ခရမ်းလွန်ရောင်ခြည်နှင့် ကိုဗစ် - ၁၉

mdn

သတင်းဆောင်းပါး - သိပ္ပံစာရေးဆရာ ကိုကိုအောင်

 

ခရမ်းလွန်ရောင်ခြည်ဟုဆိုလိုက်လျှင် ဗဟုသုတ အတန်အသင့်ရှိသူတို့က နွေလယ်ခေါင် ပူပြင်းလှသော ကာလကိုသာ ပြေး၍မြင်ယောင်လေ့ ရှိကြသည်။ အကြောင်းမူကား နွေကာလမရောက်မီ သို့တည်းမဟုတ် နွေလယ်ခေါင်ကာလ ဝန်းကျင် ရောက်ပြီဆိုလျှင် ခရမ်းလွန်ရောင်ခြည်အကြောင်း ရေးကြ၊ ပြောကြ ဆွေးနွေးကြလေ့ရှိသောကြောင့်ပင်ဖြစ်သည်။ အကယ်တန္တုအားဖြင့်မူ ခရမ်းလွန်ရောင်ခြည်သည် နွေကာလတစ်ခုတည်း၌ မဟုတ်ဘဲ ရာသီကာလမရွေး ကမ္ဘာမြေပေါ်သို့ ကျရောက်လာနိုင်သော၊ ကျရောက်နေသော ရောင်ခြည်များ ဖြစ်သောကြောင့် ကမ္ဘာမြေပေါ်၌ နေထိုင်ကြသည့် လူသားအားလုံးတို့နှင့် အမြဲပင် သက်ဆိုင်နေသည်။ ခရမ်းလွန်ရောင်ခြည်၏အကြောင်းကို ခရေစေ့ တွင်းကျ သိရှိနိုင်ရေးအတွက် နေလုံးကြီးနှင့် နေလုံးကြီးမှ ဖြာထွက်လာသော ရောင်ခြည်များကို ဦးစွာလေ့လာကြရန် လိုအပ်မည်ဖြစ်သည်။

 

လူတို့နေထိုင်ရာ မြေကမ္ဘာကြီးသည် နေစကြဝဠာ အဖွဲ့အစည်းအတွင်းရှိ သက်ရှိများနေထိုင်သော ဂြိုဟ်ကြီးတစ်လုံးဖြစ်သည်။ ကမ္ဘာမြေကြီးအတွက် လိုအပ်သော အလင်းရောင်နှင့် အပူရှိန်တို့ကို နေလုံးကြီးက ထုတ်လွှတ်ပေး လျက်ရှိသည်။ နေနှင့်ကမ္ဘာတို့သည် ကီလိုမီတာပေါင်း ၁၄၄ သန်းခန့်ကွာဝေးပြီး၊ နေမှ ထုတ်လွှတ်လိုက်သော အလင်းရောင်သည် လဟာနယ်အတွင်း၌ တစ် စက္ကန့်လျှင် ကီလိုမီတာ ၃၀၀၀၀၀ အမြန်နှုန်းဖြင့် ရွေ့လျားလာသည့်အတွက် ကမ္ဘာမြေပေါ်သို့ နေ၏အလင်းရောင် ရောက်ရှိရန် အချိန် ၈ မိနစ်ကျော် ကြာမြင့် သည်။ သို့ဖြစ်၍ မည်သည့်အချိန်၌မဆိုမြင်တွေ့ရသော နေ၏အလင်းရောင်သည် လွန်ခဲ့သော ၈ မိနစ်ကျော်က ထုတ်လွှတ်လိုက်သော နေရောင်အလင်းသာလျှင် ဖြစ်သည်ကို သိရှိထားသင့်ကြသည်။

 

ဓာတ်ငွေ့ တိမ်တိုက်များ ဖြစ်ပေါ်ကာ ပေါက်ကွဲ

 

