ကိုဗစ်-၁၉ ဒုတိယလှိုင်း စိုးရိမ်ရမှုကြောင့် စတော့ရှယ်ယာဈေးကွက် ထိခိုက်လာ

မေ ၁၃

 

အခုဆိုရင် ကိုဗစ် -၁၉ ဒုတိယလှိုင်းရိုက်ခတ်မှာကို စိုးထိတ်နေရမှုက မေ ၁၂ ရက်မှာတော့ စတော့ရှယ်ယာဈေးကွက်အပေါ် အကြီးအကျယ် သက်ရောက်မှုရှိလာပါတယ်။

 

တစ်ဖန်ကျဆင်း

 

ဥရောပနိုင်ငံတွေအပါအဝင် နိုင်ငံအချို့မှာ ပိတ်ဆို့ကန့်သတ်မှုတွေ ဖြေလျှော့ပေးလိုက်တဲ့အတွက် စီးပွားရေးတွေပြန်လည်စတင်နိုင်တော့မယ်ဆိုတဲ့မျှော်လင့်ချက်နဲ့ စတော့ရှယ်ယာဈေးကွက်အပေါ် မျှော်လင့်ချက် ကြီးကြီးထားခဲ့ပေမယ့် ဒုတိယလှိုင်းလုံးရိုက်ခတ်တော့မယ်ဆိုတဲ့ စိုးရိမ် ထိတ်လန့်မှုတွေကြား ရှယ်ယာဈေးတွေဟာ တစ်ဖန်ပြန်ပြီး ကျဆင်းသွား ပါတယ်။

 

စီးပွားရေးလုပ်ငန်းတွေ ပြန်ခွင့်ပြု

 

ကိုဗစ် -၁၉ ကို အဆိုးရွားဆုံးရင်ဆိုင်ခဲ့ရတဲ့ စပိန်၊ အီတလီနဲ့ ပြင်သစ် နိုင်ငံတို့မှာတော့ သေဆုံးမှုနှုန်းလျော့လာတာရယ်၊ ကူးစက်မှုနှုန်းလျော့လာ တာရယ်ကြောင့် စီးပွားရေးလုပ်ငန်းတွေကို ဖြည်းဖြည်းချင်းပြန်ဖွင့်ခွင့်ပေး လိုက်ပါတယ်။ ဒါပေမယ့်လည်း တောင်ကိုရီးယားနဲ့ တရုတ်နိုင်ငံတို့မှာ လူနာသစ်ထပ်တိုးလာတာကြောင့် ကုန်သွယ်ရေးလုပ်ငန်းတွေ ပြန်ဖွင့်ဖို့ အတွက် ထိတ်လန့်စရာဖြစ်ခဲ့ပြီး ဒေသတွင်းဈေးကွက်ကိုပါ ထိခိုက်စေခဲ့ ပါတယ်။

 

ရေနံထုတ်လုပ်မှုလျှော့ချဖို့ သဘောတူ

 

တိုကျိုမှာ စတော့ရှယ်ယာစျေး မတည်မငြိမ်ဖြစ်ပြီး ရှယ်ယာဈေး ၀ ဒသမ ၂ ရာခိုင်နှုန်းကျဆင်းသွားကာ ဟောင်ကောင်၊ ဆစ်ဒနီနဲ့ ဆိုးလ်တို့မှာလည်း ၁ ရာခိုင်နှုန်းအောက် ကျဆင်းသွားပါတယ်။ မနီလာနဲ့ ဂျကာတာမှာလည်း အသီးသီး ကျဆင်းရတာပါပဲ။ ဒုတိယလှိုင်းလုံးဟာ စီးပွားရေးပြန်လည် နာလန်ထူဖို့ အဟန့်အတားတစ်ခု ဖြစ်လာခဲ့ပါတယ်။ အဆုံးစွန်အထိ ကျဆင်းနေတဲ့ ရေနံဈေးဟာလည်း ဆော်ဒီအာရေဗျဆီက သတင်းစကား ကြောင့် အားတက်စရာဖြစ်ခဲ့ပါတယ်။ အဲဒါကတော့ ဆော်ဒီဟာ ဇွန်လ အတွင်းမှာ နောက်ထပ်ရေနံစည်ပေါင်း သန်းနဲ့ချီပြီး ထုတ်လုပ်မှုလျှော့ချ မယ်ဆိုတဲ့ သတင်းပါပဲ။ ကူဝိတ်နဲ့ယူအေအီးတို့ဟာလည်း အလားတူပြုလုပ်မယ် လို့ ပြောကြားခဲ့ကြပါတယ်။

