ကိုဗစ် - ၁၉ အကြောင်း သိကောင်းစရာ အမေး/အဖြေ အစီအစဉ်

ထက်လျှံ

 

မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဒီဇင်ဘာ ၁ ရက် ညနေ ၆ နာရီခွဲတွင် ထုတ်လွှင့်ပြသခဲ့သည့် ကိုဗစ် - ၁၉ အကြောင်း သိကောင်းစရာ အမေး / အဖြေ အစီအစဉ်ကို ပြည်သူများသိရှိနိုင်ရန် အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။

 

အစီအစဉ်မှူး။   ။ လက်ရှိမြန်မာနိုင်ငံမှာ တွေ့နေရတဲ့ ကိုဗစ် - ၁၉ ရောဂါပိုးရှိသူတွေ အနက် ၆၅ ရာခိုင်နှုန်းခန့်က ရောဂါလက္ခဏာမပြဘဲနဲ့ သာမန်အတိုင်း နေကောင်းကျန်းမာစွာ ရှိနေနိုင်တဲ့အတွက် ပြည်သူတွေအနေနဲ့ မိမိတို့ရဲ့ ကျန်းမာရေးကိုလည်း အထူးဂရုပြုပြီး နေထိုင် သင့်ပါတယ်။

 

အခုလတ်တလော တွေ့ရှိနေရတဲ့ ကိုဗစ် - ၁၉ ရောဂါပိုးဟာ မျိုးရိုးဗီဇ ပြောင်းလဲတဲ့အတွက် ကြောင့်လည်း အရင်ကထက် ၁၀ ခန့်ပိုမိုပြီး ကူးစက်မှုက မြန်ဆန်ပါတယ်။ ဒါကြောင့် ပြည်သူတွေ အနေနဲ့ ရပ်ကွက်/ ကျေးရွာ/ မြို့နယ်တွေအတွင်းမှာ ဈေးရောင်းဈေးဝယ်ဆောင်ရွက်တဲ့အခါ ကိုဗစ် - ၁၉ ရောဂါကို ထိရောက်စွာကာကွယ်ရေး လမ်းညွှန်ချက်တွေကိုလည်း အထူးဂရုပြုဖို့ တိုက်တွန်းချင်ပါတယ်။

 

အပတ်စဉ်တင်ဆက်နေတဲ့ ကိုဗစ် - ၁၉ အကြောင်း သိကောင်းစရာ အမေး / အဖြေ အစီ အစဉ်မှာ ပြည်သူတွေ သိလိုတဲ့ ကဏ္ဍတွေကိုလည်း ပါမောက္ခကြီးတွေ၊ သမားတော်ကြီးတွေနဲ့ ပညာရှင်တွေ ကနေပြီး ပါဝင်ဆွေးနွေးပေးလျက်ရှိပါတယ်။ ဒီကနေ့မှာ ပါမောက္ခဒေါက်တာသင်းသင်းနွဲ့ [ပါမောက္ခ/ ဌာနမှူး၊ ဆေးပညာဌာန၊ ဆေးတက္ကသိုလ် - ၂ (ရန်ကုန်)]၊ ဒေါက်တာမိုးခိုင် [ညွှန်ကြားရေးမှူး (ကုသရေး)၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန]နဲ့ ဒေါက်တာသန်းနိုင်စိုး [ညွှန်ကြားရေးမှူး (ကျန်းမာရေးအသိပညာမြှင့်တင်ရေး)၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန] တို့က ပါဝင်ဆွေးနွေး ပေးမှာ ဖြစ်ပါတယ်။ ပထမဦးဆုံးအနေနဲ့ ဒေါက်တာသန်းနိုင်စိုးက ဦးဆောင် ဆွေးနွေးပေးဖို့ ဖိတ်ခေါ်ပါ တယ်။

 

ဒေါက်တာသန်းနိုင်စိုး။   ။ ကျွန်တော်အနေနဲ့ ပထမဦးဆုံးအနေနဲ့ မြောက်ဥက္ကလာပ ဆေး တက္ကသိုလ် - ၂ (ရန်ကုန်)မှ ဆေးပညာဌာန ပါမောက္ခ/ ဌာနမှူး ပါမောက္ခဒေါက်တာသင်းသင်းနွဲ့ကို ဖြေကြားပေးဖို့အတွက် ဖိတ်ခေါ်ပါတယ်။

 

ပါမောက္ခဒေါက်တာသင်းသင်းနွဲ့။                      ။ ဒီတစ်ပတ် ကိုဗစ် - ၁၉ အကြောင်း သိကောင်းစရာ အမေး/ အဖြေ ဒသမအပတ်အစီအစဉ်မှာ ရရှိတဲ့မေးခွန်းတွေအပေါ်မှာ ကျွန်မအနေနဲ့ အပိုင်း ၄ ပိုင်း ခွဲပြီး ဆွေးနွေးသွားပါမယ်။ နံပါတ် (၁) က ကိုဗစ် - ၁၉ ရောဂါလက္ခဏာဖြစ်နေပြီးလားလို့ စိတ်ပူပြီး မေးထားတဲ့ မေးခွန်းရယ်၊ နံပါတ် (၂) က သူတို့အခုဆိုရင် ကိုဗစ် - ၁၉ ဖြစ်ပြီးတဲ့အခါမှာ မဖြစ်ခင်မှာ လူတွေက Pulse Oximeter တွေ ဝယ်တယ်။ အဲဒီအခါ Oxygen Levels ဘယ်လောက်ဆိုရင် Normal ဆိုတာသိချင်တဲ့ မေးခွန်းရယ်၊ နံပါတ် (၃) က ကိုဗစ် - ၁၉ Positive ဖြစ်နေတဲ့ မိခင်တွေက မွေးကင်းစ ကလေးကို နို့ချိုတိုက်ကျွေးနိုင်သလားဆိုတာရယ်၊ နံပါတ် (၄) က ကိုဗစ် - ၁၉ Positive ဖြစ်ထားပြီ ဘယ်အချိန်အထိကို Positive ဖြစ်နေဦးမှာလည်းဆိုပြီး မေးထားတဲ့ မေးခွန်းရယ် အားလုံးအပိုင်း ၄ ပိုင်းရှိပါတယ်။

 

နံပါတ် (၁) မေးခွန်းနဲ့ ပတ်သက်လို့ ကိုဗစ် - ၁၉ ရောဂါလက္ခဏာ ဖြစ်နေပြီလားဆိုပြီး စိတ်ပူတာပေါ့နော်။ အဲဒီအခါ တော်တော်များများက စိတ်ပူပြီး ရန်ကုန်မြို့မှာရှိတဲ့ ဆေးရုံ၊ ဆေးခန်းနဲ့ Fever Clinic တွေကို လာပြီးပြသကြတယ်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ကိုဗစ် - ၁၉ ရောဂါ လက္ခဏာရှိသူများ လက္ခဏာတွေ ဘာတွေ၊ ဘာတွေ ကိုဗစ် - ၁၉ ဖြစ်နိုင်တယ်ဆိုတာကို ကျွန်မတို့က ထုတ်ပြန်ကြေညာထားပြီး ဖြစ်ပါတယ်။

 

ဒါပေမယ့် ပြည်သူအများက ဖတ်ရှုတယ်။ ဒါပေမယ့် ဖတ်ရှုထားတာကို ထပ်ပြီး ရှင်းပြလိုက်ရင် ပြည်သူတော်တော်များများက နည်းနည်းရှင်းရှင်းလင်းလင်း ပိုပြီးသိသွားမယ်။ ဒါကြောင့် အခု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ကြေညာထားတဲ့အတိုင်း ကျွန်မက ထပ်မံပြီး ရှင်းလင်းချင်ပါတယ်။ နံပါတ် (၁) က လူတစ်ယောက်ဟာ ဖျားမယ်။ ဖျားတယ်ဆိုရင် သူရဲ့ အပူချိန်က ၁၀၀ ဒသမ ၄ ဒါက ကိုယ့်ရဲ့အိမ်မှာ သာမိုမီတာ ဖြစ်ဖြစ်၊ ဆေးရုံ/ ဆေးခန်းရောက်ရင် အဖျားတိုင်းလို့ရှိရင် ၁၀၀ ဒသမ ၄ ဖာရင်ဟိုက်ရှိမယ်။ နံပါတ် (၂) က ဖျားပြီးလို့ရှိရင် ဘာဖြစ်မလဲ၊ ချောင်းဆိုးမယ်။ သလိပ်မထွက်ဘဲ ချောင်းခြောက်တွေဆိုးမယ်။ နောက်တစ်ခုက ကိုယ်လက်တွေ မအီမသာတွေ ဖြစ်မယ်၊ မောလာမယ်၊ အစားအသောက်တွေ ပျက်လာမယ်၊ ဝမ်းပျက်တာတွေရှိမယ်၊ အနံ့မရဘူး နှာခေါင်းတွေပိတ်မယ်၊ နှာချေမယ် အဲဒီလက္ခဏာတွေ ရှိလာပြီဆိုရင် ကျွန်မတို့က ကိုဗစ် - ၁၉ သံသယဖြစ်ပြီ လူတွေ နည်းနည်းလေး စိတ်ပူလာပြီ။ ဒီလက္ခဏာရှိလာပြီဆိုရင် နီးစပ်ရာ ဆေးရုံ/ ဆေးခန်းတွေကို သွားရောက်ပြီး ကိုဗစ် - ၁၉ စစ်ဆေးသင့်ပါတယ်။

 

