ကိုဗစ် - ၁၉ ကန့်သတ်ချက်အောက်မှာ စိုးရိမ်မှု၊ စိတ်ဖိစီးမှုတို့နှင့် နေထိုင်နေရသည့် ဗြိတိန်ပြည်သူများ

mdn

ခြူးစန္ဒီနွေး - ရေးသားသည်

 

မကြာသေးမီအချိန်ကပဲ ဗြိတိန်နိုင်ငံမှာ ကိုဗစ် - ၁၉ ကူးစက်မှုဟာ တစ်ကျော့ပြန် များပြားလာတဲ့အတွက် ကူးစက်မှုနှုန်းလျော့ကျရေး ကန့်သတ်ချက်အသစ် တစ်ဖန်ပြန်လည်အသက်သွင်းရပါတော့တယ်။

 

စည်းကမ်းအသစ်တွေစတင်

 

ကန့်သတ်ချက် အသစ်ဟာ စက်တင်ဘာ ၁၄ ရက် ကစပြီး ဗြိတိန်နိုင်ငံတွင် စတင်ကျင့်သုံးတာဖြစ်ပါတယ်။ အဆိုပါ ကန့်သတ်ချက်အရဒေသအများစုမှာ လူဦးရေခြောက်ဦးထက်ပိုပြီး စုဝေးလို့မရပါဘူး။ အင်္ဂလန်၊ ဝေလ နယ်နဲ့ စကော့တလန်တို့မှာ ကိုဗစ် - ၁၉ ကူးစက်မှု များပြားလာခြင်းကို ထိန်းချုပ်နိုင်ရေး စည်းမျဉ်းအသစ် နဲ့ စတင်လုပ်ဆောင်နေပြီပဲဖြစ်ပါတယ်။ လူခြောက်ဦး ထက်ပိုပြီး စုဝေးလာခဲ့ရင် ရဲတွေအနေနဲ့ လူစုခွဲနိုင်ဖို့ အမိန့်ပေးထားပါတယ်။ စက်တင်ဘာ ၁၃ ရက်ကစလို့ ဗြိတိန်နိုင်ငံမှာ နေ့စဉ်ကူးစက်မှုနှုန်းဟာ သုံးရက် ဆက်တိုက် ၃၀၀၀ ကျော်လာတာကိုတွေ့ရပါတယ်။ စည်းမျဉ်းအသစ်ကြောင့် အပြင်မှာ လူစုလူဝေးပြုလုပ် တာတွေ၊ တွေ့ဆုံပွဲတွေပြုလုပ်တာမျိုးရှိလာရင် ရဲတွေ အနေနဲ့ ဘယ်လိုကိုင်တွယ်ရမလဲဆိုတာကို ရှင်းရှင်း လင်းလင်း သိလာနိုင်ပါတယ်။

 

ဒဏ်ရိုက်သွားမယ်

 

သတ်မှတ်ထားတဲ့ အရေအတွက်နဲ့ အလုပ်သွားကျောင်းသွားတာကလွဲလို့ လူခြောက်ဦးထက်ပိုပြီး စုဝေးခဲ့မယ်ဆိုရင် ဒါဟာ တရားဥပဒေကိုချိုးဖောက်တာ ဖြစ်သွားပါပြီ။ ဒီလိုမျိုးတရားဥပဒေကို ချိုးဖောက်ပြီး လူစုလူဝေးလုပ်ခဲ့မယ်ဆိုရင် ရဲတွေက လူစုခွဲသွားမှာ ဖြစ်ပြီး ပါဝင်သူတိုင်းကိုလည်း ပေါင် ၁၀၀ ကနေပေါင် ၃၂၀၀ အထိ ဒဏ်တပ်သွားနိုင်ပါတယ်။ လိုင်စင်မရှိဘဲ ဂီတပွဲတွေ ကျင်းပခဲ့မယ်ဆိုရင် ပေါင် ၁၀၀၀၀ အထိ ဒဏ်ရိုက်သွားမှာပဲ ဖြစ်ပါတယ်။ အခုအချိန်မှာ ဗိုင်းရပ်စ် တိုက်ဖျက်ရေးလုပ်ဆောင်နေတဲ့အချိန် ဖြစ်တာကြောင့် ပြည်သူများအနေနဲ့ ခန်းမမှာ ကျင်းပတဲ့ပွဲဖြစ်ဖြစ်၊ ကွင်းပြင်ကျယ်မှာ လုပ်တဲ့ပွဲပဲဖြစ်ဖြစ် ဘယ်ပွဲမှ တက်ရောက်ခြင်းမပြုကြဖို့ ပြည်ထဲရေးဝန်ကြီး ပရီတီ ပတ်တယ်က တိုက်တွန်းထားပါတယ်။