 

သုညအောက်ထိ ကျဆင်း

 

လွန်ခဲ့တဲ့လအတွင်းကတော့ ရေနံအဓိကထုတ်လုပ်သူနိုင်ငံတွေဟာ မေလ ၁ ရက်ကစပြီး တစ်နေ့မှာရေနံစည်ပေါင်း ၁၀ သန်းထုတ်လုပ်မှုလျှော့ချ မယ်လို့ သဘောတူခဲ့ကြပါတယ်။ တစ်ကမ္ဘာလုံးအနှံ့ ပိတ်ဆို့ကန့်သတ်မှုတွေခံရ ပြီးတဲ့နောက် ရေနံလိုအပ်ချက်ဟာ ကျဆင်းလာပြီး ရေနံဈေးလည်း သုည အောက်ထိတောင် ကျဆင်းသွားခဲ့ရပါတယ်။

 

ပြင်သစ်နဲ့စပိန်တို့ ကန့်သတ်မှုဖြေလျှော့

 

ပြင်သစ်နဲ့ စပိန်နိုင်ငံတို့ဟာ ပိတ်ဆို့ကန့်သတ်မှုတွေကို အနည်းငယ် ဖြေလျှော့ပေးလိုက်တဲ့အတွက် သန်းပေါင်းများစွာသော ပြည်သူတွေဟာ အပြင်မထွက်ဘဲ အိမ်ထဲမှာ နေရတဲ့ကာလကနေ အနည်းငယ်သာ သက်သာရာ ရလာကြပါတယ်။ ဒါပေမယ့် ဗြိတိန်ကတော့ ပြင်သစ်နဲ့စပိန်လို မဟုတ်ပါ ဘူး။ ပိတ်ဆို့ကန့်သတ်မှုကာလကို တိုးမြှင့်လိုက်ပါတယ်။

 

နိုင်ငံတိုင်းစိုးရိမ်ပူပန်နေရ

 

ဗြိတိန်နိုင်ငံဟာ ကိုဗစ် -၁၉ ကူးစက်ခံရမှုကို အလူးအလဲခံခဲ့ရတဲ့နိုင်ငံဖြစ်ပြီး သူ့အတွက် ပိတ်ဆို့ကန့်သတ်မှုတွေ ဖြေလျှော့ပေးဖို့ဆိုတာ တော်တော်လေး သတိထားရမယ့် အခြေအနေမှာရှိပါတယ်။ တစ်ကမ္ဘာလုံးအနှံ့ လူပေါင်း ၂၈၀၀၀ဝ ကို သေဆုံးစေခဲ့ပြီး တစ်ကမ္ဘာလုံးစီးပွားပျက်စေခဲ့တဲ့ ကိုဗစ် -၁၉ ဟာ လူတစ်ဦးတစ်ယောက်မှမချန် ခြိမ်းခြောက်မင်းမူနေပါတယ်။ ဒီလို အခြေအနေမျိုးမှာ ဒုတိယမြောက်လှိုင်း ထပ်ပြီးရိုက်ခတ်လာမှာကို နိုင်ငံတိုင်း နိုင်ငံတိုင်း စိုးရိမ်ပူပန်နေရပါတယ်။

 

လူပေါင်းများစွာ အလုပ်လက်မဲ့ဖြစ်ရ

 