ဒီလက္ခဏာတွေ အများကြီးထဲမှာ နှာခေါင်းပိတ်တယ်၊ နှာချေတယ် ဆိုရင်ရော ကိုဗစ် - ၁၉ လား၊ နှာခေါင်းပိတ်တယ်၊ နှာချေတယ်ဆိုရင် ရိုးရိုးနှာစေးချောင်းဆိုးလည်း ရှိတယ်။ ဒါပေမယ့် အဲဒီအချိန်မှာ ကျွန်မတို့က သူသည် ရိုးရိုးနှာစေးချောင်းဆိုးလား၊ ကိုဗစ် - ၁၉ ဖြစ်နိုင်ခြေရှိသလား ဆိုတာကို သူသည် ကိုဗစ် - ၁၉ ဖြစ်နေသူနဲ့ နီးနီးစပ်စပ် အလုပ်အကိုင်မှာ လုပ်နေသလား၊ အိမ်ထဲမှာ အတူနေဖူးသလား၊ ဒါမှမဟုတ် ကိုဗစ် - ၁၉ ဖြစ်ပွားနေတဲ့ နေရာတွေကို သွားလာဖူးသလား၊ High Risk Person ဖြစ်သလားဆိုတာကို အရင်ကြည့်ရမယ်။ High Risk  မရှိဘူး ဆိုရင် ကျွန်မတို့က ရိုးရိုးနှာစေးချောင်းဆိုးပါ။ အဲဒီလို မဟုတ်ဘဲ High Risk Person ဆိုရင် ဆေးရုံ/ ဆေးခန်းတွေမှာ လာပြီးစစ်ဆေးသင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ စောစောစစ်လိုက်ရင် စောစော ကုသလို့ရပါ တယ်။ ဒါက ကိုဗစ် - ၁၉ ရောဂါလက္ခဏာပါ။

 

အခုလူအများသိတာက အနံ့ပျောက်တယ်ဆိုရင် အနံ့ပျောက်စင်တာတွေသွားတယ်။ နောက်တစ်ခါ တော်တော်များများလည်း သိလာပါတယ်။ အစားအသောက်တွေ ပျက်တယ်၊ ကိုယ်လက်မအီ မသာဖြစ်တယ်၊ ဝမ်းပျက်ပြီဆိုရင် ဆေးရုံလာဖို့ သိလာကြတယ်။ ဖျားပြီ၊ ချောင်းဆိုးပြီဆိုရင်လည်း လာတယ်။ မောပြီဆိုရင်တော့ နည်းနည်းနောက်ကျလာပြီဖြစ်ပါတယ်။ ဒါကြောင့် အခုလို လက္ခဏာတွေ ရှိပြီဆိုရင် စောစောစီးစီး ဆေးရုံ/ ဆေးခန်း လာသင့်တယ်။ ဒါက ရောဂါလက္ခဏာတွေ အကြောင်းပါ။

 

နံပါတ် (၂) မေးခွန်းနဲ့ပတ်သက်လို့ ခန္ဓာကိုယ်ထဲမှာ အောက်ဆီဂျင် ဘယ်လောက်ရှိသလဲဆိုတာ သိဖို့ အတွက် Pulse Oximeter တွေ တော်တော်များများကို အိမ်တွေမှာ ဝယ်ထားကြတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့က မောပြီဆိုတာရင် ဆေးရုံကို လာရတော့မယ်ဆိုတာ သိကြပါတယ်။ လူသာမန် တစ်ယောက်က ၉၅ နဲ့ ၁၀၀ က Oxygen Levels ပုံမှန်ဖြစ်ပါတယ်။ ၉၀ နဲ့ ၉၀ အောက် ရောက်ပြီဆိုရင် ဒီလူနာသည် ဆေးရုံကို လာပြသင့်ပြီပေါ့နော်။ အဲဒါတွေကလည်း အရေးကြီးပါတယ်။

 

နောက်မေးထားတဲ့ မေးခွန်းက ခုခံအားကျဆင်းတဲ့သူတွေမှာ Oxygen Levels က ဘယ် အဆင့် ရှိသလဲဆိုပြီး မေးထားပါတယ်။ ခုခံအားကျဆင်းတဲ့သူတွေအနေနဲ့ HIV ပိုးအကောင်ရေဟာ ပုံမှန်အတွင်းမှာ ဝင်နေတယ်ဆိုရင် သူ့ရဲ့ Oxygen Levels က ပုံမှန်လူတစ်ယောက်မှာရှိတဲ့ Levels နဲ့အတူတူပါပဲလို့ ဖြေကြားလိုပါတယ်။

 

နံပါတ် (၃) မေးခွန်းဖြစ်တဲ့ ကိုဗစ် - ၁၉ Positive ဖြစ်တဲ့မိခင်က မွေးတဲ့ကလေးတွေနဲ့ ပတ်သက်ပြီး အခုလက်ရှိ လေ့လာဆန်းစစ်ချက်အရ ကိုဗစ်ရောဂါသည် ကိုယ်ဝန်မိခင်က မွေးလိုက်တဲ့ ကလေးမှာ ရောဂါကူးစက်မှုက တော်တော်နည်းပါတယ်။ ဒါပေမယ့် ကလေးတွေမှာ ကူးစက်မှု ရှိ/ မရှိ ကို မွေးပြီး ၂၄ နာရီအတွင်း ကိုဗစ် - ၁၉ ရှိ/ မရှိ စစ်ဆေးပါတယ်။ စစ်ဆေးလို့ Negative ဖြစ်တယ်ဆိုရင် နောက် ၄၈ နာရီအတွင်းမှာ ထပ်မံပြီးစစ်ဆေးပါတယ်။ မိခင်နို့ တိုက်ကျွေးနိုင်သလားဆိုတဲ့ မေးခွန်းနဲ့ပတ်သက်လို့ မိခင်နို့တိုက်ကျွေးနိုင်ပါတယ်။ မိခင်အနေနဲ့ ကလေးနို့ တိုက်ချိန်မှာ စိတ်ချရအောင် Mask နဲ့ Face Shield တပ်ဆင်တဲ့အပြင် လက်ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ချက်အတိုင်း လက်ကိုသေသေချာချာ ဆေးကြောပြီး မိခင်နို့ တိုက်ကျွေးနိုင်ပါတယ်။

 

နံပါတ် (၄) မေးခွန်းဖြစ်တဲ့ ကိုဗစ် - ၁၉ Positive ဖြစ်တယ်၊ ဘယ်အချိန်အထိအောင် Positive ဖြစ်နေမှာလဲဆိုတာနဲ့ ပတ်သက်ပြီး ကျွန်မတို့က ၁၁ ရက်ကျော်ပြီး သာမန်ဆိုရင် တခြားသူကို ကူးစက်မှုနှုန်းက နည်းသွားပြီ၊ ဒါပေမယ့် နှာခေါင်းတို့ဖက်ယူမယ်၊ အာခေါင်တို့ဖတ်ယူမယ်ဆိုရင် သူ့ခန္ဓာကိုယ်မှာရှိနေတဲ့ ကိုဗစ် - ၁၉ Positive က ၃ လအထိ ရှိနေနိုင်ပါတယ်။ ဒါပေမယ့် သူများကို ကူးစက်မှုက နည်းပါတယ်။ အကောင်းဆုံးက Mask တပ်ထားမျိုး၊ Social Distancing လုပ်ထားမျိုးဆိုရင် တခြားသူတွေကိုလည်း မကူးနိုင်ပါဘူး။ ဒါက ဒီနေ့ ကျွန်မရရှိထားတဲ့ မေးခွန်းတွေကို ဖြေကြားခဲ့ခြင်းဖြစ်ပါတယ်။ အားလုံးကျေးဇူးတင်ပါတယ်။

 

ဒေါက်တာသန်းနိုင်စိုး။   ။ ဆက်လက်ပြီး ပြည်သူတွေ မေးမြန်းထားတဲ့ ဆေးရုံနဲ့ ပတ်သက်တဲ့ မေးခွန်းတွေ၊ ဆေးရုံစီမံခန့်ခွဲမှုဆိုင်ရာနဲ့ ပတ်သက်တဲ့ မေးခွန်းတွေကို ဖြေကြားပေးဖို့အတွက် ဒေါက်တာမိုးခိုင်ကို ဖိတ်ခေါ်ပါတယ်။

 

ဒေါက်တာမိုးခိုင်။          ။ ပထမဦးဆုံး မေးခွန်းအနေနဲ့ မြန်မာနိုင်ငံမှာ ကိုဗစ်ကုသရေးဌာန ဘယ်နှစ်ခုရှိသလဲ၊ ဆေးရုံ/ ဆေးခန်းများရဲ့ ကုသမှုအခြေအနေကို သိလိုပါတယ် ဆိုပြီး မေးထားပါတယ်။ ဒီမေးခွန်းက ကျယ်ကျယ်ပြန့်ပြန့် မေးထားတဲ့ မေးခွန်းတစ်ခု ဖြစ်ပါတယ်။ မေးခွန်းထဲမှာပါတဲ့ ကိုဗစ်ကုသရေးဌာနဆိုတဲ့ အသုံးအနှုန်းနဲ့ပတ်သက်ပြီး အခုနောက်ပိုင်း ကိုဗစ် - ၁၉ ရောဂါ ကုသရေး လုပ်ငန်းဆောင်ရွက်တဲ့အခါမှာ စနစ်တကျ ကိုဗစ်ကုသရေးဌာနတွေ ဖွင့်လှစ်ပြီး ဆောင်ရွက်ခဲ့တယ်။ ဒါကြောင့်မို့ ပြည်သူလူထုအနေနဲ့ ကျွန်တော်တို့ ဘယ်လောက်အထိ ဆောင်ရွက်ခဲ့သလဲ သိလိုတဲ့အတွက် မေးမြန်းခြင်းဖြစ်ပါတယ်။

 

