ခရီးသွားမြှင့်တင်ရေးနှင့် တတိယအကြိမ် မြန်မာ-ဂျပန် ချစ်ကြည်ရေး ချယ်ရီပင်စိုက်ပျိုးပွဲတော် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

နေပြည်တော် ၁၅ ဇန်နဝါရီ

 

မြန်မာနိုင်ငံအတွင်း ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် မြန်မာ-ဂျပန် ချစ်ကြည်ရင်းနှီးမှု ပြယုဒ်အဖြစ် တတိယအကြိမ်မြောက် ချယ်ရီပင် စိုက်ပျိုးပွဲတော်ကျင်းပရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးရှိ အင်းယားလိတ်ဟိုတယ်၌ ကျင်းပရာ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင် တက်ရောက်ဆွေးနွေးသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်သည် Accolade Nawarat Co.,Ltd မှ Professor Robert Liberman နှင့်တွေ့ဆုံ၍ မြန်မာနိုင်ငံ၏ သာယာလှပသော ခရီးစဉ်ဒေသများကို ကမ္ဘာ့နိုင်ငံများမှ ပိုမိုသိရှိနိုင်ရေးအတွက် သတင်းမှတ်တမ်းရုပ်သံရိုက်ကူး ထုတ်လွှင့်ပြသနိုင်ရေး အားအကျယ်တဝင့် ဆွေးနွေးကြသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် American society of Travel Advisors (asta) မှ ဒုတိယဥက္ကဋ္ဌ Mr. Robert Duglin နှင့်တွေ့ဆုံ၍ မြန်မာနိုင်ငံ၏ ခရီးသွားကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံ၏ တည်ငြိမ်အေးချမ်းသော ပုံရိပ်အမှန်နှင့် ခရီးစဉ်ဒေသများ၏ သာယာလှပမှုကို အမေရိကန်နိုင်ငံ အပါအဝင်ကမ္ဘာ့ အနောက်ခြမ်းမှ နိုင်ငံများသိရှိနိုင်ရေးအတွက် ခရီးသွားကဏ္ဍမှတစ်ဆင့် ဝိုင်းဝန်းဆောင်ရွက်ပေးရန် ဆွေးနွေးသည်။

 

(သတင်းစဉ်)