ကိုဗစ်-၁၉ ကြောင့်ဖြစ်ပေါ်လာတဲ့ စီးပွားရေးကျဆင်းမှုကို ဟန်ချက်ညီအောင် ဘယ်လိုထိန်းမလဲ

အလင်းသစ်
ကမ္ဘာတစ်ဝန်းမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့လာမှုဟာ လေးလကျော်ကာလအတွင်း ရောက်ရှိလို့နေပြီဖြစ်ပါတယ်။ အဲဒီအချိန်အတွင်းမှာ ကမ္ဘာ့နိုင်ငံအသီးသီးက အစိုးရတွေအနေနဲ့ ဗိုင်းရပ်စ်ကူးစက်မှုတွေကို ထိန်းချုပ်နေရသလို ဗိုင်းရပ်စ်ကြောင့်ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေ လျော့နည်းသွားအောင်လည်း စီမံခန့်ခွဲမှုတွေ ပြုလုပ်နေရတာဖြစ်ပါတယ်။

ဒါကြောင့် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါရဲ့ ဖြစ်ပေါ်ခဲ့တဲ့ ကုန်ကျစရိတ်တွေကို လျှော့ချ ဖို့နဲ့ အသွားအလာကန့်သတ်မှုတွေကို ဖြေလျှော့ပေးဖို့ ကမ္ဘာတစ်ဝန်းကနိုင်ငံတွေ အပေါ် ဖိအားတွေတိုးလာနေချိန်မှာပဲ အမေရိကန်နိုင်ငံနဲ့ ဂျာမနီနိုင်ငံတို့ကလာတဲ့ ဝမ်းနည်းဖွယ်ကောင်းတဲ့ သတင်းတွေနဲ့အတူ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖြစ်ပေါ်ခဲ့တဲ့ ဆိုးရွား လှတဲ့ စီးပွားရေးသက်ရောက်မှုတွေကလည်း ပိုမိုကြီးမားလာလျက်ရှိနေပါတယ်။


ဟန်ချက်ညီအောင်ထိန်းနေ

ကန့်သတ်ချက်တွေကို လျင်မြန်စွာ ဖြေလျှော့ပေးခြင်းဟာ ကိုရိုနာဗိုင်းရပ်စ်ရဲ့ ဒုတိယလှိုင်းကို ဖြစ်ပေါ်စေလိမ့်မယ်ဆိုတဲ့ သတိပေးချက်ကို ဆန့်ကျင်ပြီး ကမ္ဘာတစ်ဝန်း က နိုင်ငံတွေအနေနဲ့ ရာစုနှစ်တစ်ခုအတွင်းမှာ ဆိုးရွားတဲ့ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး ကျဆင်းမှုအပေါ် ဟန်ချက်ညီအောင်ထိန်းနေကြရတာဖြစ်ပါတယ်။ လက်ရှိအချိန်မှာ လည်း ကမ္ဘာတစ်ဝန်း ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွား မှုကြောင့် သေဆုံးသူ ၂၂၀၀၀၀ ကျော်ရှိလာ ခဲ့ပြီ ဖြစ်ပါတယ်။
ဒါပေမယ့် ကမ္ဘာလုံးဆိုင်ရာအလုပ် သမားအင်အားရဲ့ ထက်ဝက်ဟာ သူတို့ရဲ့ အသက်အိုးအိမ်စည်းစိမ်တွေ ပျက်စီးမှုနဲ့ ရင်ဆိုင်နေရတယ်လို့ ကုလသမဂ္ဂအဖွဲ့က သတိပေးထားသလို ကိုရိုနာဗိုင်းရပ်စ်ကူးစက် ပျံ့နှံ့မှုကြောင့်ဖြစ်ပေါ်လာတဲ့ စီးပွားရေး အထိနာမှုဟာ နေ့စဉ်နဲ့အမျှမြင့်တက်လာတဲ့ အပြင် ဆယ်စုနှစ်တစ်ခုကြာဖြစ်တည်ခဲ့တဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဟာလည်း သိသိသာသာကျဆင်းနိုင်ဖွယ်ရှိတယ်လို့ အမေရိကန် နိုင်ငံက ကြေညာခဲ့ပါတယ်။
ကမ္ဘာ့စီးပွားရေးအင်အားကြီးနိုင်ငံဖြစ်တဲ့ အမေရိကန်နိုင်ငံက ကိုဗစ်-၁၉ ကပ်ရောဂါရဲ့ ရိုက်ခတ်မှုကြောင့် အခုနှစ်ရဲ့ ပထမသုံးလတာ ကာလအတွင်း စီးပွားရေးရုတ်တရက်ကျဆင်းမှု ၄ ဒသမ ၈ ရာခိုင်နှုန်းရှိခဲ့တယ်လို့ တရားဝင် ထုတ်ပြန်ကြေညာခဲ့ပြီး ၂၀၀၈ ခုနှစ်က ဖြစ်ပေါ် ခဲ့တဲ့ စီးပွားရေးအကျပ်အတည်းနောက်ပိုင်းမှာ အကြီးမားဆုံးသော စီးပွားရေးကျဆင်းမှုလည်း ဖြစ်တယ်လို့ ဆိုပါတယ်။