ကိုဗစ်ကုသရေးဌာနအနေနဲ့ ရန်ကုန်တိုင်းဒေသကြီးမှာ လုပ်ငန်းဆောင်ရွက်နေတာ ကိုဗစ် - ၁၉ ကုသရေးဌာန (ဖောင်ကြီး) အပါအဝင် ၁၄ ခုရှိပါတယ်။ ဒီကိုဗစ်ကုသရေးဌာန စင်တာတွေက မိဘပြည်သူတွေရဲ့ လှူဒါန်းမှုနဲ့ အဆောက်အဦးပိုင်းတွေ၊ ပစ္စည်းကိရိယာပိုင်းတွေ ဖြည့်ဆည်းထား ရှိပါတယ်။ ဒီစင်တာတွေမှာ ကုသရေးအပိုင်းကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက တာဝန်ယူပြီး လိုအပ်တဲ့ ဆရာဝန်၊ သူနာပြု၊ ကျွမ်းကျင်ဝန်ထမ်းတွေ၊ အထွေထွေလုပ်သား အားလုံးကိုဖြည့်ဆည်းပြီး တာဝန်ယူဆောင်ရွက်နေတာ ဖြစ်ပါတယ်။ နောက်မန္တလေးတိုင်း ဒေသကြီးမှာ ကိုဗစ်ကုသရေးဌာန မန္တလာသီရိ ရှိပါတယ်။

 

ဒီလိုမျိုး ကိုဗစ်ကုသရေးဌာနဆိုတဲ့ အသုံးအနှုန်းကို ခေါ်ဆိုတာက မန္တလေးမှာ တစ်ခု၊ ရန်ကုန် မှာ ၁၄ ခု Function တွေ ရှိတယ်ဆိုပေမယ့် ပင်မကိုဗစ် - ၁၉ ကုသရေးနဲ့ ကျန်တာတွေအားလုံးအတွက် ပြည်သူ့ဆေးရုံတွေ ရှိနေတာဖြစ်ပါတယ်။ ဒီပြည်သူ့ဆေးရုံတွေမှအပ ကျန်တဲ့နေရာတွေမှာ ကိုဗစ်ကုသရေးအတွက် အထူးပြုပြီး လိုအပ်လာတဲ့ကုသမှုတွေကို ဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။

 

အခုအနောက်ပိုင်းမှာ ကိုဗစ်ကုသရေးနဲ့ပတ်သက်လို့ ပြည်သူ့ဆေးရုံတွေမှာ ပုံမှန်ကုသရေးအပြင် ကိုဗစ် - ၁၉ ကုသရေးကို ဆောင်ရွက်နိုင်ဖို့အတွက် သတ်မှတ်ဧရိယာတွေ ဖွဲ့စည်းပြီး ဆောင်ရွက်လျက်ရှိပါတယ်။ နောက်တစ်ခါ ယခင်ကတည်းက ဆောင်ရွက်ခဲ့တဲ့ ညွှန်းပို့ဆေးရုံတွေ အရေအတွက် အထူးအနေနဲ့ဆိုရင် ကုသရေးဌာန လက်အောက်မှာဆိုရင် တောင်ဥက္ကလာပ အထူးကု ဆေးရုံကြီးရယ်၊ ဝေဘာဂီ အထူးကုဆေးရုံကြီးရယ် ဒါတွေက ကိုဗစ်အထူးကု ဆေးရုံတွေအဖြစ် ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

 

ကိုဗစ်ကုသရေးဌာနတွေမှာ အားလုံးသိကြတဲ့အတိုင်း အခုနောက်ပိုင်းမှာ ဖြစ်ပေါ်လာတဲ့ ရောဂါအခြေအနေကို ပါမောက္ခကြီးတွေက ရှင်းလင်းသွားပြီ ဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာ ရောဂါ ပိုပြီးပြင်းထန်လာတာကို ပြည်သူတွေအနေနဲ့ တွေ့ရှိပြီးဖြစ်ပါတယ်။ ကိုဗစ်ကုသရေးစင်တာတွေမှာ Moderate and Severe ဆိုပြီး အသက်အန္တရာယ် ကယ်နိုင်ဖို့ကို ထားရှိရတာဖြစ်တဲ့အတွက်‌ကြောင့် ကုသရေးဌာနတွေမှာဆိုရင် ဆေးရုံကြီးကဲ့သို့ အောက်ဆီဂျင်ပေးနိုင်တဲ့ ခုတင်တွေ၊ နောက် ICU ပေါ့နော် အထူးကြပ်မတ်ကုသပေးနိုင်တဲ့ ခုတင်တွေ ထားရှိပေးပါတယ်။ လူနာတွေအတွက် ပုံမှန်မှာဆိုရင် ခုတင်ပေါင်း ၁၀၀၀၀ ကျော်လောက် ထားရှိတယ်။

 

ဒုတိယအပိုင်းနဲ့ ပတ်သက်ပြီး ပြည်သူ့ဆေးရုံတွေအနေနဲ့ ကျွန်တော်တို့ အုပ်ချုပ်မှုအောက်မှာရှိတဲ့ တိုင်းဒေသကြီး/ ပြည်နယ်ဆေးရုံတွေ၊ ခရိုင်ဆေးရုံတွေ၊ မြို့နယ်ဆေးရုံတွေ၊ တိုက်နယ်ဆေးရုံတွေအထိ အခုဆိုရင် ကိုဗစ်ပိုးတွေ့ လူနာတွေကို လွှဲပြောင်းလက်ခံ ကုသပေးနေပါပြီ၊ လိုအပ်တယ်ဆိုရင် လူနာရဲ့ ရောဂါအခြေအနေပေါ် မူတည်ပြီး လိုအပ်တဲ့ကုသမှုများကိုလည်း သက်ဆိုင်ရာ၊ ဘာသာရပ်ဆိုင်ရာ ပါမောက္ခဆရာကြီးတွေနဲ့ ချိတ်ဆက်ပြီး တာဝန်ကျနေတဲ့ ဆရာဝန်၊ သူနာပြုတွေ ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးလျက်ရှိပါတယ်။

 

နောက်တစ်ခါ ကျွန်တော်တို့ ဆေးရုံငယ်တွေမှာ ကုသမှုပေးလက်ရှိပြီး တကယ်လို့ကုသမှု လိုအပ်လာပြီဆိုရင် ရန်ကုန်မှာဆိုရင်လည်း သတ်သတ်မှတ်မှတ် လွှဲပြောင်းလို့ရအောင် ရန်ကုန်ဆေးရုံကြီး၊ မြောက်ဥက္ကလာပဆေးရုံကြီး၊ ရန်ကုန်အထွေထွေရောဂါကု ဆေးရုံအသစ်ကြီး၊ အင်းစိန် ပြည်သူ့ဆေးရုံကြီး၊ သင်္ဃန်းကျွန်းပြည်သူ့ဆေးရုံကြီး ဒီဆေးရုံကြီးတွေရယ်၊ နောက်ရန်ကုန်တိုင်းဒေသကြီး အုပ်ချုပ်မှုအောက်မှာရှိတဲ့ အရှေ့ပိုင်းဆေးရုံကြီး၊ အနောက်ပိုင်းဆေးရုံကြီး၊ သန်လျင်၊ လှိုင်သာယာ ဒီဆေးရုံတွေကို လွှဲပြောင်းကုသနိုင်ဖို့၊ ပိုမိုပြီးခက်ခဲတဲ့ ဝန်ဆောင်မှုတွေကို ပေးနိုင်ဖို့အတွက် ပြင်ဆင်ဆောင်ရွက်လျက်ရှိပါတယ်။ ဒါက ပထမမေးခွန်းအတွက် ကျွန်တော် ဖြေကြားခြင်း ဖြစ်ပါတယ်။

 

ဒုတိယမေးခွန်းတဲ့ လူနာဟာ မိဘပြည်သူများ သိရှိပြီးဖြစ်တဲ့အတိုင်း အရင်တုန်းက ကိုဗစ်ပိုးတွေ့လူနာတွေကို ကျွန်တော်တို့ရဲ့ ဆေးရုံတွေမှာ ကုသရေးစင်တာတွေမှာ ကုသမှုပေးနိုင်အောင် လူနာစောင့်တွေနဲ့ ပတ်သက်ပြီး ပြည်သူလူထုကူးစက်မှု လျော့နည်းအောင်လို့ ဆေးရုံကပဲ တာဝန်ယူ ဆောင်ရွက်ခဲ့ပါတယ်။

 

အခုနောက်ပိုင်းမှာတော့ ကူးစက်မှုများပြားလာတဲ့အခါ ကျွန်တော်တို့အနေနဲ့၊ မိဘပြည်သူတွေအနေနဲ့လည်း ကိုယ့်ရဲ့မိဘတွေ၊ သက်ကြီးရွယ်အိုတွေ နောက်ပြီးလိုအပ်ချက် တကယ်ရှိလာတဲ့ သူတွေအတွက် ခွင့်ပြုနိုင်ဖို့ ဝန်ကြီးဌာနအနေနဲ့လည်း ကိုဗစ် - ၁၉ ပိုးတွေ့လူနာစောင့်တွေအတွက် ခွင့်ပြုနိုင်ဖို့ အကြောင်းကြားစာလည်း ပေးပို့ထားပြီး သတ်မှတ်စည်းကမ်း ၁၀ ချက်ချမှတ်ထားပြီး လိုက်နာဆောင်ရွက်ရဖို့ ရှိပါတယ်။

 

ဒါနဲ့ပတ်သက်ပြီး မေးထားတဲ့မေးခွန်းကတော့ လူနာတွေကို လိုက်လံစောင့်ရှောက်တဲ့အခါ ဆရာ၊ ဆရာမတွေရဲ့ ညွှန်ကြားချက်အတိုင်း Level 2 PPE တွေ၊ Gloves တွေ၊ Hair Cap တွေ သုံးပါတယ်။ ဒါပေမယ့် ရေမချိုးရဲဖြစ်နေပါတယ်။ ရေကန်မှ ကူးစက်နိုင်ပါသလား။ ကိုဗစ်က ရေကန်မှ ကူးစက် နိုင်ပါသလား။ ကျေးဇူးပြု၍ ဖြေကြားပေးပါခင်ဗျာဆိုပြီး‌ မေးထားတာပါ။

