ကိုဗစ်- ၁၉ ကူးစက်မှု များပြားလာခြင်းကို ရင်ဆိုင်နေရသည့် မလေးရှားနိုင်ငံ

နှင်းမိုးအိမ်

 

မလေးရှားနိုင်ငံ၏ လတ်တလော ကိုဗစ်-၁၉ ကူးစက်မှုများမှာ အဆမတန်များပြားလာပြီး တိုင်းပြည်၏ ကျန်းမာရေးစနစ်မှာလည်း ပြိုပျက်လုနီးနီး ဖြစ်လာသည်။ ယင်းသို့သော အခြေအနေများကြောင့် မေ ၂၈ ရက်တွင် တစ်တိုင်းပြည်လုံးအနှံ့ အသွားအလာ ပိတ်ဆို့ကန့်သတ်မှုချမှတ်ရသည်အထိ ဖြစ်လာခဲ့သည်။

 

ကူးစက်မှုအများဆုံးပမာဏ

 

မလေးရှားနိုင်ငံတွင် နေ့စဉ် ကိုဗစ်၁၉ ကူးစက်မှု အခြေအနေမှာ ၈၀၀၀ ကျော်ရှိလာသည့်အတွက် တစ်နိုင်ငံလုံးအနှံ့အသွားအလာ ပိတ်ဆို့ကန့်သတ်ရန် ဆုံးဖြတ်ချက်ချခဲ့ရခြင်း ဖြစ်သည်။ ကိုဗစ်-၁၉နှင့် ဆက်စပ်ပြီး သေဆုံးသွား သူအရေအတွက်မှာလည်း ၂၅၅၂ ဦးကျော်ရှိလာပြီ ဖြစ်သည်။ မေ၂၅ ရက်တွင် ကူးစက်ခံရသူ ၇၀၀၀ တွေ့ရှိခဲ့ပြီး မေ ၂၆ ရက်တွင်မူ ၈၀၀၀ ထပ်တွေ့ခဲ့သည်။ ယင်းပမာဏမှာ မလေးရှားနိုင်ငံတွင် ကိုဗစ် -၁၉ စတင်ကူးစက်သည့် အချိန်မှ စတင်ကာ အများဆုံးပမာဏပင်ဖြစ်သည်။

 

လူနာများနှင့်ပြည့်

 

ကူးစက်မှုနှုန်းပင် များပြားလာသည် မဟုတ်၊ သေဆုံးမှုနှုန်းပါ တိုးလာခြင်းဖြစ်သည်။ သေဆုံးမှုနှုန်း ၄၀ မှ ၅၀ ကျော်ကြားရှိသည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ပြောသည်။ တစ်နိုင်ငံလုံးအနှံ့ အထူး ကြပ်မတ်ကုသဆောင်တွင် ခုတင်အရေအတွက် ၉၁ ရာခိုင်နှုန်းမှာ ပြည့်နေပြီ ဖြစ်သည်ဟု ကျန်းမာရေးဝန်ကြီးဌာန အဆင့်မြင့် အရာရှိကြီးတစ်ဦးဖြစ်သူ နော်ဟီရှိန်းမ် အဗ္ဗဒူလာက မေ၂၁ ရက် တွင် ပြောသည်။ ဆယ်လန်ဂေါနှင့် ဖနန်ပြည်နယ်ရှိ ဆေးရုံများတွင် အထူးကြပ်မတ်ကုသဆောင်များမှာ လူနာများနှင့်ပြည့်နေပြီး ဖနန်ပြည်နယ်တွင် မလေးရှားတပ်ဖွဲ့က ဆေးရုံဝင်းအတွင်း ယာယီ အထူးကြပ်မတ် ကုသဆောင်ကို ဆောက်ပေးခဲ့ရသည်။

 

ယာယီ ရင်ခွဲရုံအဖြစ် အသုံးပြုခဲ့ရ

 

