ခရီးသွားလာခွင့် ပိတ်ပင်မှုတွေ ဖြေလျှော့ပေးခဲ့တဲ့ ပြင်သစ်နိုင်ငံ

မေ ၁၃

 

ပြင်သစ်နိုင်ငံဟာ လူဦးရေသန်းပေါင်းများစွာ လုပ်ငန်းခွင်ကို ပြန်လည်ဝင်ရောက်လာခြင်းနဲ့အတူ နိုင်ငံရဲ့ ခရီးသွားလာခွင့်ပိတ်ပင်မှုတွေကို သီတင်းရှစ်ပတ်အကြာ သတ်မှတ်ခဲ့ပြီးချိန်မှာ ဖြေလျှော့ပေးမှုတွေကိုလည်း ပြန်လည်စတင်လိုက်ပြီ ဖြစ်ပါတယ်။

 

ပြင်သစ်နိုင်ငံရဲ့ ဒေသတချို့မှာ ဈေးဆိုင်တွေနဲ့ ကျောင်းတွေပြန်လည်ဖွင့်လှစ်လာတဲ့ အပြင် ပြည်သူတွေအနေနဲ့လည်း အိမ်ကနေ ထွက်ခွာတဲ့အခါမှာ ခရီးသွားလာခွင့် ထောက်ခံချက်တွေ မလိုအပ်တော့ပါဘူး။ ဒါပေမယ့် နိုင်ငံရဲ့မြို့တော် ပါရီအပါအဝင် ဒေသတချို့မှာတော့ တင်းကျပ်တဲ့ထိန်းချုပ်မှု တွေအောက်မှာ ရှိနေဆဲဖြစ်ပါတယ်။ အဲဒီလို ဆောင်ရွက်ချက်တွေရှိနေပေမယ့် ပြင်သစ် နိုင်ငံအစိုးရကတော့ ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ ကိုင်တွယ်ဖြေရှင်းမှုတွေနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရဆဲပဲဖြစ်ပါတယ်။

 

ပြည်ပထောက်ခံမှုတွေရရှိခဲ့

 

ပြင်သစ်သမ္မတမက်ခရွန်ကတော့ နိုင်ငံအတွင်း ခရီးသွားလာခွင့်ဆိုင်ရာ ကန့်သတ် ထိန်းချုပ်မှုတွေကို မတ် ၁၇ ရက်မှာစတင်ပြီး သတ်မှတ်နိုင်ခဲ့လို့ ပြည်ပထောက်ခံမှုတွေ ရရှိခဲ့ပါတယ်။ ပြင်သစ်နိုင်ငံမှာ မတ်လ ၁ ရက် ကနေစပြီး ကိုဗစ်-၁၉ရောဂါကြောင့် သေဆုံး ရသူအရေအတွက်ဟာ ၂၆၀၀၀ ကျော်ရှိသွား ပြီဖြစ်ပြီး ဥရောပတစ်ဝန်းမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက် ဖြစ်ပွားမှုအများဆုံးနိုင်ငံ တွေထဲက တစ်နိုင်ငံလည်း ဖြစ်ပါတယ်။

 

ပြင်သစ်နိုင်ငံအနေနဲ့ ခရီးသွားလာခွင့် ပိတ်ပင်မှုတွေ ဖြေလျှော့လာသလို အခြားသော ဥရောပနိုင်ငံအများအပြားကလည်း မေ ၁၁ ရက်ကစပြီး ခရီးသွားလာခွင့်ဆိုင်ရာ ကန့်သတ်ထိန်းချုပ်မှုတွေကို ဖြေလျှော့ပေး လျက်ရှိပါတယ်။ အဲဒီနိုင်ငံတွေထဲမှာ ဘယ်လ်ဂျီယံ၊ နယ်သာလန်၊ ဆွစ်ဇာလန်နဲ့ စပိန်နိုင်ငံတို့လည်း အပါအဝင်ဖြစ်ပါတယ်။ ဘယ်လ်ဂျီယံနိုင်ငံဟာ ခပ်ခွာခွာနေခြင်းဆိုတဲ့ လမ်းညွှန်ချက်နဲ့အညီ ဈေးဆိုင်တွေကို ဖွင့်လှစ်လျက်ရှိပါတယ်။ နယ်သာလန်နိုင်ငံကလည်း စာကြည့်တိုက်တွေ၊ ဆံသဆိုင်တွေနဲ့ ယာဉ်မောင်းသင်တန်း တွေကို ဖွင့်လှစ်ပေးလျက်ရှိသလို မူလတန်းကျောင်းတွေကိုလည်း တဖြည်းဖြည်းဖွင့်လှစ် ပေးလျက်ရှိပါတယ်။