 

အားလုံးသိတဲ့အတိုင်း ရေက ကူးစက်နိုင်တဲ့နှုန်းကတော့ အင်မတန်နည်းပါတယ်။ မရှိသလောက်ပါ။ ဒါပေမယ့် ဆေးရုံအနေနဲ့တော့ ကိုဗစ် Positive လူနာတွေကို ကုသမှုရှိနေတယ်။ သူတို့ရဲ့ လူနာစောင့်တစ်ယောက်ကို ခွင့်ပြုထားပြီးဖြစ်တဲ့အတွက် ရေချိုးခန်းသွားတဲ့အခါမှာ မလိုအပ်ဘဲနဲ့ ကိုင်တွယ်တာတွေ မပြုဖို့လိုအပ်ပါတယ်။

 

နောက်ပြီး တစ်ဖက်ကလည်း ကျွန်တော်တို့ရဲ့ လူနာစောင့်စည်းကမ်းတွေကို တိတိကျကျ လိုက်နာဖို့၊ ညွှန်ကြားထားတဲ့အတိုင်း Level 2 PPE ဝတ်ဆင်မယ်၊ လူနာအတွက် စောင့်ရှောက်မှုတွေကိုပဲ အဓိကထားပြီး ဆောင်ရွက်မယ်။ ဆေးရုံရဲ့ ပုံမှန်စည်းကမ်းအတိုင်း အခြားလူနာတွေရဲ့ အရေးကိစ္စတွေမှာလည်း မလိုအပ်ဘဲနဲ့ ခွင့်ပြုချက်မရှိဘဲနဲ့ ပါဝင်ပတ်သက်တာမျိုး မပြုရဘူး။ နောက်ပြီး ကိုယ့်ရဲ့ တစ်ကိုယ်ရေသန့်ရှင်းမှု စည်းကမ်းတွေဖြစ်တဲ့ လိုအပ်တဲ့အချိန်တိုင်း၊ လူနာအတွက် သန့်ရှင်းမှုအပိုင်း ဆောင်ရွက်ပြီးတဲ့အခါတိုင်းမှာ လက်မကြာခဏ ဆေးကြောဖို့ လိုအပ်ပါမယ်။

 

နောက်ဆုံးမေးခွန်းက အနံ့ပျောက်လူနာနဲ့ ဆက်စပ်ပါတယ်။ အနံ့ပျောက်လူနာတွေနဲ့ ပတ်သက်ပြီး မေးထားတဲ့ မေးခွန်းတွေကို စုလိုက်တဲ့အခါ အနံ့ပျောက်တာနဲ့ပတ်သက်ပြီး ပုဂ္ဂလိက ပြင်ပဆေးခန်းတွေ သွားရောက်ပြီး ပြသတာတွေ ရှိတယ်။ နောက်ပြီး ကွာရန်တင်းစင်တာတွေမှာ နေရတာတွေရှိတယ်။ ဒါနဲ့ ပတ်သက်ပြီးတော့ စုစည်းပြီး ကျွန်တော့်အနေနဲ့ ဖြေကြားမှာဖြစ်ပါတယ်။ အချို့ကလည်း ရောဂါအခံမရှိဘူး။ အိမ်မှာပဲ ကူးစက်မှုမရှိအောင် စည်းကမ်းနဲ့အညီ သီးခြားနေထိုင်မယ်။ ဒီလိုမျိုးစောင့်ရှောက်မယ်ဆိုရင် နေလို့ရပါသလား ဆိုတာကို ဖြေကြားသွားမှာ ဖြစ်ပါတယ်။

 

ကျွန်တော်တို့အနေနဲ့ အခုနောက်ပိုင်းတွေ့ရှိချက်၊ Second Wave ရဲ့ အတွေ့အကြုံအရတော့ အနံ့ပျောက်တဲ့သူအများစုမှာ ကိုဗစ် - ၁၉ ပိုးစစ်လိုက်တဲ့အခါ တွေ့ရှိရတဲ့ လူနာတွေဖြစ်နေပါတယ်။ ဒါကြောင့် အနံ့ပျောက်တဲ့ လူနာတွေက အထူးအရေးကြီးပါတယ်။ အနံ့ပျောက်တဲ့လူနာတွေက ကိုဗစ် - ၁၉ Positive ဖြစ်နိုင်တဲ့အတွက်ကြောင့် ကိုဗစ် - ၁၉ Positive ဖြစ်ခဲ့မယ်ဆိုရင် သူ့ရဲ့ Contact Tracing ဆက်စပ်တဲ့လူတွေကို ထောက်လှမ်းပြီး လိုအပ်တဲ့ကာကွယ်မှုတွေကို ဆောင်ရွက်နိုင်မှသာ ပိုးတွေ့တဲ့လူနာတွေ ထပ်ထပ်တိုးလာမှာကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။

 

ဒါကြောင့် အနံ့ပျောက်လူနာတွေကို ကျွန်တော်တို့ရဲ့ ဆေးရုံ၊ ဆေးခန်းတွေကို ပြသစေချင်ပါတယ်။ နောက်ပြီး ပုဂ္ဂလိကဆေးရုံ/ ဆေးခန်းတွေအနေနဲ့လည်း ရောဂါရှာဖွေရေးလုပ်ငန်း ဆောင်ရွက်နိုင်တဲ့ ဆေးခန်းတွေ၊ ဆေးရုံတွေကို ညွှန်းပို့ခြင်းအားဖြင့် ရောဂါပိုးတွေ့ရှိနိုင်တဲ့ လူနာတွေကို လျော့ချနိုင်ဖို့၊ ရောဂါကူးစက်နိုင်မှု ကွင်းဆက်ကိုလည်း ဖြတ်တောက်နိုင်ဖို့ အထောက်အပံ့ဖြစ်စေမှာ ဖြစ်ပါ တယ်။

 

ပုဂ္ဂလိကဆေးခန်းတွေနဲ့ ပတ်သက်ပြီး ကျွန်တော့်အနေနဲ့ အလျဉ်းသင့်လို့ တင်ပြရမယ်ဆိုရင် ပုဂ္ဂလိကဆေးခန်းမှာ တာဝန်ယူဆောင်ရွက်နေတဲ့ ကျန်းမာရေး စောင့်ရှောက်မှုပေးနေတဲ့သူတွေပဲ ဖြစ်ဖြစ်၊ ကျွန်တော်တို့ ဆေးရုံတွေမှာ ကျန်းမာရေးစောင့်ရှောက်မှု ပေးနေတာပဲဖြစ်ဖြစ် Management Portocol ကို ဝန်ကြီးဌာန၊ ဦးစီးဌာနအနေနဲ့ သီးခြားညွှန်ကြားထားပြီးဖြစ်ပါတယ်။

 

သူတို့ရဲ့တွေ့ရှိမှုအပေါ် မူတည်ပြီး သူတို့က ကျန်းမာရေးစောင့်ရှောက်မှုပေးတဲ့အခါ Level 2 PPE ကို ဝတ်ဆင်ထားတယ်ဆိုရင် Low Risk အန္တရာယ်နည်းတယ်။ သူ့ကို တစ်ရက်/ နှစ်ရက်နေလို့ စစ်လိုက်တဲ့အခါ ကိုဗစ် Negative ဆိုရင် ပြန်လည်အလုပ်ဝင်ရောက်ပြီး ကိုယ့်ရဲ့ ပုဂ္ဂလိကဆေးခန်း လုပ်ငန်းကို ဆက်လက်ဆောင်ရွက်လို့ ရမှာဖြစ်ပါတယ်။ ဒါကိုလည်း ပုဂ္ဂလိက အထွေထွေရောဂါကု ဆေးခန်းလုပ်ငန်း ဆောင်ရွက်နေကြတဲ့ ဆရာတို့အနေနဲ့လည်း ကျွန်တော်တို့ဆရာတွေရဲ့ ပူးပေါင်းပါဝင်မှုနဲ့ ကိုယ့်ရဲ့လုပ်ငန်းမပျက်ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

 

တစ်ဖက်ကလည်း High Risk ပေါ့ ။ တစ်ခန်းထဲ ထမင်းအတူ စားတာ၊ တစ်ခန်းတည်းနေတာ တကယ့်ကိုပဲ PPE ကလည်း ဝတ်ဆင်မထားဘူး။ High Risk ဆိုရင် ပထမတစ်ခါစစ် Negative ဖြစ်ခဲ့ ပြီးရင်လည်းနောက် ၇၂ နာရီမှာ ပြန်လည်စစ်ဆေးပြီး Negative ဖြစ်မှသာ ကိုယ့်ရဲ့အလုပ် တာဝန်ကို ပြန်လည်ထမ်းဆောင်နိုင်မှာ ဖြစ်ပါတယ်။ ပုဂ္ဂလိကကဏ္ဍကိုလည်း ဆက်လက်ဆောင်ရွက်နေပါပြီ။

 

ပုဂ္ဂလိကဆေးရုံတွေမှာလည်း ကိုဗစ် - ၁၉ ပိုးတွေ့လူနာတွေကို လက်ခံကုသနိုင်ဖို့အတွက်ကို  ရန်ကုန်တိုင်းနဲ့ မန္တလေးတိုင်းဒေသကြီးမှာရှိတဲ့ ဆေးရုံတွေကို အဆိုပြုလျှောက်ထားစေပြီး ဒါတွေကို ကွင်းဆင်စစ်ဆေး Assessment Team အနေနဲ့ ဆောင်ရွက်မယ်။ ကျွန်တော်တို့ရဲ့ ဆေးရုံတွေမှာ ပြင်ဆင်ခဲ့တဲ့အချက်တွေအတိုင်း လူနာတွေကို လက်ခံကုသနိုင်ဖို့အတွက် စစ်ဆေးဖို့၊ ပိုးတွေ့တယ်ဆိုရင် ဆေးရုံမှာပဲ ဆက်လက်ပြီး  Clinical Management Team တွေ၊ လိုအပ်မယ့် ကုသမှုတွေ၊ လိုအပ်တဲ့ကာကွယ်မှုတွေ၊ တကယ်လို့ Serious ဖြစ်လာမှသာ ကျွန်တော်တို့ ဆေးရုံတွေနဲ့ ချိတ်ဆက်ပြီး လွှဲပြောင်းနိုင်ဖို့တွေကိုလည်း ဆောင်ရွက်နေပါတယ်။