လူသားတို့ နေထိုင်လျက်ရှိကြသော နေစကြဝဠာ အဖွဲ့အစည်းကြီး၏ အဓိပတိဖြစ်သော နေလုံးကြီး၏ ပြင်းထန်သော အပူရှိန်များက ကမ္ဘာ့မြေပြင်ပေါ်သို့ သက်ရောက်သည်။ နေလုံးကြီး၏ မျက်နှာပြင်ရှိ ရှုပ်ထွေးနေ သော သံလိုက်စက်ကွင်းများ၏ ရောယှက် သက်ရောက်မှုကြောင့် နေ၏မျက်နှာ ပြင်ပေါ်တွင် အင်္ဂလိပ်အက္ခရာ ပုံသဏ္ဌာန်ရှိဆစ်ဂမွိုက်ဓာတ်ငွေ့ တိမ်တိုက်များ ဖြစ်ပေါ်ကာ တစ်နေ့တာအတွင်း အကြိမ်ရေ အတော်များများ ပေါက်ကွဲလျက် ရှိနေသည်။

 

ယင်းကဲ့သို့သော နေလုံးကြီး၏ ပေါက်ကွဲနေမှု သဘာဝဖြစ်စဉ်ကြောင့် လူတို့နေထိုင်ရာ မြေကမ္ဘာပေါ်သို့ နေ၏အလင်းရောင်များ ကျရောက်လာရ သည်။ သဘာဝ နေရောင်ခြည်တွင် ခရမ်းရောင်၊ မဲနယ်ရောင်၊ အပြာရောင် အစိမ်းရောင်၊ အဝါရောင် လိမ္မော်ရောင်၊ အနီရောင် စသည်ဖြင့် အရောင် ၇ မျိုး ပါဝင်နေသည်။ ရောင်စဉ်များအလိုက် လှိုင်းအလျားကို နာနိုမီတာဖြင့် သတ်မှတ်ထားကြရာ၊ ခရမ်းရောင်၏ လှိုင်းအလျားမှာ နာနိုမီတာ ၄၀၀ ရှိပြီး အနီရောင်၏ လှိုင်းအလျားကမူ နာနိုမီတာ ၇၆၀ ရှိသည်။

 

သိပ္ပံပညာရှင်တို့က နာနိုမီတာ ၄၀၀ အောက်ရှိသော ရောင်ခြည်ကို ခရမ်း လွန်ရောင်ခြည်ဟု သတ်မှတ်ခေါ်ဆိုကြပြီး လှိုင်းအလျား နာနိုမီတာ ၇၆၀ ထက်ပိုများသော ရောင်ခြည်ကိုမူ အနီအောက်ရောင်ခြည်ဟု သတ်မှတ် ခေါ်ဆိုကြသည်။

 

နေလုံးကြီး၏ ပေါက်ကွဲမှု ဖြစ်စဉ်များအနက် ထူးထူးခြားခြား အင်အား ကြီးမသည့် ပေါက်ကွဲမှုကြီးမျိုးမှာ တစ်နှစ်လျှင် ၂၅ ကြိမ်ခန့်ရှိတတ်ပြီး ယင်းကဲ့သို့သော ပေါက်ကွဲမှုကြီးများ ဖြစ်ပေါ်သည့်အခါ အာကာသထဲသို့ ပူလောင်သောလျှပ်စစ်ဓာတ် သယ်ဆောင်ထားသည့် ဓာတ်ငွေ့တန်ချိန် သန်းပေါင်း ၁၀၀၀၀ ခန့်ကို ထုတ်လွှတ်ကာ အာကာသထဲ၌ သံလိုက်ဓာတ်အား မုန်တိုင်းတစ်ခုကို ဖြစ်ပေါ်စေသည်။

 

ထိုမျှ ကြီးမားပြင်းထန်လှသော နေလုံးကြီး၏ မဟာပေါက်ကွဲမှုကြောင့် ခရမ်းလွန်ရောင်ခြည် (Ultra Violet Rays)များနှင့် ကော့စမစ်ရောင်ခြည် (Cosmic Rays)များ ဖြာထွက်လာသည်။ လူ့ခန္ဓာကိုယ်ပေါ်သို့ ခရမ်းလွန်ရောင်ခြည် လွန်ကဲစွာသည့်ရောက်ပါက ပြင်းထန်သော အရေပြားရောဂါများနှင့် မျက်စိ တိမ်စွဲခြင်းတို့ကို ဖြစ်ပေါ်စေနိုင်သလို ကော့စမစ်ရောင်ခြည် သင့်ပါက လည်းကိုယ်လက်အင်္ဂါ မစုံလင်သော ကလေးများကို မွေးဖွားလာစေနိုင်သည်။

