ခရီးသွားလာမှုပိတ်ပင်ခြင်း နောက်ကွယ်က အိန္ဒိယရွှေ့ပြောင်းလုပ်သားများ

အောင်ကျော်ကျော်

 

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလနှောင်းပိုင်းမှ စတင်ဖြစ်ပွားခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ရောဂါကြီးဟာ ကမ္ဘာ့နိုင်ငံတွေနဲ့ ဒေသအနှံ့အပြားကို တဖြည်းဖြည်း ကူးစက်ပျံ့နှံ့လို့နေပြီ ဖြစ်ပါတယ်။ ဗိုင်းရပ်စ်ကူးစက်မှုတွေ လျော့ကျဖို့အတွက် လက်တွေကို မကြာခဏဆေးကြောဖို့၊ လူလူချင်း ခပ်ခွာခွာ နေထိုင်ဖို့၊ အရေးကြီးကိစ္စမရှိဘဲ နေအိမ်ပြင်ပကို မထွက်ကြဖို့ စတဲ့ စည်းမျဉ်းတွေ ကို ကမ္ဘာ့နိုင်ငံ အစိုးရတွေဟာ ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်။ ဒါပေမယ့်အချို့ပြည်သူတွေအနေနဲ့ ရောဂါကူးစက်ခံရမှာထက် အစာရေစာမပြတ်လပ်ဖို့အတွက် စိုးရိမ်ပူပန်နေကြရပါတယ်။  နိုင်ငံတစ်နိုင်ငံမှာ ခရီးသွားလာမှုတွေပိတ်ပင်ရင် ပြည်သူအများအပြား အလုပ်လက်မဲ့ဖြစ်သွားတယ်။ အလုပ်မရှိရင် ဝင်ငွေမရှိတော့ဘူး။ ဝင်ငွေမရှိမှတော့ သူတို့ကို မှီခိုစားသောက်နေတဲ့ မိသားစုတွေရဲ့ နေ့စဉ်ဝမ်းတစ်ထွာကို ဖြည့်တင်းပေးနိုင်မှာ မဟုတ်တော့ပါဘူး။ ဒါကြောင့် ခရီးသွားလာကန့်သတ်မှုတွေ ပြန်လည်ဖွင့်ပေးပြီး လုပ်ငန်းခွင်ကို ပြန်လည်ဝင်ရောက်ရမယ့်အချိန်ကို ပြည်သူတွေအနေနဲ့ မျှော်လင့်စောင့်ဆိုင်းနေကြပါတယ်။

 

အိန္ဒိယရွှေ့ပြောင်းလုပ်သားတွေရဲ့အခက်အခဲနဲ့ အကျပ်အတည်း

 

နေရပ်ပြန်ဖို့ ဒါမှမဟုတ် လုပ်ငန်းခွင် ပြန်လည်ဝင်ရောက်ဖို့ မျှော်လင့်စောင့်စားနေကြတဲ့ ပြည်သူတွေထဲမှာ အိန္ဒိယနိုင်ငံက ရွှေ့ပြောင်းလုပ်သားတွေလည်း ပါဝင်ပါတယ်။ ကမ္ဘာတစ်ဝန်း ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့နေချိန်မှာ ကမ္ဘာပေါ်မှာ ဒုတိယလူဦးရေ အများဆုံးနိုင်ငံဖြစ်တဲ့ အိန္ဒိယနိုင်ငံလည်း ကိုဗစ်-၁၉ ရဲ့ ဒဏ်ကို ဆိုးရွားစွာ ခံစားနေရပါတယ်။ အိန္ဒိယနိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်မှုကို ဇန်နဝါရီ ၃၀ ရက်မှာ ပထမဆုံးစတင် တွေ့ရှိခဲ့တာဖြစ်ပါတယ်။ ဧပြီ ၂၄ ရက်မှာ နိုင်ငံတစ်ဝန်း ရောဂါကူးစက်ခံရသူ ၂၃၅၀၂ ရှိပြီး သေဆုံးသူ ၇၂၂ ဦး ရှိလာပါတယ်။ အိန္ဒိယဝန်ကြီးချုပ် မိုဒီက ရောဂါကူးစက်မှုနှုန်း လျော့ကျသွားစေဖို့ နိုင်ငံတစ်ဝန်း ခရီးသွားလာမှုတွေကို မတ် ၂၄ ရက်ကစပြီး ဧပြီ ၁၄ ရက်အထိ ၂၁ ရက်ကြာ ပိတ်ပင်ခဲ့ပါတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ရက်သတ္တပတ် မှာ ခရီးသွားလာပိတ်ပင်မှုတွေကို မေ ၃ ရက်အထိ တိုးချဲ့ဖို့ ကြေညာလိုက်ပါတယ်။ ဒီအချိန်မှာ နေရပ်ပြန်ဖို့၊ အလုပ်ခွင် ပြန်လည်ဝင်ရောက်ဖို့ တာစူနေတဲ့ ရွှေ့ပြောင်းလုပ်သားတွေအတွက် အတော်လေး အကျပ်ရိုက်စေခဲ့ပါတယ်။ ။