 

မကြာခင်မှာလည်း ပုဂ္ဂလိကကဏ္ဍရဲ့ ပူးပေါင်းပါဝင်မှုနဲ့ ကျွန်တော်တို့ရဲ့ ကိုဗစ်-၁၉ ကုသရေး လုပ်ငန်းဟာ ပိုမိုအောင်မြင် ထိရောက်လာမယ်ဆိုတာကို တင်ပြလိုပါတယ်။ မိဘပြည်သူတွေကို အထူးကျေးဇူးတင်ရှိပါတယ်။

 

ဒေါက်တာသန်းနိုင်စိုး။   ။ ပြည်သူတွေအနေနဲ့ ဆေးရုံနဲ့ပတ်သက်တဲ့ စီမံခန့်ခွဲမှုအပိုင်းတွေ၊ ကိုဗစ်စင်တာနဲ့ ပတ်သက်တာတွေ၊ လူနာစောင့်တွေရဲ့အပိုင်းတွေ တော်တော်များများကို ပိုမိုသိရှိနားလည် သဘောပေါက်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

 

ကျွန်တော့်အနေနဲ့ကတော့ ကျန်တဲ့မေးခွန်းတွေကို ဖြေကြားပေးပါမယ်။ ကျွန်တော့်အတွက်ရတဲ့မေးခွန်း ၁၅ ခုလောက်ရှိပါတယ်။ အဲဒီအထဲက အုပ်စုပြန်ခွဲလိုက်တော့ အဓိက မေးခွန်း ၄ ခု လောက်ရှိပါတယ်။  အဲဒါကို ဖြေချင်ပါတယ်။

 

နံပါတ်တစ်က ဈေးများသည် လူစုလူဝေးနေရာဖြစ်၍ ဂရုစိုက်စေချင်ပါသည်။ Mask ၊ Face Shield များတပ်ရန်နဲ့ ဈေးသည်များရှေ့တွင် ပလတ်စတစ်ကာပြီး ဈေးရောင်းရင် ပိုးပြန့်နှုန်းနည်းမည်ဟုထင်ပါသည်။ ရပ်ကွက်ဈေးများတွင် Mask မတပ်ပါက ပရဟိတအဖြစ် Mask တစ်ဗူး ပေးလှူခိုင်းစေချင်ပါသည်။ ဒါက‌ ပထမ မေးထားတဲ့မေးခွန်းလေးပါ။

 

ဒုတိယမေးခွန်းက ဒီနေ့ကိုယ်က Mask တပ်တယ်။ ဘေးကလူက Mask မတပ်ဘူး။ နှာချေတယ်၊ စိတ်ပူမိတယ်။ နှာချေသူ ကိုဗစ်ရောဂါမရှိပါစေနဲ့လို့ ဆုတောင်းနေမိတယ်။ ဒီမေးခွန်း နှစ်ခုကို ကျွန်တော်ဦးစားပေးပြီး   ဖြေကြားပေးလိုပါတယ်။

 

နံပါတ် (၁) မေးခွန်းက မှန်ကန်ပါတယ်။ မေးခွန်းမေးရင်း အကြံပေးတဲ့ မိဘပြည်သူကိုလည်း အထူးကျေးဇူးတင်တဲ့အကြောင်း ပြောကြားလိုပါတယ်။ ကျွန်တော်တို့ နိုင်ငံရဲ့ ကူးစက်မှု အနေအထားက တန်းနေတယ်၊ တင်းခံနေတဲ့ အနေအထား၊ အောက်ကို ဒီထက်မကျနိုင်တဲ့ အနေအထားကို ပြန်ကြည့်လိုက်တဲ့အခါ လူစုတဲ့နေရာတွေက ကူးစက်မှုကို အခြေခံတယ်ဆိုတာကို တွေ့ရတယ်။

 

ဈေးတွေ့တယ်၊ ဘိုးဘွားရိပ်သာလို၊ အချို့စက်ရုံအလုပ်ရုံတို့ အချို့ဘာသာရေး၊ သာသနာရေးနဲ့ ပတ်သက်တဲ့နေရာတို့ အချို့ အကြောင်းကိစ္စအမျိုးမျိုးကြောင့် လူစုစုဖြစ်သွားတဲ့ နေရာတွေမှာ ကူးစက်မှုများတာ တွေ့ရပါတယ်။

 

ဈေးဆိုတာတော့ လူတိုင်းမဖြစ်မနေ သွားရောက်ရတဲ့နေရာဖြစ်တယ်။ ဈေးရောင်းတဲ့သူကလည်း ကိုယ့်ရဲ့စားဝတ်နေရေးအရ ဈေးရောင်းမှသာ အသက်မွေးဝမ်းကြောင်း အဆင်ပြေမှာဖြစ်သလို ဈေးဝယ်တဲ့သူကလည်း ဘယ်လောက်ပဲ အိမ်ထဲမှာနေနေ အချိန်တစ်ခုကျလာရင် သူဈေးထွက်ဝယ်ရမယ့် ကာလတစ်ခုကို ရောက်လာမယ်။

 

အခုဆိုရင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားတဲ့ ကာလကလည်း ၁၀ လ/ ၁၁ လ ထဲကို ရောက်လာပြီ။ ကူးစက်ပုံကိုလည်း တော်တော်သိပြီ။ အဓိကကျတဲ့ ကာကွယ်ရေးနည်းလမ်းကတော့ မဖြစ်မနေ ကိုယ်ကဈေးသွားရောင်းရမယ်ဆိုရင် အိမ်ကထွက်တာနဲ့ မဖြစ်မနေ Mask ကိုတပ်ရပါမယ်။ ပြီးရင် အခြားလူတွေနဲ့ နီးနီးကပ်ကပ်ဆက်ဆံ ပြောဆိုရတဲ့ နေရာမျိုးမှာ Face Shield ပါ တပ်ထားဖို့ လိုပါတယ်။

 

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေနဲ့လည်း တစ်နိုင်ငံလုံးမှာရှိတဲ့ ဈေးတွေ၊ လူစုလူဝေးရှိတဲ့နေရာတွေမှာ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လွှတ်တော်ကိုယ်စားလှယ်ကြီးတွေ ပါဝင်ပြီး Mask and Face Shield Campaign ကို တစ်နိုင်ငံလုံး မှာ ဆောင်ရွက်ပေးနေပါတယ်။ ကျေးလက်ဒေသ / ကျေးရွာတွေမှာ ရှိတဲ့ဈေးတွေမှာ အခြေခံကျန်းမာရေး ပညာရှင်တွေ စတဲ့အလှူရှင်တွေ၊ စေတနာ့ဝန်ထမ်းတွေနဲ့ အားလုံးပူးပေါင်း ဆောင်ရွက်နေတယ်ဆိုတာ နေ့စဉ်သတင်းတွေမှာလည်း မြင်နေရမှာဖြစ်ပါတယ်။

 

Campaign ဆိုတာတော့ အမြဲတမ်းလုပ်ပေးနိုင်ဖို့တော့ မလွယ်ဘူး။ ဒါပေမယ့်လည်း ပြုမူပြောင်းလဲခြင်းဆိုရာမှာ ဒီလိုမျိုး Mask တပ်လေ့တပ်စ ရှိသွားရင်တော့ ဆက်ပြီးတပ်ဖြစ်သွားတဲ့ သဘောရှိပါတယ်။ စစချင်းမှ မတပ်ထားဘူးဆိုရင် နောက်ပိုင်းမှာ ဒီလိုမျိုးအကာအကွယ်ယူဖို့ အလေ့အကျင့်ဖြစ်လာအောင် တော်တော်လုပ်ယူရမယ်။ ကိုယ်က ဈေးကိုသွားမယ်။ ကိုယ်ကလည်း စတပ်မယ်။ ကိုယ့်ဘေးမှာ ရောင်းနေတဲ့သူတွေကလည်း အတူတူတပ်မယ်။ ဈေးလာဝယ်တဲ့သူတွေ ကလည်း တပ်မယ်။

 

ပြီးတဲ့နောက် ဝယ်ယူသူများတဲ့နေရာတွေမှာ Face Shield တွေပါ တပ်မယ်ဆိုရင် ဈေးရောင်းဈေးဝယ်တဲ့ ပတ်ဝန်းကျင်က လုံခြုံစိတ်ချရတဲ့ ပတ်ဝန်းကျင်ဖြစ်မယ်။ အဲဒီအပြင် လက်တွေကိုလည်း စက္ကန့် ၂၀ ကြာအောင် ဆပ်ပြာနဲ့ရေ အသုံးပြုဆေးခြင်း သို့မဟုတ် အယ်လ်ကိုဟော ၆၀ ရာခိုင်နှုန်းပါတဲ့ ရေမလိုလက်သန့်ဆေးရည်ကို ဆောင်ထားပြီးအသုံးပြုခြင်း ဒါတွေရှိရင် Hand Hygiene၊ Respiratory Hygiene အကာအကွယ်တွေ တော်တော်ရရှိလာမှာ ဖြစ်ပါတယ်။

 