လူပေါင်းများစွာ အလုပ်လက်မဲ့ဖြစ်ရပြီး စီးပွားရေးအရလည်း အကျဘက် ကိုဦးတည်စေခဲ့ပါတယ်။ တစ်ကမ္ဘာလုံးမှာ လူပေါင်း သန်း ၂ဝ ကို ဧပြီလ အတွင်းမှာ အလုပ်လက်မဲ့ဖြစ်စေခဲ့ပါတယ်။ အစိုးရတွေဟာလည်း စီးပွားရေး ပြန်စတင်နိုင်ဖို့ မျှော်လင့်ချက်နည်းနေပြီး အချို့တွေကတော့ တဖြည်းဖြည်းချင်း တက်လှမ်းသွားမယ့်နည်းကို ရွေးချယ်ထားကြပါတယ်။ ပြင်သစ်နိုင်ငံမှာတော့ မေ ၁၁ ရက်မှာ လူတွေဟာ စာရွက်စာတမ်းမှာ ဖြည့်စရာမလိုဘဲ လွတ်လွတ် လပ်လပ် အပြင်ထွက်ခွင့်ရပါတယ်။ ဒါဟာ သီတင်းပတ်ရှစ်ပတ်တာ ကာလ အတွင်းမှာ ပထမဆုံးအကြိမ်ပါပဲ။ ဆံပင်ညှပ်ဆိုင်အပါအဝင် အခြားသော ဆိုင်တွေကို ပြန်ဖွင့်ခွင့်ပေးခဲ့ပါတယ်။ ဒါပေမယ့်လည်း အရက်ဆိုင်တွေ၊ ဘားတွေ၊ ရုပ်ရှင်ရုံနဲ့ ကဇာတ်ရုံတွေကိုတော့ ဆက်လက်ပိတ်ထားဆဲပါပဲ။ တူရကီနိုင်ငံမှာလည်း မေ ၁၁ ရက်ကစပြီး ကန့်သတ်မှုတွေကို စတင်ဖြေလျှော့ ပေးခဲ့ပါတယ်။

 

သတိထားကိုင်တွယ်နေရ

 

စပိန်နိုင်ငံမှာ ရောဂါအဓိကကူးစက်ပျံ့နှံ့ရာဒေသတွေဖြစ်တဲ့ မက်ဒရစ်နဲ့ ဘာစီလိုနာကလွဲရင် အချို့သော အရပ်ဒေသကလူတွေဟာ ဘားမှာမိသားစုဝင် တွေ၊ သူငယ်ချင်းတွေနဲ့ တွေ့ဆုံကြဖို့ ပြင်ဆင်နေကြပါပြီ။ ဒါပေမယ့် ဗြိတိန် နိုင်ငံမှာလည်း နိုင်ငံတစ်ဝန်းလုံးက ပြည်သူတွေ နေအိမ်မှာပဲနေကြဖို့ အမိန့် ထုတ်ထားတာ ခုနစ်ပတ်နီးပါးရှိပါပြီ။ ဗြိတိန်နိုင်ငံမှာ ကိုဗစ်-၁၉ ကြောင့် လူပေါင်း ၃၁၈၀၀ သေဆုံးခဲ့ရပါတယ်။ ဒါဟာ ဥရောပမှာ အဆိုးရွားဆုံး လူသေဆုံးမှုနှုန်း ပါပဲ။ အမေရိကန်ပြီးရင် ဒုတိယမြောက်လူသေဆုံးမှုများတဲ့ နိုင်ငံပါ။ ဗြိတိန်ဝန်ကြီးချုပ်ကိုယ်တိုင်လည်း ကိုဗစ်-၁၉ ကြောင့် ဆေးရုံတက်ခဲ့ရ ပါတယ်။ ဒါကြောင့်လည်း ကိုဗစ်-၁၉ နဲ့ပတ်သက်ရင် ဗြိတိန်အနေနဲ့ သတိ ကြီးကြီးထား ကိုင်တွယ်နေရတာပါ။ အခုသီတင်းပတ်ဟာ ပိတ်ဆို့ကန့်သတ်မှု တွေ အဆုံးသတ်ရမယ့်ကာလမဟုတ်သေးဘူးလို့ ဝန်ကြီးချုပ်က ပြောပါတယ်။ ဒါပေမယ့်လည်း အင်္ဂလန်မှာ ကန့်သတ်မှုတွေဖြေလျှော့ဖို့ ခြွင်းချက်နဲ့ အစီအစဉ်ရှိတယ်လို့တော့ ပြောကြားခဲ့ပါတယ်။