 

ဒုတိယလှိုင်းကိုမျှော်လင့်ထားကြ

 

မကြာသေးမီ သီတင်းပတ်များကစလို့ ဗြိတိန်မှာ ကင်းလှည့်မှုတွေ တိုးမြှင့်လုပ်ဆောင်ခဲ့ပြီး ကိုဗစ် - ၁၉ ကာလမှာ တရားမဝင်လူစုလူဝေးပြုလုပ်မှုတွေကိုနှိမ်နင်း ခဲ့ပါတယ်။ မကြာသေးမီအချိန်အတွင်းက ဗြိတိန် ဆေးဘက်ဆိုင်ရာအဖွဲ့အစည်းရဲ့ စစ်တမ်းကောက်ယူ မှုတွေအရတော့ အင်္ဂလန်မှာရှိတဲ့ဆရာဝန် ၈၆ ရာခိုင်နှုန်းဟာ လာမယ့်ခြောက်လအတွင်း ကိုဗစ်-၁၉ ဒုတိယ အကျော့ ထပ်ဖြစ်မှာကို မျှော်လင့်ထားကြတယ်လို့ ဖြေကြားခဲ့ကြပါတယ်။ ဆရာဝန်နဲ့ ဆေးဘက်ဆိုင်ရာ ကျောင်းသား ၈၀၀၀ ကို မေးမြန်းကြည့်ရာမှာ ၅၃ ဒသမ ၆၆ ရာခိုင် နှုန်းကတော့ ဒုတိယအကျော့ အသေအချာပဲ ဖြစ်လာမယ် လို့ယုံကြည်ကြောင်း ဖြေကြားခဲ့ကြပြီး ၃၂ ဒသမ ၀၅ ရာခိုင်နှုန်းကတော့ ဖြစ်နိုင်ခြေရှိတယ်လို့ ယူဆကြောင်း ဖြေကြားခဲ့ကြပါတယ်။ လာမယ့်နှစ် အစောပိုင်းမှာ ဗိုင်းရပ်စ်ကူးစက်မှုဟာ အထွတ်အထိပ်သို့ ပြန်လည်ရောက်ရှိနိုင်တယ်လို့ ယူဆသူကတော့ ၅၀ ရာခိုင်နှုန်းရှိပါတယ်။ 

 

ကူးစက်မှုတွေရပ်တန့်ဖို့ လုပ်ဆောင်ရမယ့်အချိန်

 