ဗိုင်းရပ်စ်ပိုးတွေက အသက်ရှုထုတ်လိုက်ရင်လည်း အနီးအနားဝန်းကျင် ၅ ပေလောက်ရောက်တယ်။ ချောင်းဆိုးလိုက်ရင် တစ်စက္ကန့်ကို ၃၃ ပေအရှိန်နဲ့ အနီးအနား ပတ်ဝန်းကျင် ၆ ပေခွဲ လောက်အထိ ရောက်တယ်။ နှာချေလိုက်ရင် တစ်စက္ကန့်ကို ၁၆၄ ပေအရှိန်နဲ့ ၁၉ ပေလောက် ရောက်ပါတယ်ဆိုတော့ ဘယ်လောက်အထိသွားမလဲ စဉ်းစားသာကြည့်လိုက်ပါ။

 

အဲဒီတော့ နီးရင်ပိုဆိုးပါတယ်။ နီးပြီးတော့ စကားပြောရင် ပါးစပ်ပုံမှန်ထွက်တဲ့ အစက်အမှုန်လေးတွေအပြင် Droplet ဆိုတဲ့ အစက်တွေကလည်း အရှိန်နဲ့ထွက်သွားတယ်။ စကားပြောရင် တံတွေးစင်တယ်ဆိုတာရှိပါတယ်။ အဲဒါမျိုးစင်တဲ့အခါ အရင်တုန်းက ရောဂါကူးစက်တယ်ဆိုတာ မကြားဖူးသလောက် ဖြစ်ပေမယ့် အခုအချိန်မှာ ဒီလိုမျိုး တံတွေးစင်ခဲ့မယ်ဆိုရင် တစ်ဖက်ကလူကလည်း ကိုရိုနာဗိုင်းရပ်စ် သယ်ဆောင်ထားတဲ့လူ၊ အမြင်အားဖြင့် နေကောင်းနေတယ် ဆိုပေမယ့် တစ်ရာမှာ ၆၅ ရာခိုင်နှုန်းလောက်က ဘာလက္ခဏာမှမပြဘဲ အကောင်းအတိုင်း ရှိနေတယ်ဆိုရင်တော့ အင်မတန် ရောဂါကူးစက်ဖို့ လွယ်တယ်။

 

အဲဒီလို နေရာမျိုးမှာ ကိုယ်က Face Shield တပ်ထားမယ်၊ Mask တပ်ထားမယ်ဆိုရင်တော့ အကာအကွယ်ရပါတယ်။ အခုဆိုရင်ကျွန်တော်က အခန်းထဲမှာ တစ်ယောက်တည်းရှိလို့ Mask တွေ၊ Face Shield တွေ မသုံးဘဲပြောနေတာပါ။ ပုံမှန်ရုံးတက်ရက်တွေမှာဝန်ထမ်းတွေနဲ့ တွေ့ရမယ်၊ အစည်းအဝေးတက်ရမယ်ဆိုရင် ကျွန်တော်တို့က အခုဆိုရင် Mask ရော၊ Face Shield ရော တပ်တဲ့အကျင့်က တော်တော်ပါနေပါပြီ။ Mask နဲ့ Face Shield မတပ်ထားရင်တောင်မှ စိတ်ထဲမှာ မလုံခြုံသလိုဖြစ်နေတယ်။

 

Mask မပါဘဲ အပြင်ကို ထွက်ရတာကိုက စိတ်ထဲမှာတစ်ခုခုလိုနေသလို ခံစားနေရတယ်။ လူတိုင်းကလည်း အလေ့အကျင့်က အလေ့အထ၊ အလေ့အထကနေ အပြုအမူကို ပြောင်းသွားတဲ့ အထိ New Normal Behavior တွေကိုပါလာအောင် Mask and Face Shield Campaign ကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နေခြင်းဖြစ်ပါတယ်။

 

တံတွေးစင်တာမျိုးဆိုရင် တံတွေးစင်ထားတဲ့ Mask ကို တပ်ထားရင် အဲဒီ Mask ကို လက် မဆေးဘဲနဲ့လဲ ခဏခဏ ကိုင်မိနိုင်တယ်။ ဒါမျိုးဆိုရင် ကျွန်တော်က Mask ကနေ တစ်ဆင့်လည်းကူးနိုင်တယ်။ အခန့်မသင့်ရင် Mask ချွတ်တဲ့အချိန်မှာ စနစ်တကျမချွတ်ရင်၊ အမှိုက်ပုံးထဲကို စနစ်တကျမပစ်ရင် ကူးနိုင်ပါတယ်။

 

အဲဒီတော့ Face Shield သာတပ်ထားရင် တံတွေးစင်တဲ့ကိစ္စတွေကို အကာအကွယ်ပေးနိုင်တဲ့အပြင် များသောအားဖြင့် မျက်စိ၊ မျက်လုံးကလွတ်တယ်။ ခွဲစိတ်ခန်းမှာသုံးတဲ့ PPE ဝတ်စုံအပြည့်မှာသုံးတဲ့ မျက်မှန်ကြီးတွေ အမြဲတမ်းတပ်ထားဖို့က အဆင်မပြေဘူး။ Face Shield သာတပ်ထား မယ်ဆိုရင် မျက်လုံးထဲကို ဝင်တာကိုလည်း အကာအကွယ်ပေးနိုင်တယ်။ တိုက်ရိုက် အစက်အမှုန်တွေ စင်တာကိုလည်း အကာအကွယ်ပေးနိုင်တယ်။

 

တော်ရုံတန်ရုံကို Mask ကိုလက်နဲ့ကိုင်မိဖို့လည်း မလွယ်တော့ဘူး။ သန့်ရှင်းရေးအားဖြင့်လည်း ကောင်းမွန်တယ်။ ဒါဟာနှစ်ထပ်ကွမ်း ကာကွယ်မှုဖြစ်တဲ့အတွက် အထူးသဖြင့် ဈေးလိုနေရာမျိုးတွေမှာ အားလုံးတတ်နိုင်သမျှ Mask ကို မဖြစ်မနေတပ်ပါ။ Face Shield ကိုလည်း တပ်နိုင်သမျှတပ်ပါ။ ဖြစ်နိုင်ရင်နှစ်ခုစလုံးကို တွဲတပ်ပေးပါဆိုတာကို ဒီနေရာကနေ ပြောကြားလိုပါတယ်။

 

နောက်မေးခွန်းတစ်ခုက ကိုဗစ်-၁၉ ပိုးက လက်၊ ခြေထောက် စသဖြင့် အသားနဲ့ထိမိပါက ကူးစက်မှုဖြစ်နိုင်သလားဆိုတာပါ။ အသားနဲ့ထိတာက လုံးဝမကူးစက်နိုင်ဘူး။ လက်ရှိ သုတေသန တွေ့ရှိချက်တွေအရလည်း ဒီလိုမျိုးကူးစက်တဲ့လမ်းကြောင်းကို မတွေ့ထားသေးပါဘူး။ ဒီပိုးက ပါးစပ် ကနေထွက်တယ်၊ နှာခေါင်းကနေ ထွက်တယ်။ ကျွန်တော်တို့ မျက်နှာတွေကို ကြည့်ရင် အင်္ဂလိပ် အက္ခရာ T ပုံ ၊ မျက်စိနှစ်ဖက်ကို မျဉ်းကြောင်းဆွဲလိုက်မယ်၊ နှာခေါင်းနဲ့ ပါးစပ်ကို မျဉ်းကြောင်းဆွဲ လိုက်ရင် အင်္ဂလိပ်အက္ခရာ T ပုံစံထွက်လာတယ်။

 

အဲဒီနေရာကပဲ ပိုးထွက်တယ်။ အဲဒီနေရာကပဲ ဝင်တယ်။ အဓိကက နှာခေါင်း၊ ပါးစပ်၊ မျက်စိ ကိုလုံဖို့လိုပါတယ်။ အုပ်ထားဖို့လိုပါတယ်။ အထူးသဖြင့် ပါးစပ်နဲ့နှာခေါင်းစည်းကို အသုံးပြုပြီး ကာကွယ်မယ်ဆိုရင် တစ်ဖက်က ထွက်တာကိုလည်း ကာကွယ်နိုင်သလို တစ်ဖက်ကဝင်မှာကိုလည်း ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

 

ကိုယ်က တပ်ထားပေမယ့် သူကတော့ မတပ်ဘူး။ အနားမှာလာပြီး ချောင်းဆိုးတယ်၊ နှာချေ တယ်ဆိုရင်တော့ ခပ်ခွာခွာနေရမယ်။ သူ့ဖက်က ပြန်ကြည့်မယ်ဆိုရင်လည်း ဒီအချိန်ကာလ မှာ Mask တပ်ခြင်းဆိုတာ တစ်ဦးနဲ့ တစ်ဦး လေးစားမှုကို ပြခြင်းပါ။ တစ်ဦးနဲ့တစ်ဦး ဂရုစိုက်တယ်၊ အလေးအနက်ထားတယ်။ အဲဒီတော့ ဒီလို Mask တပ်ခြင်းဟာ ကိုယ်တပ်ခြင်းဖြင့် ကိုယ့်ကိုယ်ကိုယ် ကာကွယ်သလို အခြားသူကိုလည်း ကာကွယ်ပေးမယ်။ တစ်ဦးနဲ့ တစ်ဦး အပြန်အလှန် လူချင်းမသိပေမယ့် အချင်းချင်းဂရုစိုက်ပေးဖို့ ဆိုတာ အတော်လိုအပ်ပါတယ်။

 

