ကိုဗစ်-၁၉ ကပ်ရောဂါကို အောင်မြင်စွာထိန်းချုပ်လိုက်တဲ့ ပြင်သစ်

ထွန်းသစ်စ

 

ပြင်သစ်နိုင်ငံမှာ အခုဆိုရင် ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ခဲ့ပြီလို့ အစိုးရသိပ္ပံဆိုင်ရာ အကြံပေးကောင်စီရဲ့ အကြီးအကဲက ပြောကြားလိုက်မှုနဲ့အတူ မတ်လကပြဋ္ဌာန်းခဲ့တဲ့ ကန့်သတ်ထိန်းချုပ်မှုတွေကနေ သတိကြီးစွာထားပြီး ရုန်းထွက်ဖို့ကြိုးစားနေပါတယ်။

 

ကိုဗစ်-၁၉ ကို အခုဆိုရင် ထိန်းချုပ်နိုင်ပြီလို့ ပြောနိုင်ပြီဖြစ်ကြောင်း အစိုးရရဲ့ သိပ္ပံဆိုင်ရာ အကြံပေးကောင်စီအကြီးအကဲ ဒယ်ဖရက်စီက ဖရန့်စ်အင်တာရေဒီယိုကို ပြောကြားလိုက်ပါတယ်။ ကိုဗစ်-၁၉ ဟာ အထူးသဖြင့် သတ်မှတ် ထားတဲ့ဒေသတွေမှာပဲ ဆက်လက်ဖြစ်ပွားနေသော်လည်း ဖြစ်ပွားမှုနှုန်း နှေးကွေးလာတယ်လို့ ဒယ်ဖရက်စီက ဆက်လက်ပြောပါတယ်။


ကိုဗစ်-၁၉ ကို ထိန်းချုပ်နိုင်အောင်

ဒယ်ဖရက်စီနဲ့ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေကို ကိုဗစ်-၁၉ အကြံပေးအဖွဲ့အဖြစ် ခန့်ထား ပါတယ်။ ဒယ်ဖရက်စီဟာ ရောဂါကူးစက်ခြင်း ကို လေ့လာနေတဲ့ ပညာရှင်ဖြစ်ပါတယ်။ သက်ဆိုင်ရာအာဏာပိုင်အဖွဲ့တွေက ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့ခြင်းကို ထိန်းချုပ်နိုင်အောင်ကြိုးစား နေသလို ကိုဗစ်-၁၉ ကြောင့် ပြင်သစ်နိုင်ငံ တစ်ဝန်းသေဆုံးသူ ၂၉၀၀၀ ကျော်လာခဲ့ပါတယ်။


ဇွန် ၆ ရက်က ကိုဗစ်-၁၉ ကြောင့် နေ့စဉ်သေဆုံး သူဦးရေဟာ ၄၆ ဦးသာရှိခဲ့ပြီး ကျဆင်းလာခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဇွန် ၆ ရက် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ကိုဗစ်-၁၉ ခံစားနေရသူ ၁၀၉၄ ဦးအား အထူးကြပ်မတ် ကုသဆောင်မှာ ကုသပေးလျက်ရှိပါတယ်။ ဒီပမာဏဟာ ဧပြီအစောပိုင်းက အထူးကြပ်မတ် ဆောင်မှာ ကုသပေးနေတဲ့ ရောဂါပြင်းထန်သူ ၇၀၀၀ ထက် များစွာလျော့နည်းကျဆင်းလာတဲ့ ပမာဏဖြစ်ပါတယ်။


ကူးစက်မှု လျော့ကျလာ

ပြင်သစ်မှာ တစ်နေ့ကို ကိုဗစ်-၁၉ အသစ် ထပ်မံကူးစက်ခံရသူပေါင်း ၁၀၀၀ ဝန်းကျင်ခန့်ရှိပြီး ဒီပမာဏာဟာ တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် အိမ်တွင်း၌ နေထိုင်ရန်နဲ့ စီးပွားရေးလုပ်ငန်းတွေ ပိတ်ထားရန် မကြေညာ ခင် မတ်လအစောပိုင်းကဖော်ပြတဲ့ ကိုဗစ်-၁၉ ကူးစက်ခံရသူအရေအတွက် ၈၀၀၀၀ ထက်စာရင် အလွန်ကို လျော့နည်း ကျဆင်းခဲ့တာကို ဖော်ပြပါတယ်။


ကြာသပတေးနေ့က ဖော်ပြခဲ့တဲ့ နောက် ဆုံးတွေ့ရှိချက်အရ နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူဦးရေဟာ ဇွန် ၂ ရက်အထိ ၁၅၁၃၂၅ ဦး ဖြစ်တယ်လို့ ပြင်သစ် ကျန်းမာရေးအေဂျင်စီတစ်ခုက ဖော်ပြလိုက်ပါ တယ်။ အခုအခါမှာတော့ ပြင်သစ်နိုင်ငံတစ်ဝန်း စားသောက်ဆိုင်တွေကို ပြန်လည်ဖွင့်လှစ်ခွင့်ပြုနေပြီး ကျောင်းသားတွေလည်း ကျောင်းပြန် တက်နေပါပြီ။