 

ဆွစ်ဇာလန်နိုင်ငံမှာတော့ မူလတန်းကျောင်းတွေရော အလယ်တန်းကျောင်းတွေကိုပါ စတင်ဖွင့်လှစ်ပေးလျက်ရှိပြီး စားသောက်ဆိုင်အချို့ကိုလည်း ခပ်ခွာခွာနေ ခြင်းစည်းမျဉ်းတွေနဲ့အညီ ဖွင့်လှစ်ပေးနေပါပြီ။ ဒါ့အပြင် ဩစတြီးယား၊ ဒိန်းမတ်၊ ဂျာမနီနဲ့ အီတလီတို့ကလည်း ခရီးသွား လာခွင့်ပိတ်ပင်မှုတွေကို စောစီးစွာဖြေလျှော့ ပေးနိုင်ဖို့ စတင်ဆောင်ရွက်နေပြီဖြစ်ပါတယ်။

 

အလေးထားပြောကြား ဂျာမနီနိုင်ငံကတော့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ချမှတ်ထားတဲ့ ခရီးသွားလာခွင့်ပိတ် ပင်မှုလျှော့ချရေးဆိုင်ရာနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ခွင့်တွေကို နိုင်ငံရဲ့ ပြည်နယ် ၁၆ ခုကို လွှဲပြောင်းပေးအပ်တော့မှာဖြစ်ပြီး ဂျာမန် အဓိပတိ အိန်ဂျလာမာကယ်ကတော့ ထပ်မံ ကူးစက်မှုတွေရှိလာတဲ့ ဘယ်နေရာမှာမဆို အရေးပေါ်အခြေအနေဟာ သက်ရောက်မှုရှိနေ မှာဖြစ်တယ်လို့ အလေးထားပြောကြားခဲ့ပါတယ်။

 

ဂျာမနီနိုင်ငံအနေနဲ့ ဈေးဆိုင်တွေနဲ့ ကျောင်းတွေကို တဖြည်းဖြည်းဖွင့်လှစ်သွားဖို့ ခွင့်ပြုပေးခဲ့တဲ့အပြင် ကားအရောင်းဆိုင်တွေ၊ စက်ဘီးအရောင်းဆိုင်တွေနဲ့ စာအုပ်ဆိုင်တွေ အပါအဝင် အသေးစားဆိုင်တွေအားလုံးကို ဧပြီ ၂၀ ရက်ကစပြီး ဖွင့်လှစ်ခွင့်ပေးခဲ့တာဖြစ်သလို ဂျာမန်ဘွန်ဒက်လီဂါ ဘောလုံးပြိုင်ပွဲကိုလည်း မေ ၁၆ ရက်(စနေနေ့)မှာ တံခါးပိတ် အနေအထားနဲ့ကျင်းပသွားဖို့ ခွင့်ပြုပေးခဲ့တာ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲဟာ ဥရောပတစ်ဝန်းမှာ ပထမဆုံးခွင့်ပြုပေးခဲ့တဲ့ ဘောလုံးပြိုင်ပွဲလည်း ဖြစ်ပါတယ်။

 

အပြင်ထွက်ခွင့်ပေး

 

