ခရီးသွား လှေများ

ကမ္ဘာစစ်ကြီးဖြစ်နေသည်။ တစ်ဖက်နှင့်တစ်ဖက် စစ်တိုက်နေကြ၏။ လူသားအားလုံးက တစ်ဖက်ဟု ဘီလ်ဂိတ်က သူ၏ “The First Modern Pandemic” ဘလော့ခ်တွင် အစချီ ရေးသားထားပါသည်။

မှန်ပေသည်။ လူသားအားလုံးက တစ်ဖက်ဖြစ်သည်။ အခြားတစ်ဖက်က ရန်သူကိုတော့ မမြင်ရပေ။

 

မမြင်ရသောရန်သူ၊ ပါးနပ်လှည့်စားတတ်သော ရန်သူကို တိုက်နေရသော တိုက်ပွဲကား မလွယ်လှချေ။ တိုက်ပွဲက ရှည်ကြာဦးမည်ဖြစ်သည်။ ဤမုန်တိုင်းလမ်း ခရီးကြမ်းကို လူသားအားလုံး ဖြတ်သန်းကြရပေဦးမည်။ လူသားအားလုံးက တစ်ဖက်တည်းမှာဖြစ်သဖြင့် တစ်လှေတည်းစီး တစ်ခရီးတည်းသွားနေကြသည်ဟူ၍ကား မထင်လိုက်ကြပါလေနှင့်။ တစ်ခရီးတည်းတော့ သွားနေကြပါသည်။ တစ်လှေတည်းတော့ မဟုတ်ကြပါ။

 

ကမ္ဘာတစ်ခွင်တွင်.....

တချို့က quarantine ကာလမှာမှ မိသားစုတွေ မျက်နှာစုံညီတွေ့ဆုံခွင့်ရပြီး လက်ကိုင်ဖုန်းကို မြှောက်ကာ မော့ကြည့် ဆယ်လ်ဖီ(selfi) ဆွဲကြသည်။ တချို့က ရှည်ကြာလာသော quarantine ကာလမှာ ထမင်းအိုး အပေါ်မြှောက် မှောက်ချကာ ထမင်းစေ့လေးများ ကျလာလေမလားဟု တစ်မိသားစုလုံး မျှော်လင့်တကြီး မော့ကြည့်မိကြသည်။

 

တချို့က quarantine ကာလမှာမှ မိသားစုတွေ အေးအေးဆေးဆေးစကားပြော၊ အတွေ့အကြုံဖလှယ်၊ အမြင်တွေဝေမျှ ရှေ့လုပ်ငန်းစဉ်တွေကို ဆွေးနွေးခွင့်ရသည်။ တချို့ အိမ်တွင်းရေး အကြမ်းဖက်မှု ပြုတတ်သူပါသော မိသားစုများမှာကား quarantine ကာလမှာ ငရဲခန်းရောက်နေရသည်။

 

တချို့က quarantine ကာလမှာ ကော်ဖီသောက်ရသည်ကို ငြီးငွေ့လာလျှင် လက်ဖက်ရည် အမျိုးမျိုးသာမက ယမကာများနှင့် ငြိမ့်နေကြသည်။ တချို့က quarantine ကာလမှာ လမ်းထိပ်က လက်ဖက်ရည်ကိုပင် သွားဝယ် မသောက်နိုင်ကြချေ။

 

တချို့က မိသားစုစုံစုံညီညီဖြင့် ယခုမှသာ အနားရတော့သည်။ ကျောင်းပိတ်ရက်ခရီးထွက်လျှင်ပင် ဤသို့ နားရသည်မဟုတ်ခဲ့ပေ။ တချို့က သား၊ သမီး၊ မြေးတွေကို မတွေ့ရ၊ မထိရဘဲ လွန်စွာ အထီးကျန်နေကြ သည်။

 

တချို့က ဒီတစ်ပတ် တားဆီးကန့်သတ်မှုများ ပြန်မဖွင့်လျှင် spa မသွားရမှာ စိုးရိမ်နေကြသည်။ တချို့က ဒီတစ်ပတ် တားဆီးကန့်သတ်မှုများ ပြန်မဖွင့်လျှင် စားစရာဆန် မရှိတော့မှာ စိုးရိမ်နေရသည်။