ကျော်လွန်သွားခဲ့ပြီဖြစ်

အမေရိကန်နိုင်ငံအနေနဲ့ လက်ရှိမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူဦးရေ တစ်သန်း ကျော်ခဲ့ပြီး သေဆုံးသူအရေအတွက်ဟာ လည်း ၆၂၀၀၀ ကျော်ရှိသွားပြီလို့ တရားဝင် သတင်းထုတ်ပြန်ခဲ့ပါတယ်။ အဲဒီအရေအတွက် ဟာ ကမ္ဘာ့နိုင်ငံတွေထဲမှာ သေဆုံးမှုအမြင့်မားဆုံးအရေအတွက်ဖြစ်ပြီး ဗီယက်နမ်စစ်ပွဲ အတွင်းမှာ သေဆုံးခဲ့ရတဲ့ အမေရိကန်နိုင်ငံသား တွေရဲ့အရေအတွက်ကို ကျော်လွန်သွားခဲ့ပြီ ဖြစ်ပါတယ်။
ဒါပေမယ့် အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်ကတော့ နိုဝင်ဘာလအတွင်း ရွေးကောက်ပွဲကျင်းပနိုင်ဖို့ တောင်းဆိုထားပြီး ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးဆိုင်ရာ ဆောင်ရွက်ချက်တွေကို ဖြေလျှော့ပေးဖို့ ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့အစည်းတွေကို တွန်းအားပေးလျက်ရှိနေပါတယ်။

အမေရိကန်နိုင်ငံတင်မဟုတ်ဘဲ ဥရောပရဲ့ အင်အားကြီးဂျာမနီနိုင်ငံမှာလည်း ၁၉၄၉ ခုနှစ် မှာ စတင်တည်ထောင်ခဲ့တဲ့ ဖက်ဒရယ်သမ္မတ နိုင်ငံရဲ့ သမိုင်းကြောင်းမှာ ဆိုးရွားတဲ့စီးပွားရေးကျဆင်းမှုနဲ့ လက်ရှိအချိန်မှာ ကြုံတွေ့ခံစား ရလိမ့်မယ်လို့ ဂျာမနီနိုင်ငံ ကျန်းမာရေးဝန်ကြီး ပီတာအယ်လ်မေယီယာက သတိပေးပြောကြား ခဲ့ပါတယ်။