 

အရဲစွန့်လာကြ

 

အချို့သော ဥရောပနိုင်ငံက အရာရှိတွေကတော့ လူသေဆုံးမှုနှုန်းတွေလျော့ကျလာတဲ့အတွက် အရဲစွန့်လာကြပါတယ်။ မေ ၁၀ ရက်ကဆိုရင် ပြင်သစ်နိုင်ငံမှာ သေဆုံးသူ ၇၀ ရှိခဲ့ပါတယ်။ ဒီနှုန်းဟာ ဧပြီလအစောပိုင်းကာလ ကစလို့ အနည်းဆုံးပမာဏလို့ ပြောရမှာပါပဲ။ အလားတူပါပဲ။ စပိန်နိုင်ငံရဲ့ နေ့စဉ်သေဆုံးမှုနှုန်းဟာလည်း ၂၀၀ အောက်ကို လျော့ကျလာပါတယ်။ ဒါပေမယ့်လည်း တောင်ကိုရီးယားမှာ ဒုတိယလှိုင်းလုံးရဲ့ ရိုက်ခတ်မှုကို မျက်ဝါးထင်ထင်ပြသခဲ့ပါပြီ။ ကိုဗစ် -၁၉ ကပ်ရောဂါကို ကိုင်တွယ်ဖြေရှင်းပုံ နဲ့ပတ်သက်ပြီး တောင်ကိုရီးယားကို ဝိုင်းဝန်းချီးမွမ်းခဲ့ကြပေမယ့် နောက်ထပ် အစုလိုက် အပြုံလိုက်ကူးစက်ခံရမှုပေါ်ပေါက်လာတဲ့အခါမှာတော့ ဆိုးလ်မြို့မှာ ရှိတဲ့ ဘားတွေ ကလပ်တွေအားလုံးကို ပိတ်ပစ်လိုက်ရပါတယ်။ တောင်ကိုရီး ယားမှာ ကလပ်တွေ ဘားတွေနဲ့ဆက်စပ်ပြီး အစုလိုက်ကူးစက်ခံရသူ အရေအတွက်ဟာ ၁၂၀ အထိ တိုးသွားတယ်လို့ တောင်ကိုရီးယားရောဂါ ကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးဌာနက ပြောပါတယ်။

 

ကူးစက်မှုပြန်လည်မြင့်တက်လာနိုင်

 

ဂျာမနီမှာလည်း အလားတူပါပဲ။ အသားထုတ်လုပ်ရေးစက်ရုံမှာ ကူးစက်ခံရမှုတွေ့တဲ့နောက်ပိုင်း ပိတ်ဆို့ကန့်သတ်မှုတွေ ပြန်ပြုလုပ်ဖို့ တွန်းအားဖြစ်လာခဲ့ပါတယ်။ ဂျာမနီနိုင်ငံမှာ ပိတ်ဆို့ကန့်သတ်မှုတွေ ဖြေလျှော့ လိုက်ပြီးဖြစ်ပေမယ့် နောက်ဆုံးရရှိတဲ့အချက်အလက်ဒေတာတွေအရ ကူးစက် ခံရမှုနှုန်း ပြန်လည်မြင့်တက်လာနိုင်တယ်လို့ ညွှန်ပြလျက်ရှိပါတယ်။

 

ခြူးစန္ဒီနွေး

ကိုးကား -အေအက်ဖ်ပီ