 

တချို့က အိမ်မှာနေရတော့မှ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများ အချိန်မှန်လုပ်လာနိုင်သည်။ ခြံထဲဆင်းပြီး ပန်းပင်၊ စားပင်လေးတွေ စိုက်လာနိုင်သည်။ ပို၍ ကျန်းမာလာကြသည်။

 

တချို့က အခန်းကျဉ်းလေးထဲမှာ ပြတင်းတစ်ပေါက်တည်းနှင့် ညီအစ်ကိုမောင်နှမ၊ ယောက်ဖ၊ မြေး၊ အဒေါ်၊ မိထွေး တစ်ပြုံလုံး ကျဉ်းကျဉ်းကျပ်ကျပ် နေရသည်။

 

တချို့က အိမ်ထဲမှာနေတာကြာလာသည့်အခါ ပျင်းလွန်းသဖြင့် အပြင်ထွက်ချင်နေကြသည်။

 

တချို့က အန္တရာယ်ကိုနားလည်သဖြင့် အပြင် မထွက်ချင်ကြသော်လည်း ဝမ်းရေးကြောင့် အလုပ်လုပ်ရန် အပြင်ထွက်နေရသည်။

 

တချို့က ပင်လယ်ကမ်းခြေမှာ အပန်းဖြေသွားချင် နေကြသည်။

 

တချို့က ထိုသို့ တာဝန်မဲ့သူတွေကို ဆုံးမချင်နေသည်။

 

တချို့ကလေးတွေက အွန်လိုင်းသင်ယူမှုဖြင့် အရှိန်အဟုန်မပျက် ပညာဆက်လက်သင်ယူနေကြသည်။

 

တချို့ကလေးတွေက ဖတ်စရာစာအုပ်ပင် မရှိတော့ချေ။

 

တချို့က သန်သန်မာမာကြီးကနေ ရောဂါရပြီး နေ့ချင်းညချင်း အသက်ရှူမရဘဲ အသက်ဆုံးရသည်။

 

တချို့က အသက်၁၀၀ကျော်အရွယ်မှာ ရောဂါရသည် ပင်လျှင် ပြန်လည်ကျန်းမာလာကြသည်။

 

တချို့က အလောင်းတွေထပ်နေသော သတင်းတွေကို ဇာတ်လမ်းပမာအလား ဖန်သားပြင်မှာပဲ ရှုစားနေ ရသည်။ တချို့က ကိုယ့်ဆွေမျိုးသားချင်း အသက်ရှူ အထောက်အကူပြုကိရိယာ (ventilator) မြန်မြန်ပြုတ်ပြီး နေကောင်းလာပါစေဟု ပူပူဆွေးဆွေး ဆုတောင်း နေရသည်။

 

တချို့က လူမှုကွန်ရက်စာမျက်နှာ သုံးကာ Dhamma download ရယ်၊ ကိုဗစ်ရယ်ကို အခွင့်အရေးအဖြစ် အသုံးချ ပြီး ဗုဒ္ဓမြတ်စွာရဲ့ အနက်နဲဆုံး အဘိဓမ္မာကို လေ့လာသင်ယူ နေကြသည်။

 

တချို့က လူမှုကွန်ရက်စာမျက်နှာသုံးကာ သူများ ဘဝတွေထဲ ဝင်ကြည့်နေကြသည်။

 

တချို့က တစ်ခါမှမရဖူးသော တစ်ကိုယ်တည်းနေရသည့် အခွင့်အရေးကို အသုံးချကာ ကိုယ်တွင်း လောကကို မပြတ်မလပ်ရှုမှတ်ရင်း အခန်းကျဉ်းလေးထဲမှာ အေးချမ်းနေကြသည်။ ရိပ်သာသွားဖို့ အကြိမ်ကြိမ် ကြိုးစားတာ မအောင်မြင်ခဲ့သမျှ အတိုးချကာ ကြိုးစားနေ ကြသည်။

 

တချို့က ငါဒီလိုဖြစ်ရတာ ဟိုလူကြောင့် ဒီလူကြောင့် ဟု လက်ညှိုးထိုးကာ အပြင်လောက၏ အပူတွေကို ယူနေကြသည်။

 

တချို့က အားလုံးအဆင်ပြေတော့မည်ဟု ယုံကြည် နေကြသည်။

 

တချို့ကတော့ အဆိုးဆုံးတွေလာဦးမှာဟု ယုံကြည် နေကြသည်။

 

ဤသို့ဖြင့်.....