သေဆုံးမှုများ များပြားလာသည့်အတွက် ဆယ်လန်ဂေါ ပြည်နယ်တွင် သင်္ဘောကွန်တိန်နာများကို ယာယီရင်ခွဲရုံအဖြစ် အသုံးပြုခဲ့ရသည်။ တိုင်းပြည်၏ ကျန်းမာရေးစောင့်ရှောက်မှု စနစ်မှာ ဝန်နှင့်အား မမျှရအောင် ဖြစ်နေရပြီး ယိုင်နဲ့လုနီးနီး ဖြစ်နေရသည်။ အိမ်မှာ နေခြင်းအားဖြင့် ကျန်းမာရေး ဝန်ထမ်းများကို ကူညီပေးကြပါဟု နော်ဟီရှိန်းမ် အဗ္ဗဒူလာကပြောသည်။ မလေးရှားနိုင်ငံတွင် အသွား အလာ ပိတ်ဆို့ကန့်သတ်မှုကို ဇွန် ၁ ရက်မှ ၁၄ ရက်အထိ ပြုလုပ်ထားပြီး လူမှုရေးနှင့် စီးပွားရေးကဏ္ဍများကို ပိတ်ပင်ထားသည်။ မရှိမဖြစ်လိုအပ်သည့် ဝန်ဆောင်မှုများနှင့် ကဏ္ဍများမှလွဲ၍ ကျန်စီးပွားရေးလုပ်ငန်းများကို ကန့်သတ်ထားသည်။

 

ဗိုင်းရပ်စ်ပျံ့နှံ့မှုလျင်မြန်ခဲ့ရ

 

ပြီးခဲ့သည့် စက်တင်ဘာလမှစ၍ မလေးရှားနိုင်ငံသည် ကိုဗစ်- ၁၉ တတိယအကြိမ်နှင့် ရင်ဆိုင်နေရသည်။ ဘော်နီယိုရှိ ဆာဘာ့ပြည်နယ်တွင် ပြုလုပ်သည့်ရွေးကောက်ပွဲက အစပြုလာ ခြင်းလည်းဖြစ်သည်။ မဲဆွယ်စည်းရုံးမှု ကာလအတွင်း လူအချင်းချင်းခပ်ခွာခွာ နေရမည့် စည်းကမ်းများနှင့် ပါးစပ်၊ နှာခေါင်းစည်းတပ်ဆင်ရန်တို့ကို လိုက်နာမှု အားနည်းခဲ့ကြသည်။ နိုင်ငံရေး သမားများနှင့် မဲဆန္ဒရှင်များသည် မဲပေးရန် ပန်နီဆူလာမှ ဆာဘာ့သို့ လာရောက်ကြသည်။ ယင်းကြောင့်လည်း ဗိုင်းရပ်စ်ပျံ့နှံ့မှု လျင်မြန်ခဲ့ရသည်။

 

နောက်ထပ်တင်းကျပ်မှုများ

 

ဇန်နဝါရီလအတွင်း အရေးပေါ် အခြေအနေကြေညာခဲ့ပြီး ပြည်နယ်များကြား သွားလာမှုကို ပိတ်ပင်ခဲ့သကဲ့သို့ ကျောင်းများကိုလည်း ပိတ်ထားခဲ့ရ သည်။ စာသင်ကျောင်းများကို မတ်လ ရောက်မှ ပြန်ဖွင့်ခွင့် ပေးခဲ့သည်။ သို့သော်လည်း ကူးစက်မှု အခြေအနေများကြောင့် ယခုလအတွင်း ကျောင်းများ ပြန်ပိတ်လိုက်ရပြန်သည်။ အစိုးရသည် နောက်ထပ် တင်းကျပ်မှုများကို မေ ၁၂ ရက်တွင်ကြေညာခဲ့သည်။ ခရိုင်အချင်းချင်း ခရီးသွားလာမှုကို ပိတ်ပင်ခဲ့ပြီး စီးပွားရေးလုပ်ငန်းများ လည်ပတ်သည့် အချိန်ကိုလည်း လျှော့ချခဲ့သည်။ ထို့ပြင် ကုမ္ပဏီများကိုလည်း နေအိမ်မှသာ အလုပ်လုပ်ရန် မူဝါဒကို ကျင့်သုံးရန် ဖိအားပေးခဲ့ပြီး နောက်ထပ်ကန့်သတ်မှုများကိုလည်း ပြုလုပ်ခဲ့သည်။ ကူးစက်မှု အများစုမှာ လုပ်ငန်းခွင် နေရာများမှ ဖြစ်နေသည်။

 

ငွေကြေးများဆုံးရှုံးခဲ့ရ

 

