၊ ဧရာဝတီနှင့် ရန်ကုန်အသင်းသည် နောက်ဆုံးပွဲကို အိမ်ကွင်း၌ ကစားရမည်ဖြစ်ပြီး တန်းဆင်းဇုန်အတွက် အပြိုင်ဖြစ်နေသည့်အသင်းများအနက် Southern နှင့် ဒဂုံအသင်းသည် ထိပ်တိုက်တွေ့ဆုံနေပြီး Chinland အသင်းမှာမူ အဝေးကွင်းကစားရမည်ဖြစ်သည်။ ပွဲစဉ် (၂၁) အပြီးတွင် ဇွဲကပင်အသင်းသည် အဝေးကွင်း၌ ရတနာပုံကိုအနိုင်ယူပြီး တန်းဆင်းဇုန်မှ လွတ်မြောက်သွားရန် သုံးသင်းသာ အပြိုင်လုရမည့်အနေအထားဖြစ်သွားခဲ့သည်။ ပွဲစဉ် (၂၁) အပြီးတွင် ရှမ်းယူနိုက်တက်အသင်းက ၄၃ မှတ်ဖြင့် ထိပ်ဆုံးမှ ဦးဆောင်နေပြီး ဧရာဝတီအသင်းက ၄၁ မှတ်၊ ရန်ကုန်အသင်းက ရမှတ် ၄၀၊ ဟံသာဝတီအသင်းက ၃၂ မှတ်၊ ရခိုင်အသင်းက ၃၁ မှတ်၊ ရတနာပုံအသင်းက ၂၉ မှတ်၊ စစ်ကိုင်းအသင်းက ၂၇ မှတ်၊ မကွေးအသင်းက ၂၄ မှတ်၊ ဇွဲကပင်အသင်းက ၂၁ မှတ်၊ Southern အသင်းက ရမှတ်၊ ၂၀၊  ဒဂုံနှင့် Chinland အသင်းတို့က ၁၇ မှတ်စီရထားသည်။ 


ချန်ပီယံဆုအတွက် မျှော်လင့်ချက်ရှိနေသည့်အသင်းများအနက် ရှမ်းယူနိုက်တက်အသင်းက ရခိုင်အသင်း၊ ဧရာဝတီအသင်းက စစ်ကိုင်းအသင်း၊ ရန်ကုန်အသင်းက မကွေးအသင်းနှင့် အိမ်ကွင်းကစားရမည်ဖြစ်သည်။ နှစ်မှတ်အသာရထားသည့် ရှမ်းယူနိုက်တက်အသင်းသည် နိုင်ပွဲရယူနိုင်ရုံဖြင့် ချန်ပီယံဆုရမည်ဖြစ်ပြီး ဧရာဝတီအသင်းမှာမူ နိုင်ပွဲရရန် လိုအပ်သည့်အပြင် ရှမ်းအသင်း ခြေချော်မှသာ မျှော်လင့်နိုင်မည်ဖြစ်သည်။ ရန်ကုန်အသင်းမှာမူ ရှမ်းနှင့် ဧရာဝတီ နှစ်သင်းစလုံး ခြေချော်မှသာ မျှော်လင့်နိုင်မည်ဖြစ်ရာ ယင်းသုံးသင်းတွင် အခွင့်အရေးအနည်းဆုံးဖြစ်နေသည်။ တန်းဆင်းဇုန်တွင်မူ Southern နှင့် ဒဂုံအသင်း တွေ့ဆုံနေရာ ဒဂုံအသင်းအနေဖြင့် ဂိုးပြတ်အနိုင်ရမှ မျှော်လင့်နိုင်မည်ဖြစ်ပြီး Southern အသင်းသာ အနိမ့်ဆုံးသရေကစားနိုင်ပါက တန်းဆင်းဇုန်မှ လွတ်မြောက်မည်ဖြစ်သည်။ ထို့ကြောင့် သုံးမှတ်အသာရထားသည့် Southern အသင်းက တန်းဆင်းဇုန်မှလွတ်ရန် အခွင့်အရေးအကောင်းဆုံးဖြစ်နေပြီး ဒဂုံနှင့် Chinland အသင်းမှာ အခွင့်အရေးနည်းနေသည်။


သတင်း-ညီမြတ်သော်တာ