ကမ္ဘာပေါ်ရှိ လူသားတို့သည် တစ်ခရီးတည်း သွားနေကြသော်လည်း တစ်လှေတည်း စီးနေကြသည် မဟုတ်ချေ။ ကိုယ့်မှာရှိသောလှေ၊ ရွေးချယ်ခွင့်ရှိလျှင်လည်း ကိုယ်နှစ်သက်ရာလှေကို ရွေးချယ်ပြီး လှော်နေကြရင်း ဤမုန်တိုင်းကို ကျော်ဖြတ်သွားကြမည် ဖြစ်ပေသည်။

 

ထို့ကြောင့်...

ကိုယ်လှော်နေသောလှေ၏ အပြင်ဘက်ကို ငဲ့ကြည့်သင့်ပေသည်။ ထိုသို့ကြည့်ရာဝယ် တစ်ချက် ဝင်ကြည့်ရုံမျှမက တခြားလှေများ၏ အားနည်းချက်၊ အားသာချက်များကို နားလည်အောင် စူးစိုက်ကြည့်ရပေမည်။

 

သို့မှသာ ဤမုန်တိုင်းလမ်း ခရီးကြမ်းကို အထိ အရှ အနည်းဆုံးဖြင့် လက်တွဲဖြတ်သန်းနိုင်ကြမည် ဖြစ်ပေသည်။

 

အထက်ပါစာသည် အင်္ဂလိပ်ဘာသာဖြင့် ရေးထားသော စာစုလေးကို မြန်မာမှုပြုထားခြင်း ဖြစ်ပါသည်။

 

ဗုဒ္ဓအဆုံးအမကို သက်ဝင်ယုံကြည်သူ စာရေးသူအမြင် ပြောရမည်ဆိုလျှင်တော့ “ကံ ဟုသာ တစ်ခွန်းတည်း ပြောချင်ပါသည်။

 

ကံဟူသည်ကို အဓိပ္ပာယ်ဖွင့်ရမည်ဆိုလျှင်ကား “ကံ ဟူသည်မှာ အလုပ်ပါ။ အလုပ်ကောင်းလျှင် “ကံကောင်းမည်ဟု ဗုဒ္ဓဘာသာဝင်များ ယုံကြည်ကြသည်။

 

အများနားလည်ကြ

အတိတ်မှာ အလုပ်ကောင်းခဲ့ကြသူများက လှေကြီးကြီး ခိုင်ခိုင်ကျယ်ကျယ်ဝန်းဝန်းတွင် သက်သောင့်သက်သာ ရှိကြသည်၊ အတိတ်မှာ အလုပ်မကောင်းခဲ့သူများမှာကား လှေငယ်ငယ် ယိုင်ယိုင်တွင် ခနော်ခနဲ့လှော်ခတ်နေရသည်ဟု အများနားလည်ကြသည်။

 

ထို့ထက်ပိုကာ အတိတ်ကံသည် ရုပ်ပိုင်းဆိုင်ရာ သာမက စိတ်ပိုင်းဆိုင်ရာကိုလည်း ဖွံ့ဖြိုးစေသည်ဟု စာရေးသူယူဆမိပါသည်။ အတိတ်မှာ အလုပ်ကောင်းခဲ့ကြ သူများက ရုပ်ဝတ္ထုလှေကြီးများသာမက စိတ်ဓာတ်လည်း ခိုင်မာပြီး လိုအပ်သူများကို လူသားအချင်းချင်းစာနာကာ ငွေအား၊ ဉာဏ်အားများဖြင့် ကူညီနိုင်ကြသည်။ တချို့မှာ လှေကြီး ခိုင်ခိုင်မရှိသော်လည်း အသိဉာဏ် နှလုံးရည် ပြည့်စုံသူများဖြစ်ကာ စိတ်ဓာတ်ရေးရာမှာမညံ့ဘဲ မိမိကိုယ် မိမိလည်း ကာကွယ်၊ သူတစ်ပါးကိုလည်း လုပ်အားဖြင့် ကူညီတတ်သူများ ဖြစ်နေကြသည်။