ပြင်သစ်နိုင်ငံကတော့ ပြင်သစ် ပထမတန်းဘောလုံးပြိုင်ပွဲ ပြန်လည်စတင် ကျင်းပမှုကို ပယ်ဖျက်ခဲ့ပြီး အမှတ်ပေးဇယားထိပ်ဆုံးက ပီအက်စ်ဂျီအသင်းကို ချန်ပီယံ အဖြစ် ခွင့်ပြုပေးခဲ့တာဖြစ်ပါတယ်။ ပြင်သစ် နိုင်ငံဟာ လူ ၁၀ ဦးထက်ပိုပြီးစုဝေးခွင့်ကို ခွင့်ပြုပေးလိုက်တဲ့အပြင် အသက်အရွယ်ကြီးရင့်သူတွေနဲ့ ခုခံအားနည်းသူတွေကိုလည်း အပြင်ထွက်ခွင့်ပေးခဲ့ပါတယ်။ အဲဒီလို ပြင်သစ်နိုင်ငံအနေနဲ့ ခရီးသွားလာခွင့်ပိတ်ပင်မှုတွေကို ဖြေလျှော့ပေးလိုက်ပေမယ့် လမ်းမတွေပေါ်ကို လူအများအပြားစုဝေးလာတာတော့ မရှိသေးတာဖြစ်ပါတယ်။

 

လက်ရှိအချိန်မှာ ပြင်သစ်နိုင်ငံအနေနဲ့ အစိမ်းရောင်ဇုန်နဲ့ အနီရောင်ဇုန်ဆိုပြီး ခွဲခြားထားတာဖြစ်ပြီး ဆိုးဆိုးရွားရွားကူးစက် ဖြစ်ပွားမှုမရှိတဲ့နေရာကို အစိမ်းရောင်ဇုန်၊ ကူးစက်ပျံ့နှံ့မှုအရေအတွက် အမြင့်ဆုံးနေရာကို အနီရောင်ဇုန်အဖြစ် သတ်မှတ်ထားတာ ဖြစ်ပါတယ်။

 

ဖွင့်လှစ်ခွင့်ပြုမှာမဟုတ် ပြင်သစ်နိုင်ငံမှာ မူလတန်းကျောင်းတွေနဲ့ နေ့ကလေးထိန်းကျောင်းတွေ အများအပြားကို မေ ၁၁ ရက်မှာ ဖွင့်လှစ်ခွင့်ပြုခဲ့တာဖြစ်ပါတယ်။ အသက် ၁၁ နှစ်ကနေ ၁၅ နှစ်အထိ ကလေးငယ် တွေတက်ရောက်ရတဲ့ ကျောင်းတွေကို မေ ၁၈ ရက်မှာ အစိမ်းရောင်ဇုန်အတွင်းမှာပဲ ဖွင့်လှစ် ခွင့်ပြုမှာဖြစ်ပြီး အသက် ၁၅ နှစ်ကနေ ၁၈ နှစ် အထိ ကလေးငယ်တွေအတွက် ကျောင်းတွေ ကိုတော့ ဇွန်လအထိ ဖွင့်လှစ်ခွင့်ပြုမှာမဟုတ် ဘူးလို့သိရပါတယ်။

 

ပြင်သစ်နိုင်ငံရဲ့ ဒေသအများအပြားရှိ ကျောင်းတွေမှာ မေ ၁၁ ရက်ကို ကျောင်းတွေရဲ့ ကြိုတင်ပြင်ဆင်ရေးနေ့အဖြစ် သတ်မှတ်ကာ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး မေ၁၂ ရက်မှာတော့ သင်ခန်းစာပို့ချမှုတွေကို စတင်ခဲ့ပါတယ်။ အဲဒီလို ဒေသတချို့မှာ လုပ်ဆောင်မှုတွေရှိခဲ့ ပေမယ့် တချို့သောဒေသအာဏာပိုင်တွေကတော့ ကျောင်းသားမိဘတွေရဲ့ ဖိအားပေးမှုနဲ့အတူ ကျောင်းတွေကို ပိတ်ထားဆဲပဲဖြစ်ပါတယ်။