 

ခရီးသွားလာပိတ်ပင်မှုတွေကို ရက်ထပ်တိုးလိုက်တဲ့ ကြေညာချက်ထွက် ပေါ်လာတဲ့အခါမှာ သန်းနှင့်ချီတဲ့ ရွှေ့ပြောင်းလုပ်သားတွေဟာ နေရပ်ပြန်ကြဖို့ကိုသာ ဆန္ဒစောနေတာမို့ လူလူချင်း ခပ်ခွာခွာ နေထိုင်ရမယ်ဆိုတဲ့ စည်းမျဉ်းတွေကိုလည်း လိုက်နာမှုမရှိတော့ဘဲ မွန်ဘိုင်းမြို့ဘူတာရုံကို စုဝေးရောက်ရှိလို့ လာပါတယ်။ မီးရထား၊ မော်တော်ယာဉ်စတဲ့ ပို့ဆောင်ရေးစနစ်တွေကိုလည်း ခရီးသွားလာမှု ပိတ်ပင်လိုက်ကတည်းက ရပ်နားထားတာ ဖြစ်ပါတယ်။ သို့ပေမယ့် ပို့ဆောင်ရေး စနစ်တွေ ပြန်လည်ဖွင့်ပေးလိုက်ပြီဆိုတဲ့ ကောလာဟလ သတင်းမှားတွေ ထွက်ပေါ်ခဲ့တာကြောင့် ပြည်သူတွေ ဘူတာရုံမှာ လာရောက်စုဝေးကြတာပဲ ဖြစ်ပါတယ်။

 

ဂူဂျာရတ်ပြည်နယ်မှာဆိုရင် အချို့ရွှေ့ပြောင်း လုပ်သားတွေဟာ နေရပ်ပြန်ဖို့ ဆန္ဒထုတ်ဖော်တာတွေကိုတောင် လုပ်ဆောင်ခဲ့ပါတယ်။ ဒေလီမြို့ပေါ်မှာဆိုရင် ခရီးသွားလာပိတ်ပင်မှု တွေကြောင့် လမ်းမတွေပေါ်မှာ သောင်တင်နေကြတဲ့ ရွှေ့ပြောင်းလုပ်သားတွေဟာ ယမုံနာမြစ်ကို ဖြတ်ပြီးသွယ်တန်းထားတဲ့ တံတားအောက်မှာ ယာယီစခန်းချနေထိုင်နေကြရပါတယ်။ အခုအချိန် ခရီးသွားလာပိတ်ပင်မှုတွေ ထပ်တိုးကြေညာလိုက်တော့ နေအိမ်ရဲ့ ရပ်ဝေးတစ်နေရာမှာ အလုပ်လာရောက် လုပ်ကိုင်ကြတဲ့ လုပ်သားပြည်သူတွေဟာ တည်းခိုစရာနေရာမရှိဘူး။ စားစရာ မရှိဘူး။ အလုပ်လက်မဲ့ဖြစ်ကာ ခြူးတစ်ပြားမရှိတဲ့ဘဝကို ရောက်ရှိလို့နေပါတယ်။ ဒီအဖြစ်အပျက်တွေဟာ အလုပ်အကိုင်ရရှိဖို့ ရွာတွေကနေ မြို့ပေါ်မှာ အလုပ်လာလုပ်ကြတဲ့ အိန္ဒိယ ရွှေ့ပြောင်းလုပ်သား သန်း ၄၀ ကျော်ရဲ့ အခက်အခဲ အကျပ်အတည်းတွေပဲဖြစ်ပါတယ်။