 

သို့ရာတွင် အာကာသထဲရှိ Magnetic Bubble ခေါ်သံလိုက် အမြှုပ်များက ကော့စမစ်ရောင်ခြည်များ ကမ္ဘာမြေပေါ်သို့ ကျရောက်မလာစေရန် ကာရံ ပေးထားသလို ကမ္ဘာ့မြေမျက်နှာပြင်အထက် ၁၆ ကီလိုမီတာမှ ၄၈ ကီလို မီတာအတွင်းရှိ အိုဇုန်းလွှာကြီးကလည်း ခရမ်းလွန်ရောင်ခြည်များ ကမ္ဘာမြေပေါ်သို့ ကျရောက်မလာစေရန် သဘာဝအလျောက် ကာရံပေးထားလျက် ရှိသည်။

 

အာကာသထဲရှိ သံလိုက်အမြှုပ်များသည် ကမ္ဘာမြေပေါ်၌ ဖြစ်ပေါ်နေသော သဘာဝဖြစ်စဉ်များကြောင့် သော်လည်းကောင်း၊ စက်မှုလက်မှုလုပ်ငန်းတို့ကြောင့် သော်လည်းကောင်း ထိခိုက်မှုမရှိနိုင်ပေ။ အိုဇုန်း လွှာကြီးကမူ ကမ္ဘာမြေပေါ်တွင် သဘာဝအလျောက်ဖြစ်ပေါ်နေသော ရာသီဥတုများကြောင့် ထိခိုက်မှု မရှိနိုင်သော်လည်း လူတို့ ဖန်တီးပြုလုပ်သည့် ဓာတုပစ္စည်းများ၊ ဓာတ်ငွေ့များ၊ စွန့်ထုတ်အခိုးအငွေ့များ စသည်တို့ကြောင့် ထိခိုက်ခြင်း၊ ပါး လွှာခြင်း၊ ပေါက်ထွက်ခြင်းများ ဖြစ်ပေါ်လာနိုင်သည်။

 

စက်မှုလုပ်ငန်းများ၌ အသုံးပြုနေကြသော ကာဗွန်ဒြပ်ပေါင်းများနှင့် စွန့်ထုတ်အခိုးအငွေ့ တန်ချိန်ပေါင်း များစွာတို့သည် အိုဇုန်းလွှာကို ထိခိုက်ပျက်စီး စေပြီး လေအေးပေးစက်နှင့် ရေခဲသေတ္တာ စသည်တို့တွင် ထည့်သွင်းအသုံး ပြုသော ဖရီယွန်ဓာတ်ငွေ့ခေါ် ကလိုရိုဖလူအိုရိုကာဗွန် (CFC)များ ယိုစိမ့် ထွက်ခြင်းက ကမ္ဘာ့အိုဇုန်းလွှာကို ပေါက်ထွက်စေသည်အထိ ဆိုးကျိုးကို ဖြစ်ပေါ်စေသည်။ စီအက်ဖ်စီ ဓာတ်ငွေ့များသည် လေထုအပေါ်ယံလွှာသို့ ရေရောက်ရှိသည့်အခါ အိုဇုန်းလွှာအတွင်းရှိ အိုဇုန်းဓာတ်ငွေ့ မော်လီကျူးများကို ကွဲထွက်သွားစေသောကြောင့် အိုဇုန်းလွှာပါးလာခြင်းမှသည် ပေါက်ထွက် သွားသည်အထိပင် ဖြစ်ပေါ်စေနိုင်သည်။

 