နောက်ဆုံးမေးခွန်းက ဟင်းသီးဟင်းရွက်တွေအပေါ်မှာ ပိုးရှိနိုင်သလား၊ အပြင်က ဝယ်လာပြီးရင် အသီးအရွက်၊ အသားငါး၊ သစ်သီးတွေကို ဘယ်လိုဆေးကြောရမလဲ၊ အဲဒီအပေါ်ပိုး နေနိုင်ပါသလား ဆိုတာမေးထားပါတယ်။ တချို့က ဈေးတွေမှာဟင်းသီးဟင်းရွက်တွေ ရောင်းတယ်။ ဒီအပေါ်မှာ ပိုးပါနိုင်တယ်။ အွန်လိုင်းဈေးကွက်တွေမှာလည်း တွေ့တယ်။ အယ်လ်ကိုဟော  ၇၀ / ၈၀ ရာခိုင်နှုန်းပါတဲ့ ဖြန်းတဲ့ဆေးရည်နဲ့ဆေးပါ။ တချို့ဆိုရင်လည်း ပိုးသန့်စင်ဆေးရည်နဲ့ဆေးပါ။ ဆေးပြီးတော့မှ ဟင်းသီးဟင်းရွက်တွေကို စားသင့်ပါတယ်။ တကယ်တမ်းတော့ အင်မတန် အန္တရာယ်များပြီး  လုံးဝရှောင်ကြဉ်သင့်တဲ့အပြုအမူဖြစ်ပါတယ်။

 

ဟင်းသီးဟင်းရွက်တွေကို ကလိုရင်းပါတဲ့ ဆေးနဲ့ ဆေးကြောလိုက်မယ်ဆိုရင် ကလိုရင်းဆိုတာ ခန္ဓာကိုယ်ထဲကိုရောက်ရင် အဆိပ်ပါပဲ။ အဆိပ်အတောက် ဖြစ်စေပါတယ်။ သူ့ကိုကိုင်တွယ်တာတောင် အရေပြားနဲ့မထိအောင် အတော်သတိထားပြီး PPE တွေ ဝတ်ဆင်ပြီး ကိုင်တွယ်ရပါတယ်။ အရက်ပါတဲ့ ဆေးရည်နဲ့ဆိုရင်လည်း အရက်ကဆေးကြောလိုက်လို့ မပြောင်ရင် ခန္ဓာကိုယ်ထဲကို အရက်နဲ့ ပတ်သက်တဲ့ အဆိပ်အတောက်တွေ အများကြီးဝင်သွားနိုင်ပါတယ်။

 

အဲဒီအခါ ကျန်းမာရေးအတွက် နောက်ဆက်တွဲဆိုးကျိုးတွေ အများကြီးဖြစ်နိုင်တယ်။ အဲဒီအပြင် အရက်ကလည်း အယ်လ်ကိုဟောက မက်သနောစစ်အုံးမှ၊ အချို့ထုတ်လုပ်တဲ့နေရာတွေမှာ ထုတ်လုပ်မှုနည်းလမ်းစဉ်က မကောင်းဘူးဆိုရင် မက်သနောဆိုတဲ့ ဓာတ်တွေကလည်း ပါသွားတတ်တယ်။ မက်သနော Poisoning ဆိုရင် အင်မတန်အန္တရာယ်များပြီး လူကိုလည်း နာရီပိုင်းအတွင်း သေဆုံးနိုင်ပါတယ်။ ကြောက်စရာကောင်းတဲ့ အဆိပ်ဖြစ်ပါတယ်။

 

ဒါတွေကို အမေရိကန်နိုင်ငံ ရောဂါထိန်းချုပ်ရေးဗဟိုဌာနမှာလည် အတိအလင်းထုတ်ပြန်ထား ပြီးဖြစ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကလည်း ပြောကြားထားပါတယ်။ ကျွန်တော်တို့က ဒါတွေကို ရေနဲ့ပဲ စင်စင်ဆေးပါ။ ပြီးရင်ကိုယ့်လက်ကိုလည်း သေချာပြန်ဆေးပါ။ အသီးအရွက်နဲ့ အသားငါးကို ခွဲခြားပြီးသယ်ဆောင်ပါ၊ သိမ်းဆည်းပါဆိုတာကိုလည်း ထုတ်ပြန်ထားပါတယ်။ အဲဒီတော့ ရေနဲ့ပဲ စင်စင်ဆေးစေလိုပါတယ်။ ကျွန်တော့်အနေနဲ့ ဖြေကြားလိုတဲ့ မေးခွန်းတွေကတော့ ဒီလောက်ပါပဲ။

 

ဆက်လက်ပြီး ပါမောက္ခဒေါက်တာသင်းသင်းနွဲ့ကို ဒီအစီအစဉ်ကနေ ပြည်သူတွေကို မှာကြားပေးချင်တာ ရှိရင်လည်း မှာကြားပေးဖို့ မေတ္တာရပ်ခံလိုပါတယ်။

 

ပါမောက္ခဒေါက်တာသင်းသင်းနွဲ့။ ။ ကျွန်မအနေနဲ့ မှာကြားလိုတာကတော့ ကျွန်မတို့ ပြည်သူ့ ဆေးရုံတွေမှာ ကိုဗစ်-၁၉ ဖြစ်ပြီးရောက်လာတဲ့ လူနာတွေက တော်တော်သနားဖို့ ကောင်းပါတယ်။ အသက်ရှုဖို့အတွက်ကို ကြိုးစားပြီးရှုနေရတယ်။ နောက်ပြီး တစ်ကိုယ်လုံးကိုက်ခဲနေတယ်။ နောက်ဆက်တွဲရောဂါတွေ သွေးခဲတာ၊ ရောဂါပေါင်းစုံတွေကို အများကြီးခံစားနေရတယ်။ အဲဒါကြောင့် ပြည်သူလူထုတွေကို ပြောကြားလိုတာက အပြင်ထွက်ပြီး အလုပ်လုပ်နေရသူတွေ၊ လုပ်ငန်းခွင်မှာ နှာခေါင်းစည်းကို ကြိုးစားပြီးတပ်ထားပါ။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ညွှန်ကြားချက်အတိုင်းလက်ကို စက္ကန့် ၂၀ ကြာအောင် သေသေချာချာဆပ်ပြာနဲ့ ဆေးကြောမယ်၊  ရေအဆင်သင့် မရှိရင်တော့  လက်ကို လက်သန့်ဆေးရည်နဲ့ သေချာစွာ ဆေးကြောမယ်။ ပြီးရင် ညွှန်ကြားချက်အတိုင်းအနည်းဆုံး ၆ ပေ ၊ ၆ ပေမရရင် ၃ ပေ သတ်မှတ်ထားတဲ့ Social Distancing အတိုင်း တတ်နိုင်ရင် လူစုလူဝေးတွေကို မစုဖို့ ကျွန်မတို့က မေတ္တာရပ်ခံချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ်က ရောဂါပိုးသယ်ဆောင်လာတဲ့ လူဆိုရင် လူငယ်၊ လူရွယ်က သိပ်ပြီး မခံစားရဘူး။ အိမ်မှာရှိတဲ့ အသက်ကြီးတဲ့ မိဘ၊ အဖိုးအဖွားတွေ၊ သွေးတိုး၊ ဆီးချို၊ နှလုံး၊ ကျောက်ကပ်ရောဂါ၊ အသည်းရောဂါ၊ ကင်ဆာရောဂါ အဲဒီလိုမိသားစုတွေထဲမှာ ရှိတဲ့သူက ကိုယ်က ရောဂါကို သယ်ဆောင်လာပြီးတော့ သိပ်ပြီးမခံစားရဘူး။ အိမ်မှာရှိတဲ့ ရောဂါအခံရှိတွေမှာ တော်တော်လေးခံစားရတယ်။ အသက်အန္တရာယ်လည်း စိုးရိမ်ရတယ်။ အဲဒါကြောင့် ကိုယ့်ရဲ့မိဘ၊ ဆွေမျိုး ပြည်သူလူထုတွေရဲ့ အကျိုးကိုကြည့်ပြီး တတ်နိုင်သလောက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်တွေကို လိုက်နာပါလို့ ၊ ဆောင်ရွက်ပေးပါလို့ အလေးအနက် ပြောကြားလိုပါတယ်။

 

နောက်ပြီး ရောဂါလက္ခဏာရှိသူတွေကို ကျွန်မတို့ရဲ့ ပြည်သူ့ဆေးရုံကြီးတွေက ကူညီပေးဖို့ အဆင်သင့်ရှိပါတယ်။ စောစောသိရင် စောစောလာပြီးစစ်ပါ။ စောစောကုပါလို့ ပြောကြားချင်ပါတယ်။ နောက်ပြီး ပြည်သူလူထုတွေလည်း ကိုဗစ်ရောဂါကနေ ကင်းဝေးပါစေ၊ အားလုံး ကျန်းမာပါစေ၊ စိတ်ချမ်းသာပါစေလို့ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ ကျေးဇူးတင်ပါတယ်။ ဒီအစီအစဉ် ဖြစ်မြောက်အောင် ဆောင်ရွက်ပေးတဲ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အပါအဝင် တာဝန်ရှိသူတွေအားလုံးကို ကျေးဇူးတင်ပါတယ်။

 

ဒေါက်တာသန်းနိုင်စိုး။   ။ ဆက်လက်ပြီး ဒေါက်တာမိုးခိုင်ကလည်း ပြောကြားပေးပါဦး။

 

ဒေါက်တာမိုးခိုင်။          ။ ဆရာဦးသန်းနိုင်စိုးကလည်း ကိုဗစ် - ၁၉ ကာကွယ်ရေးနဲ့ ပတ်သက်ပြီး လက်ရှိ ဝန်ကြီးဌာနအနေနဲ့ အရှိန်အဟုန်မြှင့် ဆောင်ရွက်နေတဲ့ Mask Campaign အကြောင်းလည်း အကျယ်တဝင့် ရှင်းလင်းသွားသလို ကျွန်တော်တို့ ကုသရေးအပိုင်း အနေနဲ့လည်း ပြည်သူ့ဆေးရုံတွေရဲ့ နိစ္စဓူဝ ကိုဗစ် - ၁၉ ရောဂါလူနာတွေကို လက်ခံကုသပေးနေတဲ့ အခြေအနေကို တာဝန်ယူဆောင်ရွက် နေရတဲ့ ဝန်ထမ်းတစ်ဦးအနေနဲ့ ရောဂါဖြစ်ပွားမှု အခြေအနေကိုလည်း နေ့စဉ်သိရှိနေရပါတယ်။