 

ခရီးသွားလာမှုတွေ ပိတ်ပင်လိုက်တာဟာ ရောဂါကူးစက်မှုကို ထိန်းချုပ်နိုင်ပြီး လူတွေရဲ့ အသက်ကို ကယ်တင်နိုင်တဲ့ အဓိကသော့ချက်လို့ အိန္ဒိယအာဏာပိုင်တွေက ယူဆထားပါတယ်။ ဒါပေမယ့် စီမံခန့်ခွဲမှုတွေမှာ အားနည်းတာဟာ နိုင်ငံရဲ့ ဆင်းရဲချို့တဲ့တဲ့ ပြည်သူတွေကို အထိနာစေပါတယ်။ အလုပ်လက်မဲ့ ဖြစ်နေတဲ့ ရွှေ့ပြောင်းလုပ်သားတွေဟာ အခုအချိန်မှာ နေရေးထိုင်ရေးနဲ့ စားနပ်ရိက္ခာတွေ ရရှိဖို့အတွက် အစိုးရအဖွဲ့ အစည်းတွေကို မှီခိုနေကြရပါပြီ။ ။

 

ခရီးသွားလာမှုတွေ ပိတ်ပင်တဲ့စည်းမျဉ်းတွေကြောင့် ၁၂ နှစ်အရွယ် မိန်းကလေးတစ်ဦးဟာ တီလန်ဂါနာပြည်နယ်ကနေ နိုင်ငံရဲ့အလယ်ပိုင်းမှာရှိတဲ့ ချာဟာတီဂါပြည်နယ်အထိ ကီလိုမီတာ ၁၅၀ ကွာဝေးတဲ့ ခရီးရှည်ကို သုံးရက်လောက် လမ်းလျှောက်ပြန်သွားခဲ့ပါတယ်။ သူ့အိမ်ရောက်ဖို့ ၁၄ ကီလိုမီတာသာ ကျန်ရှိတော့တဲ့နေရာမှာ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

 

ယာယီကယ်ဆယ်ရေး စခန်းတွေမှာ ရောက်ရှိနေသူတွေကို ရောဂါ ရှိ၊ မရှိ စစ်ဆေး ပြီးတော့ ရောဂါမရှိရင် နေရပ်ပြန်ဖို့ အစိုးရအနေနဲ့ ပို့ဆောင်ရေးစနစ်တွေ စီစဉ်ပေးသင့်ပါတယ်လို့ ရှေ့နေ ပရာရှန့် ဘူရှန်က ဆိုပါ တယ်။ ရှေ့နေ ပရာရှန့် ဘူရှန်ဟာ ခရီးသွားလာ ပိတ်ပင်မှုတွေဟာ လူမဆန်တဲ့ လုပ်ထုံး လုပ်နည်းတစ်ခုဖြစ်တယ်လို့ ယူဆထားပြီး ရွှေ့ပြောင်းလုပ်သားတွေကို နေရပ်ပြန်ခွင့်ပြုဖို့ တရားရုံးချုပ်မှာ ဦးတိုက်လျှောက်ထားသူ တစ်ဦးလည်း ဖြစ်ပါတယ်။

 

အိန္ဒိယအာဏာပိုင်တွေဟာ ကယ်ဆယ်ရေးစခန်းမှာရှိတဲ့ ရွှေ့ပြောင်းလုပ်သားတွေကို စားနပ်ရိက္ခာ အပါအဝင် ကူညီထောက်ပံ့မှုတွေ ပေးနေပေမယ့် ကယ်ဆယ်ရေးစခန်းပြင်ပမှာ ရှိတဲ့သန်းနဲ့ချီတဲ့ ရွှေ့ပြောင်းလုပ်သားတွေကိုတော့ ဘာထောက်ပံ့မှုမှ မပေးနိုင်ပါဘူး။ သူတို့တွေက လူကူးတံတားတွေ၊ လူသွားစကြံတွေ၊ ယာယီပိတ်ထားတဲ့ အလုပ်ရုံတွေ၊ ဆင်ခြေဖုံးနေရာတွေမှာ နေထိုင်လျက်ရှိကြ ပါတယ်။ ကယ်ဆယ်ရေးစခန်းတွေမှာလည်း အစားအစာတွေ မျှဝေတဲ့နေရာမှာ စည်းကမ်း ကျနမှုတွေ မရှိပါဘူး။ အစားအစာရရှိဖို့ ရှည်လျားတဲ့ လူတန်းကြီးကို စောင့်ဆိုင်းရပါတယ်။ တစ်ခါတလေ အစားအစာတွေ ကုန်သွားမှာကို စိုးရိမ်ပြီးတော့ သူ့ထက် ငါ ဦးအောင်လုယူရတာတွေလည်း ရှိပါတယ်လို့ ရှေ့နေ ပရာရှန့် ဘူရှန်က ဆိုပါတယ်။