 

အတိတ်က အလုပ်တွေလည်းပါဝင်

အတိတ်မှာ အလုပ်မကောင်းခဲ့သူများမှာကား လှေကြီးကြီးရှိနေသည်ပင်လျှင် စိတ်ဓာတ်မခိုင်မာနိုင်ဘဲ သူများကိုကူညီဖို့နေနေသာသာ မိမိကိုယ်အတွက်မိမိ ပူဆွေးနေရသည်။

ထို့ထက်၊ ထို့ထက်ပိုကာ အတိတ်ဟုဆိုရာဝယ် အတိတ်ဘဝသာမက ယခုဘဝအမေမွေးပြီးကတည်းက ယခုအချိန်အထိ ပညာသင်ခဲ့ရသော၊ နိုးနိုးကြားကြားကြိုးစားခဲ့ရသော အတိတ်က အလုပ်တွေလည်း ပါဝင်သည်ဟု သတိချပ်ရပေမည်။

 

မည်သို့ဆိုစေ အတိတ်က ဘဝကိုဖြစ်စေ၊ ယခုဘဝက အတိတ်ကိုဖြစ်စေ ပြင်၍မရတော့ပါ။

 

ပစ္စုပ္ပန် “ကံ ကိုကား အနာဂတ်အတွက် ပြင်နိုင် ပါသည်။

 

အနာဂတ်မှာ “ကံ ကောင်းလိုလျှင် ယနေ့လုပ်ရမည့် ပစ္စုပ္ပန် “ကံ များမှာကား.....

လက်ကို ဆပ်ပြာဖြင့်စနစ်တကျဆေးခြင်း၊ အိမ်တွင်း အောင်းခြင်းဖြင့် မိမိကိုယ်မိမိကာကွယ်ခြင်း သာမက သူတစ်ပါးကိုကာကွယ်ခြင်း၊ မဖြစ်မနေ အပြင်ထွက် ရပါက တစ်ဦးတည်းထွက်ခြင်း၊ နှာခေါင်းစည်းများ ဝတ်ဆင်ခြင်း၊ ခြောက်ပေအကွာ ခပ်ခွာခွာနေခြင်း၊ ပြန်လာ ပါက ရေချိုးခန်းသို့ တန်းဝင်၍ ရေချိုး၊ ခေါင်းလျှော်၊ အဝတ်များလျှော်ဖွပ်ပစ်ခြင်း၊ လူစုလူဝေးရှောင်ရှားခြင်း၊ ဤကာလမှာ အိမ်သို့ အမျိုးမိတ်ဆွေများ လာရောက် လည်ပတ် စုဝေးစားသောက်မှုများကိုပင် ရှောင်ရှားခြင်း၊ အလုပ်ခွင်တွင် စုဝေးစားသောက်ခြင်းများ ရှောင်ရှားခြင်း၊ စောစောရှာ mobile application ကို မိမိဖုန်းမှာ ထည့်သွင်းထားခြင်း၊ ရောဂါလက္ခဏာရှိလာပြီဟု သံသယရှိပါက သက်ဆိုင်ရာ ကျန်းမာရေးဌာနများသို့ သတင်းပို့ကာ စနစ်တကျကုသစောင့်ရှောက်မှုများ ခံယူခြင်း၊ ရောဂါဖြစ်ပွားသူများနှင့် ရောဂါဖြစ်ပွားနိုင်သဖြင့်စောင့်ကြည့်ခံရသူများကို ကြင်နာကိုယ်ချင်းစာခြင်း၊ လူသားတိုင်းအပေါ် မေတ္တာထားခြင်း၊ စိတ်ကောင်း ထားခြင်း၊ ငွေအား၊ လူအား၊ လုပ်အားတတ်နိုင်သမျှ ရိုင်းပင်းကူညီခြင်း၊ မိမိကိုယ်မိမိ စိတ်ဓာတ်ကြံ့ခိုင်အောင် လေ့ကျင့်ခြင်း၊ ကိုယ်ခန္ဓာကြံ့ခိုင်အောင် အာဟာရ ဖြစ်စေသောအစာများစားခြင်း၊ အိပ်ရေးဝဝအိပ်ခြင်း၊ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများ မှန်မှန်လုပ်ခြင်း၊ ကပ်ရောဂါကြောင့် လူအများ ဒုက္ခရောက်နေသည်ကို အခွင့်ကောင်းယူ၍ ပြစ်မှုများ ကျူးလွန်ခြင်းမှ ရှောင်ရှားခြင်း၊ မတရားစီးပွားရေးအမြတ်ထုတ်ခြင်း များမှ ရှောင်ရှားခြင်း၊ ကောလာဟလ အခြေအမြစ် မရှိသောအတင်းများ၊ တိုက်တွန်းချက်များကို ဖြန့်ဝေခြင်းမှ ရှောင်ရှားခြင်း၊ သိပ္ပံပညာတွေ့ရှိချက် များအရ ရန်သူအကြောင်း လေ့လာခြင်း၊ နိုင်ငံတော်က ချမှတ်ထားသော စည်းမျဉ်းစည်းကမ်း အကြံပေးချက် များကို လိုက်နာခြင်း စသည်တို့ ဖြစ်သည်။