ကဖေးဆိုင်တွေနဲ့ စားသောက်ဆိုင်တွေကိုလည်း ဇွန်လအစောပိုင်းမှာ ဖွင့်လှစ်နိုင်ဖို့ စီစဉ်နေတာဖြစ်ပါတယ်။ ပါရီမြို့ရဲ့ ဆင်ခြေဖုံး ဒေသတွေနဲ့ ပြင်သစ်နိုင်ငံရဲ့ အရှေ့မြောက်ပိုင်း ဒေသတွေမှာတော့ အနီရောင်ဇုန်ထဲမှာပဲ ဆက်လက်ထားရှိဦးမှာဖြစ်ပါတယ်။

 

စိုးရိမ်မှုတွေ မြင့်တက် ပြင်သစ်နိုင်ငံအနေနဲ့ Stop Covid လို့ အမည်ပေးထားတဲ့ ဗိုင်းရပ်စ်ဆိုင်ရာသဲလွန်စနဲ့ လမ်းကြောင်းကို ခြေရာခံနိုင်မယ့် အက်ပလီကေးရှင်းသစ်တစ်ခုကို စတင် စမ်းသပ်ဆောင်ရွက်နေပြီဖြစ်ပြီး ဇွန် ၂ ရက်မှာ စတင်အသုံးပြုနိုင်ဖို့ မျှော်လင့်ထားတာဖြစ်ပါတယ်။ အဲဒီဆောင်ရွက်ချက်နဲ့ပတ်သက်ပြီး ပြင်သစ်ပါလီမန်က မေလနှောင်းပိုင်းမှာ ဆွေးနွေးသွားဖို့ရှိသလို အသုံးပြုသူတွေအနေနဲ့ နည်းစနစ်မှန်ကန်စွာနဲ့ အသုံးပြုနိုင်မလားဆိုတာကလည်း စိုးရိမ်မှုတွေ မြင့်တက်နေတာ ဖြစ်ပါတယ်။

 

ပြင်သစ်နိုင်ငံဟာ လက်ရှိမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားသူ ၁၇၇၄၂၃ ဦးရှိပြီး သေဆုံးသူအရေအတွက်မှာ ၂၆၆၄၃ ဦး ရှိခဲ့ကာ ရောဂါမှ ပြန်လည်သက်သာလာသူ အရေအတွက်ဟာလည်း ၅၆၇၄၂ ဦး ရှိသွားပြီ ဖြစ်ပါတယ်။

 

ပြင်သစ်သမ္မတမက်ခရွန်ကတော့ နိုင်ငံအတွင်း ခရီးအသွားအလာကန့်သတ် ထိန်းချုပ်မှုတွေကို ဖြေလျှော့ပေးရေးစတင်ဖို့ မတ်လ အတွင်းက နိုင်ငံအခြေပြုမိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။ ပြည်သူအများစုကတော့ အဲဒီဆောင်ရွက်ချက်ကို ထောက်ခံခဲ့ ပြီး ပြင်သစ်နိုင်ငံအစိုးရရဲ့ ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ ကိုင်တွယ်မှုအပေါ် ဝေဖန်မှုတွေ ရှိနေတာလည်း ဖြစ်ပါတယ်။

 

ဖြေလျှော့ပေးဖို့ စတင် ကန့်ကွက်သူတွေကတော့ ဆေးဘက်ဆိုင်ရာ အထောက်အကူပြုပစ္စည်းတွေ ပြတ်လပ်မှုတွေရှိခဲ့တာကြောင့် အခြားနိုင်ငံတွေနဲ့နှိုင်းယှဉ်ပြီး ပြင်သစ်နိုင်ငံရဲ့ စမ်းသပ်စစ်ဆေးမှုအဆင့်တွေဟာ နိမ့်ကျနေတယ်လို့ ထောက်ပြခဲ့ပါတယ်။ အဲဒီလို ဝေဖန်မှုတွေရှိနေဆဲဖြစ်ပေမယ့် ပြင်သစ် နိုင်ငံအနေနဲ့လက်ရှိအချိန်မှာ နိုင်ငံအတွင်း ခရီးသွားခွင့် ပိတ်ပင်မှုတွေကို ဖြေလျှော့ပေးဖို့ စတင်လိုက်ပြီဖြစ်ပါတယ်။

 

ကိုးကား-ဘီဘီစီ

အလင်းသစ်