 

နေရပ်ပြန်ဖို့ ကြိုးပမ်းကြပြီ

 

အချို့ ရွှေ့ပြောင်းလုပ်သားတွေဟာ ခရီးသွားလာမှုတွေ ပိတ်ပင်တဲ့ စည်းမျဉ်းတွေကို ချိုးဖောက်ကာ နေရပ်ပြန်ချင်တဲ့ဆန္ဒကို ရှေ့တန်းတင်ပြီး ကယ်ဆယ်ရေးစခန်းတွေကနေ ထွက်ပြေးတာတွေကိုလည်း တွေ့မြင်ရပါတယ်။ ဧပြီလ အစောပိုင်းက မွန်ဘိုင်းမြို့မှာ နေ့စဉ်သုံးပစ္စည်းတွေ တင်ဆောင်လာတဲ့ ကုန်တင်ကားတစ်စီးပေါ်ကနေ နေရပ်ပြန်ဖို့ ကြိုးစားကြတဲ့ ရွှေ့ပြောင်းလုပ်သား ၆၁ ဦးကို ဖမ်းဆီးရမိခဲ့ပါတယ်။ အာသံပြည်နယ်မှာလည်း အလားတူဖြစ်ရပ်မျိုးကြောင့် ရွှေ့ပြောင်းလုပ်သား ၅၁ ဦးကို ဖမ်းဆီးရမိခဲ့ပါတယ်။ ဒေလီမြို့ရဲ့ ဆင်ခြေဖုံးတစ်နေရာမှာ နေရပ်ပြန်ဖို့ ကြိုးစားကြတဲ့ ရွှေ့ပြောင်းလုပ်သား ၁၁ ဦး ကို လူနာတင်ယာဉ်နှစ်စီးပေါ်က ဖမ်းဆီးရမိခဲ့ပါတယ်။ ။

 

လွန်ခဲ့တဲ့ ရက်သတ္တသုံးပတ်လောက်က ရွှေ့ပြောင်းလုပ်သားတွေဆီကနေ သူတို့ရင်ဆိုင်နေရတဲ့ အခက်အခဲ၊ အကျပ်အတည်းတွေအကြောင်း ပြောပြတဲ့ ဖုန်းခေါ်ဆိုမှု ၁၁၀၀၀ ကျော်အထိ လက်ခံရရှိခဲ့တယ်လို့ သောင်တင်အလုပ်သမားများ ကွန်ရက်က ဆိုပါတယ်။ ရွှေ့ပြောင်းလုပ်သား ၈၉ ရာခိုင်နှုန်းဟာ သူတို့ရဲ့ လုပ်ခလစာတွေ မရရှိကြသေးပါဘူး၊ အများစုရဲ့ လက်ထဲမှာ ရူပီး ၂၀၀ လောက်သာ ကျန်ရှိတော့တာကို တွေ့ရှိရပါတယ်။ အလုပ်ရှင်တွေအနေနဲ့ ဝန်ထမ်းတွေရဲ့ လစာငွေတွေကို အပြည့်အဝ ပေးသင့်တယ်လို့ အိန္ဒိယအစိုးရက ဆိုပါတယ်။ ဒီလိုဆိုရင် စီးပွားရေး လုပ်ငန်းကြီးတွေအတွက် မထိခိုက်ပေမယ့် အလယ်၊ အလတ်နဲ့ အသေးစား စီးပွားရေး လုပ်ငန်းရှင်တွေအတွက်ကတော့ ခက်ခဲမှုတွေရှိမှာ အမှန်ပဲဖြစ်ပါတယ်။ ဒါ့အပြင် ပျံကျဈေးသည်လိုမျိုး ကိုယ်ပိုင်အရောင်းအဝယ်လုပ်တဲ့သူတွေဆိုရင် ပိုဆိုးမှာပေါ့။