 

အဲဒီလို ဘယ်လောက်ရောဂါ ဖြစ်ပွားနေတယ်၊ သေဆုံးမှုဘယ်လောက်ရှိတယ်၊ ICU Care အနေနဲ့ ဘယ်လောက်လုပ်နေရတယ်။ Oxygen Therapy ဘယ်လောက်ပေးနေရတယ် ဆိုတာတွေကို သိရှိနေတဲ့အတွက်ကြောင့်လည်း ကုသရေးဌာနတွေ ဖွင့်လှစ်ထားတယ်ဆိုပေမယ့် အရင်းအနှီးကတော့ များပါတယ်။

 

အခြေခံအဆောက်အဦ ဖြည့်ဆည်းရတာတွေ၊ လူအင်အားတွေ၊ လူအင်အားဆိုရင်လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတင်မက ပုဂ္ဂလိကကဏ္ဍ၊ တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့ ဒါတွေ အကုန်လုံးကို ဝိုင်းပြီး ကူညီနေရတယ်။  ဒီကြားထဲကမှ ကုသရေးလုပ်ငန်းမှာ လူနာတွေအနေနဲ့လည်း ရောဂါအခြေအနေပြင်းထန်ပြီး အသက်ဆုံးပါးသွားရတာတွေရှိတယ်။ ကာကွယ်ရေးအပိုင်းမှာလည်း ကြိုတင်ကာကွယ်ခြင်းက ကုသခြင်းထက် ပိုကောင်းမွန်တယ်ဆိုတဲ့အတိုင်း ကိုဗစ် - ၁၉ ကို မိဘပြည်သူတွေအနေနဲ့ မဖြစ်မနေကြိုတင်ကာကွယ်ဖို့၊ ရိုးရှင်းတဲ့နည်းလမ်းတွေ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်တွေကို လိုက်နာပေးကြပါ။ မဖြစ်အောင် ကာကွယ်ခြင်းကသာ ကျွန်တော်တို့အတွက် အရေးအကြီးဆုံးဖြစ်ပါတယ်။ ဖြစ်လာ ခဲ့ပြီဆိုရင်လည်း ဆေးရုံ၊ ဆေးခန်းတွေကို စောစောစီးစီးပြပေးပါ။ ရောဂါရှာဖွေမှုတွေကို မြန်မြန်ဆောင်ရွက်နိုင်ပြီး လိုအပ်တဲ့ ကုသမှုတွေကို စောစောစီးစီး ခံယူနိုင်ခြင်းအားဖြင့် ကောင်းမွန်တဲ့ ကုသမှုရလဒ်ကို ရရှိနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ဒါကြောင့် ကာကွယ်ပေးဖို့၊ စောစီးစွာ ကုသမှုခံယူနိုင်ဖို့အတွက်ကိုလည်း ထပ်လောင်းအနေနဲ့ ဆွေးနွေးမှာကြားလိုပါတယ်။  

 

ဒေါက်တာသန်းနိုင်စိုး။   ။ အခုကတော့ အားလုံးကြားသိရတဲ့အတိုင်း ရောဂါကို ပြင်းပြင်းထန်ထန် ခံစားရတယ်၊ အသက်မရှုနိုင်အောင် ခံစားရတယ် အင်မတန်စာနာမိပါတယ်။ တစ်ဖက်ကလည်း ကုသရေးအပိုင်းအနေနဲ့လည်း အရင်းအနှီးတွေ မြောက်မြားစွာအကုန်အကျခံ ဆေးရုံပစ္စည်းတွေ၊ လူ့စွမ်းအားအရင်းအမြစ်တွေ၊ ဝန်ထမ်း တစ်ဦးချင်း၊ တစ်ဦးချင်းရဲ့ ပူးပေါင်းပါဝင်မှု၊ စေတနာ မေတ္တာတွေ အများကြီးထားပြီး ကုသပေးနေတယ်။

 

အဓိကက ဒီလိုမျိုးဖြစ်နေရတဲ့ ဖြစ်စဉ်တွေက ကျွန်တော်တို့ပြောနေတဲ့ အချက်၃ ချက်ပါပဲ။ အပြင်ထွက်ရင် Mask တပ်ပါ။ လက်ကို စက္ကန့် ၂၀ ကြာအောင် မကြာခဏဆေးပါ၊ လက်သန့် ဆေးရည်အသုံးပြုပေးပါ။ အခြားသူတွေနဲ့ ခပ်ခွာခွာ ဖြစ်နိုင်ရင် ၆ ပေအကွာနေပေးပါ။ ဒါမျိုးတွေက အင်မတန်ရိုးရှင်းတဲ့ ကာကွယ်မှုနည်းလမ်း ဖြစ်ပါတယ်။ တစ်ဦးတစ်ယောက်ချင်းစီကစပြီး ကျင့်သုံးမယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် အရင်ကာကွယ်နိုင်မယ်။

 

စားဝတ်နေရေးအရပဲဖြစ်စေ လူတိုင်း၊ လူတိုင်းမှာ အပြင်ထွက်ရမယ့် ကိစ္စတစ်ခုခုဆိုတာ ရှိလာနိုင်တယ်။ ထွက်တဲ့ အချိန်မှာ ကိုယ့်ကိုကိုယ်လည်း ကာကွယ်လာမယ်။ ကာကွယ်လာမယ်ဆိုရင် အိမ်မှာကျန်ခဲ့တဲ့ မိသားစုတွေ အတွက်လည်း အကာအကွယ်ဖြစ်မယ်။ အဲဒီလို တစ်ဦးတစ်ယောက်စီ က ကာကွယ်တာတွေက မိသားစုကို ကာကွယ်လာနိုင်မယ်။ မိသားစုတိုင်းက ကာကွယ်မယ်ဆိုရင် တစ်လမ်းလုံး၊ တစ်ရပ်ကွက်လုံးကို ကာကွယ်နိုင်မယ်၊ တစ်မြို့နယ်လုံးကို ကာကွယ်နိုင်မယ်။ တစ်တိုင်းတစ်ပြည်နယ်လုံးကို ကာကွယ်နိုင်မယ်။ အဲဒါတွေ အကုန်လုံးက တစ်ဦးတစ်ယောက် ချင်းစီရဲ့ ကျန်းမာရေးသတိရှိမှု ဖြစ်ပါတယ်။

 

ဒီကနေစပြီး အင်မတန်ရိုးရှင်းတဲ့ ကာကွယ်ရေးနည်းလမ်းတွေကို လိုက်နာပေးကြရင် ဆေးရုံ၊ ဆေးခန်းတွေကိုလည်း ရောက်စရာမရှိဘူး။ တစ်ဖက်ကလည်း ကာကွယ်ရေးနဲ့ ပတ်သက်တဲ့ သတင်းကောင်းတွေကိုလည်း ကြားလာရပြီ။ ဒါတွေရောက်လာတဲ့အချိန်အထိ အေးအေးဆေးဆေးနဲ့ တောင့်ခံကျော်ဖြတ်နိုင်မှာဖြစ်ပါတယ်။   အခု အဓိကတော့ အပြင်ထွက်ရင် ကိုယ်သွားရမယ့်နေရာက တကယ်လိုအပ်လို့ သွားရမှာလား၊ ကိုယ့်အတွက်ရော ရောဂါ ဘယ်လောက်ကူးနိုင်သလဲ ဒါတွေကို ထည့်စဉ်းစားစေချင်ပါတယ်။ နောက်ပြီး ကိုယ်သွားရမယ့်နေရာက လူစုစုဖြစ်မယ့် နေရာဆိုရင် ပိုပြီးကိုယ့်ကိုရောဂါကူးစက်နိုင်ချေ အလွန်များတဲ့ နေရာဆိုတာကိုလည်း သိရပါမယ်။ ဒါကိုပဲ ကျွန်တော်တို့က ကျန်းမာရေးအသိ၊ ကျန်းမာရေးသတိဆိုပြီး တင်ပြနေရခြင်းဖြစ်ပါတယ်။

 

အဲဒီတော့ အခုလည်း ရောဂါဝင်ပြီးမှဆိုရင် ကိုယ့်ကို အရင်ဝင်မယ်၊ ကိုယ်လည်းကောင်းမလား၊ ဆိုးမလား၊ အင်မတန်ဆိုးရွားတဲ့ အခြေအနေကိုရောက်သွားမလား၊ အိမ်မှာရှိနေတဲ့ သူတွေလည်း ဘယ်လောက်အထိ အသက်တွေ ပေးဆပ်ရမလဲ ဒါဘယ်သူမှ မသိနိုင်ဘူး။ အပြင်ထွက်မယ့် သူတွေသည် ဒီအခြေအနေကို ထည့်သွင်း စဉ်းစားစေလိုပါတယ်။ အဲဒီအခါကျတော့ အပြင်တစ်ခါ ထွက်မယ်ဆိုတိုင်း အနည်းဆုံး နှစ်ခါတော့ ထပ်ပြီးစဉ်းစားပေးကြပါလို့ ကျွန်တော့်အနေနဲ့ ဒီနေရာကနေ မေတ္တာရပ်ခံ ပန်ကြားလိုပါတယ်။ မိဘပြည်သူတွေ အားလုံးလည်း ကျန်းကျန်းမာမာ၊ ချမ်းချမ်းသာသာနဲ့ ကိုဗစ် - ၁၉ ကပ်ရောဂါဘေးအန္တရာယ်ကနေ ကင်းဝေးကြပါစေလို့ ဆုတောင်းမေတ္တာပို့သလိုက်ပါ တယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ။