ကိုဗစ် - ၁၉ ကာလ ခေါင်လန်ဖူးဒေသ ဝမ်းစာဖူလုံရေး

mdn

သတင်းဆောင်းပါး - မြင့်စိုး (နတလ)

 

ဆန်အိတ် ၁ဝဝဝ ထောက်ပံ့ပေးအပ်

 

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ မလိခခန်းမအတွင်းသို့ ၂၀၁၇ ခုနှစ်တုန်းက ခြေချခဲ့ဖူးသည်။ ထိုစဉ်က ကျွန်တော် သည် နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိပြီး မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့များရှိ တိုက်ပွဲရှောင်မိသားစုဝင်များအတွက် ဆန်၊ ဆီ၊ ဆား၊ ပဲနှင့် စောင်များကို ဝန်ကြီးဌာန ကိုယ်စား သွားရောက်ထောက်ပံ့ပေးခြင်းဖြစ်သည်။ ယခုလည်းအငြိမ်းစားဝန်ထမ်းဘဝသို့ ရောက်နေသည့် တိုင် ပြီးခဲ့သည့် မေလ ၁၅ ရက်နေ့က အဆိုပါ မလိခ ရိပ်သာ၌ ခေါင်လန်ဖူးဒေသရှိ ရဝမ်၊ လီဆူတိုင်းရင်းသား သွေးချင်းများအတွက် ဆန်အိတ် ၁၀၀၀ ထောက်ပံ့ ပေးအပ်ပွဲ အခမ်းအနားကို တွေ့မြင်လိုက်ရသောအခါ ကျွန်တော်ချစ်သော ခေါင်လန်ဖူးဒေသအတွက် ဝမ်းသာပီတိဖြစ်ရသည်။ ယင်းအခမ်းအနားသို့ ကိုယ်တိုင်တက်ရောက်နေရဘိအလား စိတ်မှာခံစားရ သည်။

 

ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါဆိုးကြီးအား နိုင်ငံတော်အတွင်းရှိ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတို့တွင် တားဆီးနှိမ်နင်းရေး၊ ကာကွယ်ကုသရေး လုပ်ငန်းများ အင်တိုက်အားတိုက် တွန်းလှန် ဆောင်ရွက် နေချိန်၌ ကချင်ပြည်နယ် ခေါင်လန်ဖူးဒေသအတွင်း ရောဂါပိုး မတွေ့ရှိရသော်ငြားလည်း အိမ်နီးချင်းနိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါအခြေအနေကြောင့် လမ်းပန်း ဆက်သွယ်ရေးများ ပြတ်တောက်ကာ ကုန်စည်စီးဆင်းမှု ရပ်တန့်သွားပြီး စားနပ်ရိက္ခာ ရှားပါးပြတ်လပ်မှုများ ကြုံတွေ့ခဲ့ရပါသည်။ ယင်းသို့ စားနပ်ရိက္ခာရှားပါး ပြတ်လပ်မှုနှင့် ကြုံတွေ့နေရသောဒေသများမှာ ခေါင်လန်ဖူး မြို့နယ် မြောက်ဘက်ခြမ်းဒေသများဖြစ်သော ရှိန်းခေါင် နှင့် ဇီးထန်ဒေသများအတွင်းရှိ ညီဝမ်ထန်ကျေးရွာအုပ်စု၊ ရနင်ထီကျေးရွာအုပ်စု၊ ဇန်ဟော့ကျေးရွာအုပ်စု ချီထုဖန် ကျေးရွာအုပ်စု၊ ရမန်ချီကျေးရွာအုပ်စု၊ ဇီးထန်ကျေးရွာ အုပ်စု၊ ဒါလန်ကျေးရွာအုပ်စု၊ လားလားကော်ကျေးရွာ အုပ်စုများ ခေါင်လန်ဖူးမှနယ်စပ်မှတ်တိုင် ၃၀ နှင့် ၃၁ တစ်ဝိုက်ရှိ လန်ဆယ်အရှေ့ခြမ်းဒေသများဖြစ်သော ထဖုံး ကျေးရွာအုပ်စု၊ ရပ်မားကျေးရွာအုပ်စု၊ နမ့်ချိန်ကျေးရွာ အုပ်စုနှင့် ရှီလန်ဒန်းကျေးရွာအုပ်စုဟူ၍ စုစုပေါင်း ကျေးရွာအုပ်စု ၁၂ စုမှ ကျေးရွာများဖြစ်ကြသည်။

 

ယင်းကဲ့သို့ အရေးပေါ်လတ်တလော လိုအပ်ချက် များဖြေရှင်းပေးနိုင်ရန်အတွက် နယ်စပ်ရေးရာဝန်ကြီး ဌာနက သက်ဆိုင်ရာဒေသများသို့ ထောက်ပံ့ပေးမည့် ဆန်အိတ် ၁၀၀၀ လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်သည်။ ဝန်ကြီးဌာနကိုယ်စား ကချင်ပြည်နယ်ဒေသဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံး ညွှန်ကြားရေးမှူး ဦးကျော်မင်းက ပေးအပ်ခဲ့ရာ ကချင်ပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က လက်ခံရယူပေးခဲ့ သည်။ ရှိန်းခေါင်နှင့် ဇီးထန်ဒေသရှိ ကျေးရွာအုပ်စု ရှစ်အုပ်စုမှ ဒေသခံတိုင်းရင်းသား ၉၈၈ဝ အတွက် လတ်တလောလိုအပ်နေသည့် ဆန်အိတ် ၈၀၀ ကို မြစ်ကြီးနားမှ မော်တော်ယာဉ်များဖြင့် ပို့ဆောင်ပေးခဲ့ရာ ပူတာအိုသို့ရောက်ရှိနေပြီ ဖြစ်ကြောင်း၊ ပူတာအိုမှ မဂ္ဂဇရီဒမ်းကြိုးတံတားအထိ မော်တော်ယာဉ်များဖြင့် လည်းကောင်း၊ ထိုမှ ခေါင်လန်ဖူး၊ ရှိန်းခေါင်အထိ လားမြင်း များ၊ ဆိုင်ကယ်များဖြင့်လည်းကောင်း ဆက်လက်ပို့ဆောင် ပေးရေး စီစဉ်ဆောင်ရွက်နေကြကြောင်း သိရသည်။ အလားတူ ခေါင်လန်ဖူး တောင်ခြမ်းဒေသများဖြစ်သည့် မိုင်တိုင် ၃၀၊ ၃၁ အနီးရှိ ကျေးရွာအုပ်စုလေးအုပ်စုမှ ဒေသခံ ပြည်သူ ၁၈၀၈ ဦးအတွက် ဆန်အိတ်၂၀၀ ကို မြစ်ကြီးနားချီဖွေ- ဖီမော်- လန်ဆယ်- တထုံစင် လမ်းကြောင်းအတိုင်း ပို့ဆောင်ပေးနေကြောင်း သိရှိရပါသည်။ အဆိုပါ ဆန်အိတ် များ သက်ဆိုင်ရာဒေသများရှိ ပြည်သူများ လက်ဝယ်သို့ ချောမောစွာ အမြန်ရောက်ရှိ ဖြန့်ဝေပေးနိုင်ရေးအတွက် လည်း တပ်မတော်၊ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် ကချင် ပြည်နယ်အစိုးရအဖွဲ့တို့ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်လျက် ရှိပါသည်။

 

လမ်းပေါက်မှ ပန်းတိုင်ရောက်မည်

 

- ကျွန်တော်သည် ရဝမ်တိုင်းရင်းသားတစ်ဦး ဖြစ်ခဲ့ ပါလျှင်-------

- ကျွန်တော်သည် လီဆူတိုင်းရင်းသားတစ်ဦး ဖြစ်ခဲ့ ပါလျှင်-------

- ကျွန်တော်သည် ခေါင်လန်ဖူးဒေသခံတိုင်းရင်းသားတစ်ဦးဖြစ်ခဲ့ပါလျှင်-------

ကျွန်တော့်ဒေသအတွက် ကျွန်တော်တို့တိုင်းရင်းသားများအတွက် အနာဂတ်မျှော်မှန်းချက်သည် မဂ္ဂဇခေါင်လန်ဖူး လမ်းကဲ့သို့သော အဓိကဆက်သွယ်ရေး လမ်းမကြီး ပေါက်သွားပြီးနောက် ရှိန်းခေါင်ဒေသဘက်သို့ လည်းကောင်း၊ ဆော့လော်မြို့နယ် လန်ဆယ်၊ လကင်ဒေသ ဘက်သို့လည်းကောင်း၊ ဆက်သွယ်ရေးလမ်းများ ဆက်လက် ပွင့်သွားရေး၊ ဒေသခံတိုင်းရင်းသားပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အဝရရှိရေး၊ တိုင်းရင်း သားကလေးငယ်များ ပညာသင်ကြားမှု အခွင့်အလမ်းကောင်းများ ရယူပိုင်ဆိုင်၍ ပညာရည်မြင့်မားတိုးတက်ရေး၊ ဆက်သွယ်ရေးကဏ္ဍတွင်လည်း ကျေးရွာများသို့အရောက် ခရီးပေါက်ရေးတို့ပဲ ဖြစ်ပါလိမ့်မည်။ အားလုံးကို ခြုံငုံပြောကြားရပါလျှင် ဒေသတစ်ခုလုံး လူမှုစီးပွားဘဝ အခြေ အနေများ ယခုလက်ရှိအခြေအနေထက် မြင့်မားတိုးတက်ပြောင်းလဲစေချင်ပါသည်။ ဒေသနှင့်ကိုက်ညီသော စိုက်ပျိုးရေး စနစ်များ ဖြစ်ထွန်းလာစေရန်၊ သဘာဝပတ်ဝန်းကျင် ကောင်းများ ဝန်းရံလျက်ရှိသော သစ်တောအခြေခံ ခရီးသွား လုပ်ငန်းများလည်း အောင်မြင်ဖြစ်ထွန်းလာစေရန် အစဉ်အမြဲ မျှော်မှန်းတောင့်တခဲ့ပါသည်။ ဤမျှော်မှန်းချက် များ ပြီးပြည့်စုံရန်မှာ နယ်စပ်ရေးရာဝန်ကြီးဌာနက လက်ရှိ ဖောက်လုပ်နေသော မဂ္ဂဇ-ခေါင်လန်ဖူးကားလမ်းကြီး အမြန်ပေါက်သွား ရေးသည် အဓိကကျနေပါသည်။

 

မဂ္ဂဇ - ခေါင်လန်ဖူးကားလမ်း ၆၅/၄ မိုင်

 

မဂ္ဂဇ-ခေါင်လန်ဖူး ၆၅/၄ မိုင်အနက် မေခမြစ်ကို ကျော်လွန်၍ ရီဒမ်းကျေးရွာအလွန် ၄၇/၀ မိုင်အထိ ခရီးပေါက်ခဲ့ပြီဖြစ်သည်။ နတလအင်ဂျင်နီယာအဖွဲ့၊ တပ်မတော်စစ်အင်ဂျင်နီယာအဖွဲ့နှင့် လမ်းလုပ်သားများ ညီညီညွတ်ညွတ်ပူးပေါင်း၍ နွေ၊ မိုး၊ ဆောင်းဥတုသုံးပါး စလုံး၊ လူမနားစက်မနား ကြိုးစားဖောက်လုပ်ခဲ့ကြရသည်။ အရှည်လေးမိုင်ခန့်ရှိသော ဆန်းလွတ်ချက်တောင်ထိပ် ကျောက်တောင်ကြီးကို ကျော်လွှားနိုင်ခဲ့ပြီဆိုမှတော့ ကျန်နေသော ၁၈/၄ မိုင်မှ မည်သို့သော အတားအဆီးကို မဆို ရင်ဆိုင်ရန် မမှုတော့ပြီ။ ယခုကျန်ရှိနေသော ၁၈/၄ မိုင်ကလည်း ဆိုင်ကယ်လမ်းပေါက်ပြီးသားဆိုတော့ကာ ပူတာအိုမှ မချမ်းဘော့-မဂ္ဂဇ-ခေါင်လန်ဖူးအထိ နေ့ချင်း ပေါက် ဆိုင်ကယ်နှင့်သွားမလား၊ သို့တည်းမဟုတ် ပူတာအို-မချမ်းတော့- မဂ္ဂဇမှ ရီဒမ်းကြိုးတံတားထိပ်သိ ကားဖြင့်လာ၊ သည်ဘက် ၁၈/၄ မိုင်ကို ဆိုင်ကယ်စီး၍ သွားမလား၊ ဘာနှင့်ဘယ်လိုပဲသွားသွား နေ့ချင်းပေါက် နေပြီဆိုတော့ကာ တစ်ခါက ကျွန်တော်ရေးသားခဲ့ဖူးသော အိပ်မက်လမ်းသည် ဒေသခံတိုင်းရင်းသားများ မျက်ဝါးထင်ထင် တွေ့မြင်စေဖို့ရာ လက်တစ်ကမ်းအလို မျှသာ။

 

ကပ်ရောဂါဘေးကင်းဝေးကြပါစေ

 

နယ်စပ်ရေးရာ ဝန်ကြီးဌာနက ရိက္ခာဆန်များ ထောက်ပံ့ပေးလိုက်သော ခေါင်လန်ဖူးဒေသ ကျေးရွာ အုပ်စု ၁၂ ခုအနက် မြောက်ဘက်ခြမ်းရှစ်ခုကတော့ ကျွန်တော်နှင့် ရေစက်ဆုံလိုက်သေးသည်ဟု ပြောရပေ မည်။ အကြောင်းမှာ ယခုနှစ်ဇန်နဝါရီလအတွင်း၌ ခေါင်လန်ဖူးသို့ ကျွန်တော်ရောက်သွားခဲ့သည်။ ခေါင်လန်ဖူးမြို့လေးသို့ သွားရန်အတွက် ဇန်နဝါရီလ ၁၃ ရက်နေ့က တံတားဦးလေဆိပ်မှ လေယာဉ်ဖြင့်ထွက်ခွာ လာကြပြီး ပူတာအိုမြို့သို့ ရောက်ရှိခဲ့ရာ ထိုနေ့မွန်းလွဲ ပိုင်းမှာပင် အထကခေါင်လန်ဖူး၊ အထက ဇန်လော့။ အထက(ခွဲ) ရှိန်းခေါင်ကျောင်းများမှ တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုရန် ကြိုတင်ရောက်ရှိ သင်ကြားနေကြသော ကျောင်းသားကျောင်းသူ ၄၉ ဦးကို တွေ့ဆုံအားပေး စကားပြောကြားခွင့်ရခဲ့သည်။ သူတို့လေးတွေ စာမေးပွဲအောင်မြင်၍ ဂုဏ်ထူးတွေထွက်လျှင် ကျွန်တော်နှင့် ညီတော်မောင် ကိုငွေစိုး(တေဇ-၉)တို့က ပေးထားသော ကတိကဝတ်အတိုင်း ဆုငွေများချီးမြှင့်ရန် စောင့်မျှော် နေပါသည်။ လတ်တလောကတော့ အောင်စာရင်း မထွက် သေး၍ ဆုချီးမြှင့်ဖို့ကိစ္စအသားက သူတို့လေး တွေ ရော သူတို့၏ မိဘဆွေမျိုး ညီအစ်ကိုမောင်နှမတွေပါ ကိုဗစ်-၁၉ ကပ်ရောဂါဘေးမှ ကင်းဝေးကြစေရေး ဆုတောင်းမေတ္တာပို့သလိုက်ပါသည်။ ။

 

သူတို့သာမက ခေါင်လန်ဖူးဒေသ ပန်နန်းဒင်ဒေသ။ နောင်မွန်ဒေသအပါအဝင် ကချင်ပြည်နယ်ကြီးတစ်ခုလုံး ကပ်ရောဂါဘေး ကင်းဝေးကြစေရန်ရည်သန်ဆုတောင်းမိ ပါသည်။ အထူးအားဖြင့် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်သွားသည့်အခါ၊ သီးနှံဖျက်ပိုးများ ကျရောက် သည့်အခါး ဆိုးရွားသော ရာသီဥတုနှင့်ကြုံကြိုက်လာရ သည့်အခါ စိုက်ပျိုးသီးနှံများ ပျက်စီးဆုံးရှုံးခြင်း၊ စားနပ် ရိက္ခာများ ပြတ်လပ်၍ ဝမ်းစာမလုံလောက်ခြင်း အခက်အခဲ များနှင့် အမြဲရင်ဆိုင်ကြုံတွေ့ခဲ့ရသော ခေါင်လန်ဖူးဒေသ တစ်ခုလုံး နှလုံးစိတ်ဝမ်းအေးချမ်းစေချင်ပါသည်။ ကပ်ရောဂါဘေးကင်းဝေးကြပါစေ။ စိုက်ပျိုးသီးနှံများ

အောင်မြင်ဖြစ်ထွန်း၍ ဒေသဝမ်းစာဖူလုံကြပါစေ။ နယ်စပ်ရေးရာဝန်ကြီးဌာနက ဖောက်လုပ်ပေးနေသော မဂ္ဂဇ - ခေါင်လန်ဖူးကားလမ်း {အိပ်မက်လမ်းကြီး) ပေါက်သွားပြီးတဲ့နောက် ဒေသတွင်းလမ်းများ ဆက်လက် ဖောက်လုပ်ရင်း ကုန်စည်စီးဆင်းမှုများနှင့်အတူ ပညာရေး၊ ကျန်းမာရေး၊ ဆက်သွယ်ရေးကအစ လူမှုစီးပွားဘဝများ အမြန်ဖွံ့ဖြိုးတိုးတက်ပါစေကြောင်း ဆုမွန်ခြွေလိုက် ရပါသည်။