သို့သော်လည်း ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှု ဟာ ဆက်လက်မြင့်တက်နိုင်သေးတယ်လို့ သတိပေးထားပါသေးတယ်။ ကိုဗစ်-၁၉ သံသယရှိသူတွေအားလုံးကို စနစ်တကျစမ်းသပ် မှု မလုပ်ဆောင်နိုင်သောကြောင့် တကယ်ဖြစ် ပွားနေတဲ့ ကိုဗစ်-၁၉ ကူးစက်ခံရသူတွေမှာ တရားဝင်ဖော်ပြထားတဲ့ စာရင်းဇယားတွေထက်တောင် များနေနိုင်ပါတယ်။

 

ရောဂါထိန်းချုပ်ဖို့ ဆောင်ရွက်

လာမယ့်သီတင်းပတ်အတွင်းမှာ ကိုဗစ်-၁၉ ဘယ်လိုမျိုး ပြန်လည်ဖြစ်ပွားလာနိုင်သလဲဆိုတာနဲ့ပတ်သက်ပြီး အနာဂတ် ဖြစ်နိုင်ခြေတွေအတွက် အကောင်းဆုံးပြင်ဆင်ထားဖို့ ကိုဗစ်-၁၉ ဆိုင်ရာ အကြံပေးအဖွဲ့က သက်ဆိုင်ရာအာဏာပိုင် တွေကို ယခုသီတင်းပတ်မှာ တိုက်တွန်းထားပါတယ်။ ပထမဆုံးလုပ်ဆောင်ရမှာကတော့ ရောဂါကာကွယ်ထိန်းချုပ် နိုင်ဖို့ပဲဖြစ်ပါတယ်။ ကိုဗစ်-၁၉ စစ်ဆေးမှုတွေ၊ ခြေရာခံမှုတွေ၊ ခွဲထားမှုတွေ ပိုမိုပြုလုပ်ဖို့သက်ဆိုင်ရာအာဏာပိုင်အဖွဲ့ကို တိုက်တွန်း ထားပါတယ်။ အကယ်၍များ ကိုဗစ်-၁၉ ကူးစက်မှု ထပ်မံမြင့်တက်လာပါက ပိုမို အန္တရာယ်ရှိလာနိုင်ပါတယ်။
လတ်တလောမှာတော့ ကိုဗစ်-၁၉ ပြင်းထန်စွာဖြစ်ပွားနေသူ ၇၅ ဦး နီးပါးကို နယ်ပယ်ဒေသလေးခုမှာ အုပ်စုလေးအုပ်စု ခွဲထားပါတယ်။ အဲဒီနယ်ပယ်ဒေသတွေကတော့ ပါရီ၊ ကိုဗစ်-၁၉ ဆိုးရွားစွာခံစားရတဲ့ နိုင်ငံအရှေ့ မြောက်ပိုင်းမှာရှိတဲ့ နယ်ပယ်ဒေသနှစ်ခု၊ မြို့တော်လိုင်ယွန်အနီး နိုင်ငံအရှေ့တောင်ဘက်တို့ ဖြစ်ကြပါတယ်။


ပါရီမှာတော့ ကိုဗစ်-၁၉ ခြိမ်းခြောက်မှု အခြေအနေကို လိမ္မော်ရောင်သတ်မှတ်ထားပါ တယ်။ တခြားနေရာတွေမှာတော့ အစိမ်းရောင် သတ်မှတ်ထားပါတယ်။ အစိမ်းရောင်အခြေ အနေက မစိုးရိမ်ရတဲ့အတွက် အစိုးရအရာရှိ တွေက စားသောက်ဆိုင်တွေ၊ ဘားတွေ၊ ကော်ဖီ ဆိုင်တွေကို ပြန်လည်ဖွင့်လှစ်ခွင့်ပြုခဲ့ပါတယ်။ ထို့အတူ နေအိမ်မှ မိုင် ၆၀ အထိသာ သွားရ မယ်ဆိုတဲ့ ကန့်သတ်ချက်တွေလည်း ဖယ်ရှား ပေးလိုက်ပါတယ်။ သို့သော်လည်း လိမ္မော်ရောင် သတ်မှတ်ထားတဲ့ ပါရီလိုနေရာမျိုးကတော့ အပြင်ဘက် ကော်ဖီဆိုင်တွေနဲ့ စားသောက်ဆိုင်တွေမှာ ထွက်ထိုင်တဲ့အထိသာ ခွင့်ပြုထားပါ သေးတယ်။