အခုအချိန်ဟာ ကူးစက်မှုတွေကိုရပ်တန့်ဖို့ အစိုးရ အနေနဲ့လုပ်ဆောင်ရမယ့်ကာလပဲလို့ ဗြိတိန်ဆေးဘက် ဆိုင်ရာအဖွဲ့အစည်းမှ အကြီးအကဲဖြစ်သူ ချာအန်နက်ပေါလ် ကပြောပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်တွေ၊ လတွေတုန်းက ကိုဗစ် - ၁၉ ဆေးစစ်ပေးမှုတွေနဲ့ ရောဂါရှိတဲ့သူတွေနဲ့ ထိတွေ့မှုရှိတဲ့သူနောက် ခြေရာခံလိုက်တဲ့ နေရာမှာအောင်အောင်မြင်မြင် လုပ်ဆောင်နိုင်ခဲ့ခြင်း မရှိပါဘူး။ ဒါ့အပြင် ပြည်သူတွေ လုပ်ဆောင်သင့်တဲ့အရာနဲ့မလုပ်ဆောင်သင့်တဲ့အရာကို အသိပေးရာမှာလည်း ပြတ်ပြတ် သားသားမရှိဘဲ ရှုပ်ထွေးမှုတွေနဲ့ လုံးချာလိုက်နေခဲ့ ရပါ တယ်။ ဒါကြောင့်လည်း ဗိုင်းရပ်စ်ကူးစက်မှုဟာ လျင်လျင်မြန်မြန်ပဲ ပျံ့နှံ့ခဲ့ရတာပါလို့ သူက ဆက်ပြောပါတယ်။ အခုအခါမှာတော့ စည်းကမ်းတင်းကျပ်မှုတွေ လုပ်ဆောင် နေပြီး စည်းကမ်းချက်ချိုးဖောက်တဲ့သူကိုတွေ့ပါက အရေး ပေါ်လိုင်းမဟုတ်တဲ့ ဖုန်းကိုအသုံးပြုပြီး အကြောင်းကြားဖို့ ဟမ့်ရှိုင်းယားအနောက်မြောက်ပိုင်းက လွှတ်တော်အမတ် ဖြစ်သူ ကစ်မော့လ်ဟောက်စ်က ပြည်သူတွေကို တိုက်တွန်း ထားပါတယ်။

 

ပြည်သူများ၏ ပူပင်သောကများ

 

ကိုဗစ် -၁၉ ကန့်သတ်ချက်တွေ များလာမှုနဲ့အတူ ပြည်သူတွေမှာ စိတ်ဖိစီးမှု၊ စိုးရိမ်မှုနဲ့ ပူပင်သောကတွေ လည်းတိုးလာရပါတယ်။ ကူးစက်မှုတွေ များပြားလာပြီး အသွားအလာ ပိတ်ဆို့ကန့်သတ်မှုတွေလည်း တိုးလာတာ

ကြောင့် ပြည်သူတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးမှာ လည်း ထိခိုက်မှုတွေရှိလာတယ်လို့ သုတေသီတွေက ပြောပါတယ်။ လာမယ့်လတွေအတွင်းကူးစက်မှုတွေများ လာတာကြောင့် ကန့်သတ်မှုတွေ ပိုတိုးလာခဲ့မယ်ဆိုရင် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုပြန်ပြီး ထိခိုက်လာလိမ့် မယ်လို့ သုတေသီတွေက ပြောပါတယ်။

 

လေ့လာမှုတွေပြုလုပ်

 

ကပ်ရောဂါကြောင့် ပြည်သူတွေရဲ့ စိတ်ပိုင်းဆိုင်ရာ  ကျန်းမာရေးကို ဘယ်လိုထိခိုက်သလဲဆိုတာကို လေ့လာကြည့်ရာမှာတော့ အသွားအလာပိတ်ဆို့ကန့်သတ်မှုတွေ ကနေဦးစတင်ပြုလုပ်တဲ့ အချိန်ကလူ ၅၇ ရာခိုင်နှုန်းဟာ စိတ်ပူပန်မှု လက္ခဏာတွေပြသတယ်လို့ သိရပါတယ်။ ၆၄ ရာခိုင်နှုန်းကတော့ သာမန်စိတ်ဖိစီးမှု လက္ခဏာတွေသာပြတယ်လို့ ဖြေကြားခဲ့ကြပါတယ်။ အသွား  အလောပိတ်ဆို့ကန့်သတ်မှုတွေ ဖြေလျှော့ပေးလိုက်တဲ့အခါမှာတော့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးဟာ အခြေ အနေပြန်လည် တိုးတက်ကောင်းမွန်လာပါတယ်။

 

သတိပေးထား

 

