ခရိုင်နှစ်ခုတွင် စိုက်ပျိုးထားရှိသည့် ကြံစိုက်ဧကများကို စတင်ခုတ်သိမ်းပြီး သကြားစက်ရုံများသို့ တိုက်ရိုက်ပို့စနစ်ဖြင့် ဆောင်ရွက်နေ

မန္တလေး ဇန်နဝါရီ  ၆

 

မန္တလေးတိုင်းဒေသကြီးအတွင်း ပြီးခဲ့သည့်ကြံရာသီ၌ ခရိုင်နှစ်ခုတွင် စိုက်ပျိုးထားရှိသည့် ကြံစိုက်ဧက ၂၅၂၂၅ မှ ကြံသီးနှံများကို စတင်ခုတ်သိမ်းနေပြီး လေလွင့်မှုမရှိစေရန် ကြံသကြား စက်ရုံများသို့ တိုက်ရိုက်ပို့စနစ်ဖြင့် ဆောင်ရွက်နေပြီဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 

အဆိုပါ ကြံသီးနှံများကို ပြီးခဲ့သည့်ရာသီတွင် မန္တလေးခရိုင်နှင့် ပြင်ဦးလွင်ခရိုင်တို့၌ စိုက်ပျိုးထား ရှိခဲ့ကြောင်း၊ ယင်းစိုက်ပျိုးထားရှိသည့် ကြံများကို လက်ရှိအချိန်တွင် ဧက ၄၀၀၀ ကျော် ခုတ်သိမ်း နေပြီး၊ ခုတ်သိမ်းပြီး ထွက်ရှိလာသည့်ကြံများကို တိုင်းဒေသကြီးအတွင်း  စက်ရုံနှစ်ရုံဖြစ်သော ဂရိတ်ဝေါစက်ရုံနှင့် မောင်းကုန်းသကြားစက်ရုံတို့ကို ချိတ်ဆက်ပို့ဆောင်နေပြီဖြစ်ကြောင်း၊ သပိတ်ကျင်းမြို့နယ်အတွင်းရှိကြံများကို စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်အစပ်တွင် တည်ရှိသည့် ဂရိတ်ဝေါဝေမာဟိုဒင်း စက်ရုံဆီသို့လည်းချိတ်ဆက်ပို့ ဆောင်ပေးလျက်ရှိကြောင်း၊ စက်ရုံများသည် ယခုလပထမပတ်မှ စတင်လည်ပတ်နေပြီဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ခိုင်မိုမိုဇင် က ပြောသည်။

 

"ခုရာသီကတော့ ကြံတွေကိုစတင်ပြီး ခုတ်သိမ်းတဲ့ ရာသီပဲဖြစ်ပါတယ်။ စတင်ခုတ်သိမ်းနေတဲ့ ကြံတွေကို စက်ရုံတွေဆီကို တိုက်ရိုက်အရောက်ပို့ စနစ်ကိုလည်း စက်ရုံတွေနဲ့ ကြိုတင်ချိတ်ဆက်ထားပြီး လုပ်ဆောင်နေပြီလည်း ဖြစ်ပါတယ်။ ကြံသီးနှံဟာ တစ်ခြားသီးနှံတွေလို ရာသီသီးနှံမဟုတ်ပဲနဲ့ တစ်နှစ်လုံးကို တစ်သီးထဲစိုက်ရတဲ့ သီးနှံဖြစ်တာကြောင့် ကြံစိုက်တောင်သူတွေအတွက်ကို ဈေးကွက်တွေခိုင်မာအောင်၊ ကြံခုတ်သိမ်းတဲ့အချိန်မှာ အလေအလွင့်တွေနည်းပါးအောင်၊ စက်ရုံတွေဆီကို ချက်ချင်းခုတ်ချက်ချင်းပို့အနေနဲ့ ကြံတွေရဲ့ အရည်အသွေးမကျဆင်းဘဲနဲ့ တောင်သူတွေရဲ့ ဝင်ငွေတွေကို အပြည့်အဝရရှိစေဖို့အတွက်လည်း နည်းပညာပေးလုပ်ငန်းတွေ လုပ်ဆောင်နေပါတယ်။ လက်ရှိခုတ်သိမ်းနေတာဆိုရင် ဧက ၄၀၀၀ ကျော်ခုတ်ပြီးပါပြီ။ ကြံများခုတ်သိမ်းပြီးရာသီက ဖေဖော်ဝါရီလနဲ့  မတ်လတို့ဆိုရင် အားလုံး ခုတ်သိမ်းပြီးဖြစ်ပါတယ်" ဟု ၎င်းကရှင်းပြသည်။

 

အဆိုပါ ကြံများကိုစိုက်ပျိုးခဲ့ရာတွင် မန္တလေးခရိုင်နှင့် ပြင်ဦးလွင်ခရိုင်တို့၌ စိုက်ပျိုးထား ရှိခဲ့ကြောင်း၊ ကြံသီးနှံကို ဧကအလိုက် စိုက်ပျိုးရာတွင် ပုသိမ်ကြီး၌ ၂၄၀ ဧက၊ မတ္တရာ၌ ၁၈၅၈ ဧက၊ စဉ့်ကူး၌ ၇၄၆၅ ဧက၊ သပိတ်ကျင်း၌ ၅၂၁၆ ဧက၊ တကောင်း၌ ၁၀၄၄၆ ဧက တို့ဖြစ်ပြီး စုစုပေါင်းကြံစိုက်ဧက ၂၅၂၂၅ ကို စိုက်ပျိုးခဲ့ကြောင်း၊ ယင်းဧကများထဲမှ ဧက ၄၀၀၀ ကျော်ကို စတင်ခုတ်သိမ်းပြီးဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း ကြံမျိုးများအနေဖြင့် အထွက်ကောင်း မျိုးနှင့် ဒေသမျိုးဆိုပြီး စုစုပေါင်း ၁၈ မျိုးကို စိုက်ပျိုးထားရှိကြောင်း သိရသည်။

မင်းထက်အောင်(မန်းကိုယ်ပွား)