စီအက်ဖ်စီကို ကမ္ဘာတစ်ဝန်းလုံး၌ တွင်ကျယ်စွာ အသုံးပြုခဲ့ကြခြင်းကြောင့် ဆိုးကျိုးသက်ရောက်မှုအဖြစ် ၁၉၈၅ ခုနှစ်က အန္တာတိကတိုက်၌ အိုဇုန်းလွှာ ပေါက်ထွက်နေခြင်းကို သိပ္ပံပညာရှင်တို့က စတင်တွေ့ရှိခဲ့ကြသည်။ ၁၉၉၈ ခုနှစ်အရောက်တွင် အိုဇုန်းလွှာအပေါက်ကြီး၏ အရွယ်ပမာဏမှာ စတုရန်းမိုင် ( ၁၀ ဒသမ ၅ သန်းခန့်အထိ ရှိလာကြောင်း တွေ့ရှိခဲ့ကြရသည်။ အမေရိကန် အမျိုးသားလေကြောင်းနှင့်အာကာသအုပ်ချုပ်ရေးအဖွဲ့ (NASA)၏ သိပ္ပံပညာ ရှင်များက ၂၀၀၀ ပြည့်နှစ် နှစ်လယ်ပိုင်းတွင် အန္တာတိကတိုက်ပေါ်ရှိ အိုဇုန်းလွှာအပေါက်ကြီးကို ထပ်မံတိုင်းတာခဲ့ကြရာ အိုဇုန်းလွှာအပေါက်ကြီးသည် စတုရန်းမိုင် ၁၁ သန်းခန့်အထိ ကြီးမားလာပြီး အန္တာတိကဒေသ တစ်ခုလုံးကို သာမက တောင်အမေရိကတိုက်၏ တောင်ဘက်အဖျားပိုင်းအထိပင် ရောက်ရှိ လွှမ်းမိုးထားပြီဖြစ်သည်။

 

ကမ္ဘာ့အိုဇုန်းလွှာ အပေါက်ကြီး၏ တည်နေရာမှာ အန္တာတိကတိုက်၏ အပေါ်တည့်တည့်နှင့် တောင်အမေရိကတိုက်၏ တောင်ဘက်အဖျားပိုင်းဖြစ်သော အာဂျင်တီးနားနိုင်ငံနှင့် ချီလီနိုင်ငံတို့၏ တောင်ဘက်အစွန်း နေရာများ သာလျှင် ဖြစ်သော်လည်း စကြဝဠာအတွင်း ကမ္ဘာက မိမိဝင်ရိုးပေါ်၌ လည်နေ ခြင်းနှင့် နေကိုလှည့်ပတ်နေခြင်း ဖြစ်စဉ်တို့ကြောင့် အိုဇုန်းလွှာ အပေါက်ကြီးမှ တစ်ဆင့် ဖောက်ထွင်း ဝင်ရောက်လာသော ခရမ်းလွန်ရောင်ခြည်များသည် ရာသီကာလပေါ်မူတည်ပြီး ကမ္ဘာ့နိုင်ငံအတော်များများသို့ ပျံ့နှံ့ရောက်ရှိနေသည်။

 

နေလုံးကြီး၏ ပေါက်ကွဲမှုကြောင့် ထွက်ပေါ်လာသော လျှပ်စစ်သံလိုက် လှိုင်းများသည် နာနိုမီတာ ၁၀မှ ၄၀၀အကြားရှိ ခရမ်းလွန်ရောင်ခြည်များကို ထွက်ပေါ်လာစေသည်။ အဆိုပါ ခရမ်းလွန်ရောင်ခြည်များအနက် နာနိုမီတာ ၂၅၀ အောက်ရှိသည့် ခရမ်းလွန်ရောင်ခြည်များက ကမ္ဘာ့မြေမျက်နှာပြင် ပေါ်သို့ မကျရောက်နိုင ်သော်လည်း နာနိုမီတာတန်ဖိုး မြင့်မားသည့် ခရမ်းလွန်ရောင်ခြည်များကမူ အိုဇုန်းလွှာ၏အကာအကွယ် ကင်းမဲ့နေပါက ကမ္ဘာ့မြေမျက်နှာ ပြင်ပေါ်သို့ ကျရောက်လာနိုင်သည်။

 