ကူးစက်မှုတွေ မြင့်တက်လာတဲ့အခါနဲ့ တစ်နိုင်ငံလုံး အနှံ့ တင်းကျပ်တဲ့စည်းကမ်းတွေ ပြန်လည်ချမှတ်လာ တဲ့အခါ ပြည်သူတွေရဲ့ စိုးရိမ်ပူပန်မှုဟာ တစ်ဖန်ပြန်ပြီး ဆိုးလာနိုင်တယ်လို့ သိပ္ပံပညာရှင်တွေက သတိပေးခဲ့ ကြပါတယ်။ လန်ဒန်ဘုရင့်ကောလိပ်က ပြုလုပ်တဲ့ လေ့လာမှုတွေအရ ယခုနှစ်အစောပိုင်းမှာထုတ်ပြန်ခဲ့တဲ့ နေအိမ်မှာပဲနေရမယ်ဆိုတဲ့ ကန့်သတ်ချက်တွေကြောင့် အရွယ်ရောက်ပြီးသား ပြည်သူ ၃၀၀၀ ဟာ စိတ်ပိုင်း ဆိုင်ရာခံစားမှုတွေ ရှိကြပါတယ်။

 

အမျိုးသမီးနဲ့လူငယ်တွေကို အများဆုံးထိခိုက်

 

အမျိုးသမီးနဲ့လူငယ်တွေဟာ ကိုဗစ်- ၁၉ ကြောင့် ထိခိုက်မှုတွေမှာ အဆိုးဆုံးပါပဲလို့ သုတေသီတွေက ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ အမျိုးသမီးနဲ့ လူငယ်တွေဟာ လုပ်ငန်းခွင်မှာ လုံခြုံစိတ်ချရမှုမရှိခြင်းနဲ့ ကြုံတွေ့ နေရပြီး လုပ်ငန်းခွင်ကနေ ဗိုင်းရပ်စ်ကူးစက်လာမှာကို စိုးရိမ်နေကြရသလို အထီးကျန်မှုနဲ့ အိမ်တွင်းအကြမ်း ဖက်ခံရမှုတွေနဲ့ရင်ဆိုင်နေရတယ်လို့ လေ့လာမှုတွေအရ သိရပါတယ်။

 

အားပျော့သွားခြင်းမရှိသေး

 

နောက်ထပ်သီးခြားလေ့လာမှု တစ်ခုကတော့ အိုင်ယာလန်မှာရှိတဲ့ မေနာ့တက္ကသိုလ်က ပြုလုပ်ခဲ့တာ ဖြစ်ပြီး ပုံနှိပ်ဖော်ပြခဲ့ခြင်းတော့ မရှိသေးပါဘူး။ အဲဒီလေ့လာမှုမှာ အသွားအလာပိတ်ဆို့ကန့်သတ်ထားပြီး နေအိမ်မှာပဲ နေရမယ်လို့ ကန့်သတ်ထားစဉ် ယူကေက လူပေါင်း ၁၄၀၀၀ ရဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအခြေအနေကို စစ်တမ်းကောက်ယူမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ရလဒ်တွေအရတော့ အမျိုးသမီးတွေနဲ့ လူငယ်တွေမှာ စိတ်ပိုင်း ဆိုင်ရာ ထိခိုက်မှုတွေ ပိုပြီးကြုံတွေရတယ် ဆိုတာကို တွေ့ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် နေ့ခင်းပိုင်းက အစပြုခဲ့တဲ့ ကိုဗစ် - ၁၉ ဟာ နိုင်ငံအသီးသီးကပြည်သူတွေကို ရုပ်ပိုင်းဆိုင်ရာကျန်းမာရေး ကိုသာမက စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုပါ နှိပ်စက်နေတာကတော့ယနေ့အထိအားပျော့သွားခြင်းမရှိသေးပါဘူး။ ။

ကိုးကား- ဆင်ဟွာ၊ သည်ဂါဒီးယန်း