 

နိုင်ငံအတွင်း ဗိုင်းရပ်စ်ကူးစက်မှုနှုန်း လျော့ကျဖို့အတွက် အိန္ဒိယနိုင်ငံရဲ့ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၁၄၄ မှာ ပြဋ္ဌာန်းထားတဲ့ လူလေးဦးထက်ပိုပြီး စုဝေးမှုတွေကို ပိတ်ပင်တားမြစ်တာဟာ ကောင်းမွန်တဲ့ ဖြေရှင်းနည်း တစ်ခုဖြစ်ပေမယ့် ခရီးသွားလာ ပိတ်ပင်မှုတွေကတော့ အဓိက ဖြေရှင်းနည်းတစ်ခုတော့ မဟုတ်ပါဘူးလို့ ရှေ့နေ ဘူရှန်က ဆိုပါတယ်။ ဒီအတိုင်းသာ ခရီးသွားလာမှုတွေ ဆက်လက် ပိတ်ပင်မယ်ဆိုရင်တော့ ဆင်းရဲတဲ့ပြည်သူတွေဟာ အစာရေစာ ငတ်မွတ်ခေါင်းပါးမှုတွေနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ ရှေ့နေ ဘူရှန်က ဆက်လက်ပြောကြားခဲ့ပါတယ်။ ရောဂါ ကူးစက်မှုနှုန်း လျော့ကျဖို့ အရာရာတိုင်းကို ပိတ်ပင်တာဟာ လူတစ်သိန်းရဲ့ အသက်ကို ကယ်တင်ရာရောက်မှာပါ။ ဒါပေမယ့် ခရီးသွားလာမှုတွေ ဆက်လက်ပိတ်ပင်နေမယ်ဆိုရင် လူတစ်သန်းဟာ ဆာလောင်မွတ်သိပ်ပြီး သေပွဲဝင်သွားကြရလိမ့်မယ်လို့ ရှေ့နေဘူရှန်က ဆိုပါတယ်။

 

ကူညီထောက်ပံ့မှုတွေ ပိုမိုလိုအပ်

 

အိန္ဒိယနိုင်ငံအတွင်း ခရီးသွားလာမှု ပိတ်ပင်ခြင်းကြောင့် အလုပ်လက်မဲ့ဖြစ်နေတဲ့ ရွှေ့ပြောင်းလုပ်သားတွေကို အစိုးရအနေနဲ့ကူညီထောက်ပံ့မှုတွေ အခုထက်ပိုပြီး ပေးဖို့လိုအပ်ပါတယ်ဟု နိုဗယ်ဆုရှင် စီးပွားရေး ပညာရှင် ပါမောက္ခ အဘီဂျစ် ဗီနာရက် ဘာနာဂျီက ဆိုပါတယ်။

 

ခရီးသွားလာပိတ်ပင်မှုတွေ စတင်ခဲ့တဲ့အချိန် မတ်၂၄ ရက်ကစပြီး အိန္ဒိယအစိုးရက ကန်ဒေါ်လာ ၂၃ ဘီလီယံခန့်ကို သက်သာချောင်ချိရေး ရန်ပုံငွေအဖြစ် ပြည်သူတွေကို ကူညီထောက်ပံ့ရာမှာ သုံးစွဲမယ်လို့ ကြေညာခဲ့ပါတယ်။ အဲဒီရန်ပုံငွေအများစုကို ဆင်းရဲသား ပြည်သူတွေအတွက် ငွေကြေးနဲ့ စားနပ်ရိက္ခာ ထောက်ပံ့တဲ့နေရာမှာ သုံးစွဲ လျက်ရှိပါတယ်။

 

ပြည်သူတစ်ဦးတစ်ယောက်မျှ အငတ်ဘေးဆိုက်ပြီး ငွေကြေးပြတ်လပ်နေတာကို မမြင်ချင်ပါဘူးလို့ အိန္ဒိယဘဏ္ဍာရေးဝန်ကြီး နာမာလာ ဆီသာရာမန်က ဆိုပါတယ်။

 