လူတို့၏မျက်စိသည် ခရမ်းလွန်ရောင်ခြည်ကို မြင်နိုင်စွမ်းမရှိပေ။ အဘယ်ကြောင့်ဆိုသော် လူတို့၏ မျက်စိအတွင်းပိုင်းရှိ အာရုံခံလွှာတွင် အလွန်သေး ငယ်သည့်ကလာပ်စည်းများဖြင့် ဖွဲ့စည်းထားသော အလင်းရောင် အာရုံခံအမြှေး ပါး(Visual Pigment)သည် လှိုင်းအလျား နာနိုမီတာ ၄၀၀ မှ ၇၆၀ အတွင်း ရှိသော အရောင်များကိုသာ ခံစားမြင်တွေ့နိုင်စွမ်း ရှိသောကြောင့်ဖြစ်သည်။ ထို့ကြောင့်ပင် နာနိုမီတာ ၄၀၀ ထက်နည်းသော ခရမ်းလွန်ရောင်ခြည်ကို သော်လည်းကောင်း၊ နာနိုမီတာ ၇၆ဝ ထက်များသော အနီအောက် ရောင်ခြည်ကို သော်လည်းကောင်း လူတို့၏မျက်စိက မမြင်ရခြင်းဖြစ်သည်။ လူတို့က ခရမ်း လွန် ရောင်ခြည်ကို မမြင်ရသော်လည်း ပိတုန်းကလေးများကမူ ခရမ်းလွန် ရေရောင်ခြည်ကို မြင်နိုင်စွမ်းရှိကြသည်။

 

ခရမ်းလွန်ရောင်ခြည်ကို သိပ္ပံပညာရှင်တို့က အုပ်စုသုံးစုခွဲ၍ သတ်မှတ် ပေးထားခဲ့ကြရာ နာနိုမီတာ ၂၅၀ အောက်ရှိသည့် C အုပ်စု ခရမ်းလွန် ရောင် ခြည်များသည် ကမ္ဘာ့လေထုအတွင်းသို့ ရောက်ရှိမလာနိုင်သည့် အတွက် ယင်းတို့၏အန္တရာယ်ကို စိုးရိမ်ရန်မလိုအပ်ပေ။ ကျန်အုပ်စုနှစ်ခုအနက် နာနို မီတာတန်ဖိုး ၂၅၀ မှ ၃၁၅ အကြားရှိ B အုပ်စု ခရမ်းလွန်ရောင်ခြည်များနှင့် နာနိုမီတာတန်ဖိုး ၃၁၅ မှ၄ဝဝ အကြားရှိ့အုပ်စု ခရမ်းလွန်ရောင်ခြည် များသည် အိုဇုန်းလွှာ၏ အကာအကွယ်ကင်းမဲ့နေသော နေရာမှတစ်ဆင့် ကမ္ဘာ့မြေမျက်နှာပြင်ပေါ်သို့ ကျရောက်လာနိုင်သည်။

 

ယင်းတို့အနက် B အုပ်စုဖြစ်သော ခရမ်းလွန်ရောင်ခြည်များသည် လူ့ခန္ဓာ ကိုယ် အရေပြား၏ အပေါ်ယံအထိသာ ရောက်ရှိနိုင်ပြီး၊ A အုပ်စုဖြစ်သော ခရမ်းလွန်ရောင်ခြည်များကမူ လူ့ခန္ဓာကိုယ် အရေပြား၏ အတွင်းပိုင်းထိတိုင် ထိုးဖောက်ဝင်ရောက်နိုင်သည်။ ထို့ကြောင့်ပင် ခရမ်းလွန်ရောင်ခြည်များ အချိန်ကြာမြင့်စွာ သင့်ရောက်ပါက အရေပြားပေါ်တွင် နေလောင်ကွက်များ ဖြစ်ပေါ်ခြင်း၊ ရုပ်ဆင်း သဏ္ဌာန် အိုမင်းရင့်ရော်ခြင်း၊ မျက်စိတိမ်စွဲခြင်း၊ အရေ ပြား ကင်ဆာရောဂါ ခံစားရခြင်းများကို ဖြစ်ပွားစေနိုင်သည်။

 

ထို့ကြောင့်ပင် သိပ္ပံပညာရှင်တို့က ခရမ်းလွန်ရောင်ခြည် သင့်ရောက်မှုကို အညွှန်းကိန်း (UV Index)များဖြင့် သတ်မှတ်ပေးခဲ့ကြပြီး ခရမ်းလွန်ရောင် ခြည် အညွှန်းကိန်းများအလိုက် ဖြစ်ပွားလာနိုင်ဖွယ်ရှိသော ဆိုးကျိုးသက် ရေရောက်မှုများကို အောက်ပါအတိုင်း သတိပေးထုတ်ပြန်ခဲ့ကြသည်။ 