လူစုလူဝေးတွေ တားမြစ်ထားဆဲ

ကျောင်းသားတွေ ကျောင်းကို ပြန်လည် တက်ရောက်နေသော်လည်း လူ ၁၀ ဦးထက် ပိုမိုစုဝေးခြင်းကို အခုအချိန်အထိ တားမြစ်ထား ပါသေးတယ်။ လိမ္မော်ရောင်သတ်မှတ်ထားတဲ့ နယ်ပယ်ဒေသတွေမှာရှိတဲ့ ကျောင်းတွေကိုတော့ ပိတ်ထားဆဲရှိပါတယ်။ ထို့အတူ တက္ကသိုလ် တွေကိုလည်း စက်တင်ဘာလအထိပြန်လည်ဖွင့်လှစ်မယ့် အရိပ်အယောင် မတွေ့ရသေးပါဘူး။


ပါရီမြို့မှာ ဇူလိုင် ၁၄ ရက်မှာ နှစ်စဉ် ကျင်းပလေ့ရှိတဲ့ ဘက်စ်တယ်လီနေ့ စစ်ရေးပြ အခမ်းအနားကို ကျန်းမာရေး ဝန်ထမ်းများအား အလေးအမြတ်ပြုတဲ့ပွဲနဲ့ အစားထိုးလိုက်ပါ တယ်။ သို့သော်လည်း ရွှေ့ဆိုင်းထားတဲ့ ပြင်သစ် ဖလားဖိုင်နယ်ပွဲကိုတော့ ကန့်သတ်ပွဲကြည့် ပရိသတ်နဲ့ ဆက်လက်ပြုလုပ်သွားမယ်လို့ ဘောလုံးအဖွဲ့အစည်းက ပြောပါတယ်။


ဧပြီလက ရွှေ့ဆိုင်းခဲ့တဲ့ ပြည်တွင်း ဖိုင်နယ်ပွဲတွေကိုတော့ နောက်ရာသီမတိုင်မီ ဩဂုတ်လမှာကျင်းပဖို့ လျာထားပါတယ်။


ဇွန် ၂၂ ရက်မှာ အစိုးရဟာ နောက်ထပ် ကန့်သတ်ချက်တွေကို ထပ်မံဖြေလျှော့ပေးဖို့ မျှော်လင့်ထားပါတယ်။ အဲဒီဖြေလျှော့ပေးမယ့် ကန့်သတ်ချက်တွေမှာ ရုပ်ရှင်ရုံတွေပြန်ဖွင့်တာ၊ မြို့တော်ဝန်ရွေးကောက်ပွဲ ဒုတိယအကျော့ဆန္ဒမဲ ပေးတာတို့ ပါဝင်မှာဖြစ်ပါတယ်။ မြို့တော်ဝန် ရွေးကောက်ပွဲ ဒုတိယအကျော့ဆန္ဒမဲပေးတာကို မတ်လက ကျင်းပဖို့ စီစဉ်ခဲ့သော်လည်း ကိုဗစ်-၁၉ ကြောင့် အခုအခါမှာတော့ ဇွန် ၂၈ ရက်မှာ ကျင်းပဖို့ ရွှေ့ဆိုင်းလိုက်ရပါတယ်။


အကောင်းဆုံး ရုန်းထွက်နိုင်အောင်ကြိုးစား

အခြေအနေတွေအားလုံး ကောင်းသွားရင်တော့ လိမ္မော်ရောင်သတ်မှတ်ထားတဲ့နေရာတွေကို အစိမ်းရောင် သတ်မှတ်ထားတဲ့နေရာ တွေလိုမျိုး လုပ်ကိုင်ဆောင်ရွက်ခွင့်တွေ ခွင့်ပြုပေးမယ်လို့ ဝန်ကြီးချုပ် အက်ဒွက်ဖီးလစ်က ယခုသီတင်းပတ်မှာ ပြောကြားလိုက်ပါတယ်။


ပြင်သစ်နိုင်ငံဟာ ကိုဗစ်-၁၉ မှ အကောင်း ဆုံးရုန်းထွက်နိုင်ဖို့ ကြိုးစားဆောင်ရွက်နေသလို ကမ္ဘာ့နိုင်ငံတွေလည်း ပြင်သစ်နိုင်ငံလိုမျိုး ကိုဗစ်-၁၉ မှ အကောင်းဆုံး ရုန်းထွက်နိုင်အောင် ကြိုးစားဆောင်ရွက်လျက်ရှိပါတယ်။
လတ်တလောမှာ ကမ္ဘာတစ်ဝန်းကိုဗစ်-၁၉ ကူးစက်ခံရသူပေါင်းဟာ ဇွန် ၇ ရက်အထိ ၆၉၉၄၆၀၅ ဦးအထိ မြင့်တက်လာပြီး သေဆုံးသူပေါင်းဟာလည်း ၄၀၂၄၅၃ ဦးအထိ ဖြစ်လာပါတယ်။

ကိုးကား - အေအက်ဖ်ပီ