မဖြစ်မနေလုပ်ဆောင်ရမှာဖြစ်
ဂျာမနီနိုင်ငံဟာ နိုင်ငံရဲ့ကန့်သတ် ထိန်းချုပ်မှုတွေ ဖြေလျှော့ပေးလျက်ရှိတဲ့ ဥရောပတစ်ဝန်းက နိုင်ငံတွေထဲက တစ်နိုင်ငံ ဖြစ်ပြီး ဧပြီ ၂၉ ရက်ကစပြီး မြို့တော်ဘာလင်မှာ ဈေးဆိုင်တွေကို ဝင်ရောက်မယ်ဆိုရင် နှာခေါင်း စည်းတွေဝတ်ဆင်ရမယ့်စည်းမျဉ်းကို လိုက်နာ ရမှာဖြစ်ပါတယ်။ ဘတ်စ်ကားတွေ၊ ရထား တွေနဲ့ ဓာတ်ရထားတွေကို စီးနင်းလိုက်ပါတဲ့ အချိန်မှာလည်း နှာခေါင်းနဲ့ ပါးစပ် ကာကွယ်ခြင်း ကိုတော့ မဖြစ်မနေလုပ်ဆောင်ရမှာဖြစ်ပါ တယ်။
အခြားသော ဥရောပနိုင်ငံတွေဖြစ်တဲ့ အီတလီ၊ စပိန်နဲ့ ပြင်သစ်တို့ဟာလည်း ကိုဗစ်-၁၉ ကပ်ရောဂါကို ဆိုးဆိုးရွားရွားခံစား နေရတဲ့ နိုင်ငံတွေဖြစ်ပြီး လက်ရှိအချိန်မှာ ကိုဗစ်-၁၉ ရောဂါကြောင့် လူဦးရေ ၂၀၀၀၀ ကျော်စီ သေဆုံးခဲ့ရပြီးလည်းဖြစ်ပါတယ်။ ဒါပေမယ့် နေ့စဉ်သေဆုံးသူအရေအတွက်ဟာ လျော့နည်းလာဖို့ အလားအလာရှိနေပြီး အီတလီ၊ စပိန်နဲ့ ပြင်သစ်နိုင်ငံတို့ဟာ ခရီးသွားလာခွင့် ကန့်သတ်မှုတွေကို ဖြေလျှော့ပေးနိုင်မယ့် နည်းလမ်းတွေအတွက် အစီအစဉ်ရေးဆွဲလျက် ရှိပါတယ်။

ဗြိတိန်နိုင်ငံကတော့ ဥရောပနိုင်ငံတွေ ထဲမှာ ကိုဗစ်-၁၉ ရောဂါ စတုတ္ထမြောက် အများဆုံးခံစားရတဲ့ နိုင်ငံဖြစ်ပြီး လူဦးရေ ၂၆၀၀၀ ကျော်သေဆုံးခဲ့ရတဲ့အပြင် အသွား အလာကန့်သတ်မှုတွေ ဖြေလျှော့ပေးမယ့် အစီ အစဉ်ဟာ ဝေးကွာနေဆဲအခြေအနေမှာပဲ ရှိနေဆဲဖြစ်ပါတယ်။

လွတ်လပ်သောစီးပွားရေးနယ်ပယ်မှာ အလုပ်လုပ်ကိုင်နေကြတဲ့ အလုပ်သမား အင်အားရဲ့ လေးပုံသုံးပုံဟာ သူတို့ရဲ့ အသက် အိုးအိမ်စည်းစိမ်ပျက်စီးမှုကို ရုတ်တရက် ဖြစ်ပေါ်စေတဲ့အန္တရာယ်နဲ့ ရင်ဆိုင်နေရပြီး အဲဒီ အရေအတွက်ဟာ ကမ္ဘာ့အလုပ်သမား အင်အားရဲ့ထက်ဝက်ဖြစ်တဲ့ ၁ ဒသမ ၆ ဘီလီယံခန့် ဖြစ်တယ်လို့ ကမ္ဘာ့အလုပ်သမား အဖွဲ့အစည်းက ဧပြီ ၂၉ ရက်မှာ ပြောကြားခဲ့ ပါတယ်။