UV Index ၃ အောက် - နေပူထဲ၌ အကာအကွယ်မဲ့ သွားလာသည့်တိုင် ကျန်းမာရေး ပြဿနာ မရှိနိုင်ပေ။

 UV Index ၃ မှ ၆ - ထီး၊ ဦးထုပ်စသည့် အကာအကွယ်ဖြင့်သာ နေရောင်ထဲ၌ သွားလာသင့်သည်။

 UV Index ၆ မှ ၉ - အရေပြားနှင့် မျက်စိတို့ကို နေရောင်နှင့် တိုက် ရိုက် မထိတွေ့ စေသင့်ပေ။ ထီး၊ ဦးထုပ်၊ နေကာမျက်မှန် စသည်တို့ကို ဝတ်ဆင်ပြီးမှ နေရောင်ထဲ၌ သွားလာသင့်သည်။ နေရောင်ဒဏ်ခံလိမ်းဆေးများကို ကြိုတင်လိမ်းထားသင့်သည်။

UV Index ၁၀မှ ၁၁ နှင့်အထက် - နေရောင်နှင့်ထိတွေ့ချိန် ကြာမြင့်လွန်း ပါက အရေပြားနှင့် မျက်စိကျန်းမာရေးဆိုင်ရာ ပြဿနာများ ဖြစ်ပေါ်လာနိုင် သည်။ တတ်နိုင်သမျှ အရိပ်ရသော နေရာမျိုး၌သာနေသင့် ပြီး၊ မလွှဲ မရှောင်သာပဲ နေပူထဲသို့ သွားရမည်ဆိုပါက ထီး၊ ဦးထုပ်၊ နေကာမျက်မှန်၊ အင်္ကျီလက်ရှည်၊ လုံချည်၊ ထဘီ၊ ဘောင်းဘီရှည်နှင့် ဂါဝန်ရှည်များကိုသာ ဝတ်ဆင်သင့်သည်။ နေရောင်ဒဏ်ခံ အဆင့်မြင့် လိမ်းဆေးများကို ကြိုတင် လိမ်းထားသင့်သည်။

 

နေရောင်ဒဏ်ခံ လိမ်းဆေးများအနက် သာမန်လိမ်းဆေးများမှာ Sun Protection Factor (SPF) အဆင့် ၁၅ မှ ၃၀ အတွင်းရှိသည့် လိမ်းဆေး (Lotion)များဖြစ်ကြပြီး၊ အဆင့်မြင့် လိမ်းဆေးများကမူ SPF အဆင့် ၃၀ မှ ၅၀ အတွင်းရှိသည့် လိမ်းဆေးများနှင့် SPF 50 လိမ်းဆေးများ ဖြစ်ကြသည်။ အဆိုပါ လိမ်းဆေးများကို နေရောင်ထဲသို့မထွက်မီ ကြိုတင်လိမ်းကျံထားကြ ရမည်ဖြစ်ပြီး နေရောင်ထဲ၌ ရှိနေချိန် နှစ်နာရီကြာပြီးတိုင်း နောက်တစ်ကြိမ် ထပ်မံ၍ လိမ်းကျံရမည်ဖြစ်သည်။

 

ဤနေရာတွင် ခရမ်းလွန်ရောင်ခြည်နှင့် ပတ်သက်၍ အထက်တွင် ဖော်ပြ သကဲ့သို့ လွဲမှားသော အယူအဆအချို့ ရှိနေကြသည်။ ပူပြင်းသော နွေရာသီကာလ၌သာ ခရမ်းလွန်ရောင်ခြည် ကျရောက်နိုင်သည်ဟူသော အယူ အဆနှင့် ထိုကာလမျိုး၌သာ ခရမ်းလွန်ရောင်ခြည်၏ အန္တရာယ်ကို စိုးရိမ်ရသည်ဟူသော အယူအဆတို့ ဖြစ်ကြသည်။ ပကတိဖြစ်စဉ်၌မူ သဘာဝ ယန္တရားကြီးလည်ပတ်နေမှုကြောင့် ခရမ်းလွန် ရောင်ခြည်သည် အိုဇုန်းလွှာ၏ အကာအကွယ် ကင်းမဲ့နေချိန်တွင် ရာသီမရွေး ကျရောက်နိုင်ပြီး ရာသီကာလ များအလိုက် ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်း အနိမ့်အမြင့် ကွာခြခြင်း မျိုးသာ ရှိနိုင်သည်။