ဗိုင်းရပ်စ်ကူးစက်မှုနှုန်း လျော့ကျဖို့ အတွက် အစိုးရရဲ့လုပ်ဆောင်ချက်တွေဟာ ကောင်းမွန်မှန်ကန်မှု ရှိပါတယ်။ ဒါပေမယ့် ဒီကပ်ဆိုးကြီးဟာ အချိန်ခဏလေးနဲ့ အဆုံးသတ်သွားမှာ မဟုတ်ပါဘူး။ အချိန်ဘယ်အတိုင်းအတာ ကြာဦးမလဲဆိုတာကို ဘယ်သူမှ မခန့်မှန်းနိုင်ပါဘူး။ ခရီးသွားလာမှု ပိတ်ပင်တာကိုလည်း ဘယ်အတိုင်းအတာအထိ သတ်မှတ်လုပ်ဆောင်နိုင်မှာလဲ။ ဒါကြောင့် ဒီလိုအခြေအနေမျိုးမှာ အိန္ဒိယအစိုးရအနေနဲ့ နည်းလမ်းကောင်းတွေ ရှာသင့်ပြီလို့ နိုဗယ်ဆုရှင် စီးပွားရေး ပညာရှင် ပါမောက္ခ အဘီဂျစ် ဗီနာရက် ဘာနာဂျီက ဆိုပါတယ်။

 

ကမ္ဘာ့ဘဏ်ရဲ့ စစ်တမ်းတစ်ရပ်အရ အိန္ဒိယနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဟာ ၂၀၂၀-၂၀၂၁ ခုနှစ်အတွင်းမှာ ၁ ဒသမ ၅ ရာခိုင်နှုန်းကနေ ၂ ဒသမ ၈ ရာခိုင်နှုန်း အထိသာ တိုးတက်မှုရှိပါတယ်။ ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့လာချိန်မှာတော့ နိုင်ငံအတွင်းမှာ အလုပ်လက်မဲ့တွေ များပြားလာပါတယ်။ အိန္ဒိယနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ အဓိကလုပ်သားအင်အားဖြစ်တဲ့ ရွှေ့ပြောင်း လုပ်သားတွေဟာ လုပ်ငန်းခွင်တွေမှာ ရှိနေရမယ့်အစား လမ်းမတွေပေါ်မှာ သောင်တင် နေပါတယ်လို့ ပါမောက္ခ အဘီဂျစ် ဗီနာရက် ဘာနာဂျီက ပြောကြားခဲ့ပါတယ်။

 

အမြော်အမြင်ရှိစေချင်

 

အခုလိုအချိန်မှာ အလုပ်လက်မဲ့ဖြစ်နေတဲ့ လုပ်သားပြည်သူတွေ ဆင်းရဲချို့တဲ့မှုကို ရှောင်ရှားနိုင်ဖို့အတွက် အိန္ဒိယအစိုးရအနေ နဲ့ အမြော်အမြင်ရှိရှိ လုပ်ဆောင်တတ်ဖို့ အရေးကြီးပါတယ်။ ပြည်သူတွေရဲ့ သက်သာ ချောင်ချိရေး ရန်ပုံငွေတွေကို အဆက်မပြတ် ထောက်ပံ့ပေးနိုင်ဖို့ ရူပီးငွေစက္ကူ အမြောက်အမြား ထပ်မံရိုက်နှိပ် ပေးဖို့လိုပါတယ်။ ဒီလိုဆိုရင် ငွေကြေးဖောင်းပွမှုရှိမှာကိုတော့ နည်းနည်းစိုးရိမ်ရပါတယ်။ ဒါပေမယ့် ဝင်ငွေမရရှိနိုင်တဲ့ အခြေအနေမှာ လုပ်သားပြည်သူ တွေကို ငွေကြေးထောက်ပံ့မှုတွေ ဖောဖော သီသီပေးနိုင်ရင် ပြည်သူတွေရဲ့ စိတ်ထဲမှာ ယုံကြည်မှုတွေ ရရှိလာနိုင်တယ်။ စိတ်ဓာတ် ခွန်အား မြှင့်တင်ပေးရာလည်း ရောက်ပါတယ်လို့ ပါမောက္ခ အဘီဂျစ် ဗီနာရက် ဘာနာဂျီက ဆိုပါတယ်။

 

ကိုးကား-ဘီဘီစီ