 

အထိအရှအနည်းဆုံးဖြင့် လှော်ခတ်သွားနိုင်မည်ကို သက်သေပြနိုင်

ပစ္စုပ္ပန် “ကံ ကောင်းလျှင် နောင်ဘဝ ကောင်း မည်ဟူသည်ကို နောင်ဘဝသို့ ပြနိုင်စွမ်းမရှိသော လူသားတစ်ယောက်ပေမို့ စာရေးသူ သက်သေမပြနိုင်ပါ။

 

အထက်ဖော်ပြပါ ပစ္စုပ္ပန် “ကံ ကောင်းများကို ပြုလျှင်တော့ ဗုဒ္ဓဓမ္မကိုယုံကြည်သူဖြစ်စေ၊ ဘုရား သခင်ကို ယုံကြည်သူဖြစ်စေ၊ ကိုယ့်ကိုယ်ကိုယ်ယုံကြည် သူဖြစ်စေ မည်သူမဆို ဤမုန်တိုင်းလမ်း ခရီးကြမ်းကို အထိအရှအနည်းဆုံးဖြင့် လှော်ခတ်သွားနိုင်မည်ကိုတော့ သက်သေပြနိုင်ပါသည်။ သက်သေပြပြီးသည့် နိုင်ငံများ လည်း ရှိနေပါပြီ။

 

ယနေ့ကမ္ဘာတစ်ဝန်း နိုင်ငံအသီးသီးမှာ ရရှိထား သည့်အခြေအနေ၊ ရင်ဆိုင်နေရသည့် အခြေအနေ အမျိုး မျိုး မတူကြပါ။ ထို့ကြောင့် လှော်ခတ်နေကြသော လှေငယ်များစွာ အမျိုးမျိုးကိုလည်း ညှိရခက်ပါသည်။

 

စာရေးသူတို့နိုင်ငံရှိ လှေတိုင်းအတွက် မြန်မာနိုင်ငံ ဟူသော တူညီသောအခြေအနေ အဝန်းအဝိုင်း တစ်ခုရှိနေသည်။ တစ်လှေတည်း မဟုတ်သော်လည်း လွတ်မြောက်ခြင်းဟူသည့် တစ်နေရာတည်းသို့ ဦးတည်ကာ တစ်နိုင်ငံလုံး တစ်ခရီးတည်းသွားနေ ကြသဖြင့် လှေအချင်းချင်း နားလည်ရိုင်းပင်းကာ ငွေအားရှိသူက ငွေအားကူ၊ စိတ်ဓာတ်အင်အားရှိသူက စိတ်ဓာတ်ကူ၊ လူအားရှိသူက လူအားကူ၊ လုပ်အားရှိသူက လုပ်အားကူ၊ ဘာမျှမရှိသူက စည်းကမ်းလိုက်နာ ကိုယ့်ကိုယ်ကိုယ် ကိုယ်ကျန်းမာ စိတ်ချမ်းသာအောင်နေ ခြင်းဖြင့် ဤမုန်တိုင်းလမ်းခရီးကြမ်းကို တည်တည်ငြိမ်ငြိမ် ဖြတ်သန်းကြပါစို့။ ။

ဒေါက်တာမော်