 

ခရမ်းလွန်ရောင်ခြည်သည် လူတို့အတွက် ဆိုးကျိုးကိုသာ ပေးနိုင်သည် မဟုတ်ဘဲ ကောင်းကျိုး အချို့ကိုလည်း ပေးစွမ်းနိုင်သည်ကို သိရှိသင့်ကြသည်။ ခရမ်းလွန်ရောင်ခြည်နှင့် လူ့ခန္ဓာကိုယ်တို့ အချိန် တစ်ခဏမျှ အသင့်အတင့် ထိတွေ့မှုက လူ့ကျန်းမာရေးအတွက် အလွန်အရေးကြီးသော ဗီတာမင်ဒီကို ရရှိစေသည်။ ထို့ပြင် ခရမ်းလွန်ရောင်ခြည်သည် ဗိုင်းရပ်စ်ပိုးများကို ရှင်သန်ခွင့် မပြုသောကြောင့် ဆားစ်နှင့် ကိုဗစ်-၁၉ စသော ကူးစက်မြန် အဆုတ်ရောင် ရောဂါပိုးများ၏ ရှင်သန်နိုင်မှု အချိန်ကာလကို အလွန်တိုတောင်းစေခြင်းဖြင့် ကူးစက်ပြန့်ပွားမှုကို အလိုအလျောက် ကန့်သတ်ထိန်းချုပ်ပေးထားလျက် ရှိသည်။

 

မျက်မှောက်ကာလတွင် ကမ္ဘာတစ်ဝန်း ကူးစက်ပြန့်ပွားနေသော World Pandemic Disease ဖြစ်သည့် ကိုဗစ်-၁၉သည် စိုထိုင်းဆမြင့်မားပြီး နွေရာသီ ကာလ၌ ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်း မြင့်တက်လေ့ရှိသော ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လာအိုနှင့် မြန်မာစသော အရှေ့တောင်အာရှ နိုင်ငံများ၌ ကူးစက်ပြန့်ပွားမှု နှေးကွေးတုံ့ဆိုင်းခဲ့သည်။

 

လာမည့်မိုးရသီကာလ၌လည်း မြန်မာနိုင်ငံ တောင်ပိုင်းစွန်းဒေသများမှလွဲ၍ ကျန်ဒေသအားလုံးတွင် ယခင်နှစ် မိုးရာသီကာလများ၏ ရွာသွန်းမြဲအောက် များစွာလျော့နည်း ရွာသွန်းမည်ဖြစ်ပြီး ရေငွေ့ပြန်မှုကြောင့် ဖြစ်ပေါ် လာသော မိုးတိမ်တောင်များကြောင့် နေရာကွက်၍ မိုးကြီးခြင်းမျိုးသာ ဖြစ်ပေါ် နိုင်မည်ဟု ခန့်မှန်းရသည်။ ထိုကဲ့သို့ ခန့်မှန်းရသည့်အားလျော်စွာ လာမည့် မိုးရာသီကာလတွင် မိုးရွာသွန်းမည့်ရက် လျော့နည်းကာ နေရောင်ခြည်ရရှိမှုအချိန်ကာလကယခင်နှစ် မိုးရာသီများထက်ပိုမိုလိမ့်မည်ဖြစ်သည့် အလျောက် ခရမ်းလွန် ရောင်ခြည်နှင့် ထိတွေ့နိုင်မှု အခွင့်အလမ်းကို ပိုမိုစေခြင်းဖြင့် ကိုဗစ်-၁၉ကူးစက်ပြန့်ပွားမှုကို သဘာဝတရား ကြီးက ဟန့်တားပေးလိမ့်ဦး မည်ဟု မျှော်လင့်ရပေတော့သည်။ ။