ရင်ဆိုင်ကြုံတွေ့နေရ

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုဟာ စီးပွားရေးအစိတ်အပိုင်းအားလုံးကို ထိခိုက် စေလျက်ရှိပါတယ်။ ဒါပေမယ့် ကိုဗစ်-၁၉ ရောဂါ ရိုက်ခတ်မှုအများဆုံးနယ်ပယ်တွေထဲက တစ်ခု ကတော့ လေယာဉ်ထုတ်လုပ်တဲ့စက်ရုံတွေ ဖြစ်ပြီး ကမ္ဘာတစ်ဝန်း ခရီးသွားလာခွင့်ပိတ်ပင် မှုနဲ့ နယ်စပ်ဒေသတွေကို ပိတ်ထားမှုရဲ့ဆိုးကျိုး တွေနဲ့ရင်ဆိုင်ကြုံတွေ့နေရတာဖြစ်ပါတယ်။

အမေရိကန် လေယာဉ်ထုတ်လုပ်တဲ့ ကုမ္ပဏီတစ်ခုဖြစ်တဲ့ ဘိုးရင်းကုမ္ပဏီကလည်း ကုမ္ပဏီရဲ့ အလုပ်သမားအင်အားကို ၁၀ ရာခိုင် နှုန်းအထိ လျှော့ချဖို့နဲ့ လေယာဉ်ထုတ်လုပ် မှုတွေကိုလည်း လျှော့ချဖို့အစီအစဉ်တွေကို ကြေညာခဲ့ပြီး ဥရောပရဲ့ လေယာဉ်အဓိက ထုတ်လုပ်တဲ့ အဲဘတ်စ်ကုမ္ပဏီကလည်း ကြီးမားတဲ့ဆုံးရှုံးမှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

စီးပွားရေးထိခိုက်မှုတွေရှိနေဆဲ
ကမ္ဘာတစ်ဝန်းမှာ ကူးစက်ဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် အမေရိကန်နိုင်ငံ ဟာ အလုပ်လက်မဲ့ဦးရေ ၂၆ ဒသမ ၄ သန်း အထိ ရှိလာခဲ့ပြီး အဲဒီပမာဏဟာ အမေရိကန် နိုင်ငံ အလုပ်သမားအင်အားရဲ့ ၁၅ ရာခိုင်နှုန်း ကျော်ရှိနေတာလည်းဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုဟာ အဆိုးဆုံး အခြေအနေကို ကျော်လွန်ခဲ့ပြီလို့ သမ္မတ ဒေါ်နယ်ထရမ့်က ဧပြီ ၁၈ ရက်မှာ ပြောကြား ခဲ့ပေမယ့် ကူးစက်ဖြစ်ပွားမှု၊ သေဆုံးမှုတွေ များပြားလာမှုတွေနဲ့အတူ အမေရိကန် နိုင်ငံရဲ့ စီးပွားရေးကိုလည်း ထိခိုက်မှုတွေ ရှိနေဆဲပဲဖြစ်ပါတယ်။

အမေရိကန်နိုင်ငံဟာ ကန့်သတ်ချက်တွေ ဖြေလျှော့ပေးမယ်ဆိုတဲ့ လမ်းညွှန်ချက် တွေ ကြေညာခဲ့ပြီး ပြည်နယ်တချို့မှာလည်း စီးပွားရေးလုပ်ငန်းတွေ ပြန်လည်စတင်ဖို့ ဆောက်ရွက်လျက်ရှိတဲ့အတွက် နိုင်ငံရဲ့ စီးပွားရေး ဆောလျင်စွာပြန်လည်ဦးမော့လာစေရေးကိုလည်း သမ္မတဒေါ်နယ်ထရမ့်က မျှော်လင့်ထားတာဖြစ်ပါတယ်။

ကိုးကား-အေအက်ဖ်ပီ