ကျန်းမာရေးဝန်ကြီးဌာန၏ ပြောကြားချက်အရ ၂၆ ရက်က တွေ့ရှိခဲ့သည့် ကူးစက်ခံရသူ ၅၉၃ ဦးကို ဖယ်လိုက်လျှင် ၃၉ ရာခိုင်နှုန်းမှာ လုပ်ငန်းခွင်နေရာမှ ဖြစ်ကြသည်။ လုပ်ငန်းခွင်အတွင်း ကူးစက်ခံရသူ ၁၇၀၀၀ နီးပါးရှိနေသည်။ ယင်းနေ့တွင် စုစုပေါင်း ကူးစက်ခံရသူလူဦးရေ၏ လေးပုံပုံလျှင် တစ်ပုံရှိသည်။ တစ်နိုင်ငံလုံး အနှံ့အသွားအလာ ပိတ်ဆို့ကန့်သတ်မှုမှာ တိုင်းပြည်၏ စီးပွားရေးကို ထိခိုက်စေလိမ့်မည်ဟုလည်း အစိုးရက ပြောသည်။ ပြီးခဲ့သည့်နှစ် မတ်လအတွင်းကလည်း တစ်နိုင်ငံလုံး အနှံ့အသွားအလာ ပိတ်ဆို့ကန့်သတ်မှု ပြုလုပ်ခဲ့သည်။ ယင်းကာလအတွင်း ဘီလီယံနှင့်ချီသည့် ငွေကြေးများ ဆုံးရှုံးခဲ့ရပြီး လူအများအပြား အလုပ်လက်မဲ့ ဖြစ်ခဲ့ရသည်။ နှစ်လတာ အသွားအလာ ပိတ်ဆို့ကန့်သတ်မှုအတွင်း ယင်းသို့ ဆုံးရှုံးနစ်နာမှုများနှင့် ကြုံတွေ့ခဲ့ရခြင်း ဖြစ်သည်။

 

အဆိုးရွားဆုံးအချိန်များမှာ မကုန်ဆုံးနိုင်သေး

 

အသွားအလာပိတ်ဆို့ ကန့်သတ်ရန် မလေးရှားဝန်ကြီးချုပ် ကြေညာချက်ထွက်မလာမီ ဘဏ္ဍာရေး ဝန်ကြီး၏ ပြောကြားချက်အရ ယခုနှစ် အတွင်း မလေးရှားနိုင်ငံ၏ စီးပွားရေးမှာ ၆ ဒသမ ၀ မှ ၇ ဒသမ ၅ ရာခိုင်နှုန်းအထိ တိုးတက်လာနိုင်သည်ဟု သိရသည်။ အဆိုးရွားဆုံး အချိန်များမှာ မကုန်ဆုံးနိုင် သေးဟု နော်ဟီရှိန်းမ် အဗ္ဗဒူလာက ပြောသည်။ နေ့စဉ်ကူးစက်မှုများမှာ စံချိန်တင်များပြားနေဆဲဖြစ်ပြီး ကူးစက်ခံရသူများအနက် ၈၀ ရာခိုင်နှုန်းမှာ ရောဂါရာဇဝင်နောက်ကြောင်း လိုက်မရ ဖြစ်နေသည်။ မည်သည့်နေရာမှ ကူးစက်လာသည်ကိုလည်း မသိရချေဟု ကျန်းမာရေးဝန်ထမ်းတစ်ဦးက ယခုလအစောပိုင်းတွင် ပြောသည်။ မလေးရှားနိုင်ငံသည် ပြင်းထန်သည့် ကူးစက်မှုများနှင့် ရင်ဆိုင် တွေ့ကြုံရပြီ ဖြစ်သည်။

 

အိမ်မှာနေခြင်းဖြင့်ကူညီပါ

 

ဗီဇပြောင်း ကိုဗစ်-၁၉ ကူးစက်မှုများကိုလည်း တွေ့ရှိရသည်။ တောင်အာဖရိကတွင် တွေ့ရှိရသည့် ဗီဇပြောင်း  ကိုဗစ် -၁၉ ဗိုင်းရပ်စ်နှင့် အိန္ဒိယတွင်တွေ့ရှိရသည့် ဗီဇပြောင်း ကိုဗစ် -၁၉ တို့ကိုပါ မလေးရှားနိုင်ငံတွင် ကူးစက်လာသည်ကို တွေ့ရသည်။ ဧပြီလ ၁ ရက်မှစတင်ကာ ကူးစက်မှုများ များပြားလာခြင်းဖြစ်သည်။ ပြည်သူများအားလုံး အဆိုးဆုံး အခြေအနေအတွက် ပြင်ဆင်ရန်လိုအပ်ပြီး အိမ်မှာနေခြင်းဖြင့် ကျန်းမာရေးဝန်ထမ်းများကို ကူညီကြပါ။ ပြည်သူများအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းဖြင့် ကိုဗစ် -၁၉ ကူးစက်မှု သံသရာကို ချိုးဖျက်နိုင်သည်ဟု နော်ဟီရှိန်းမ် အဗ္ဗဒူလာက ၎င်း၏တွစ်တာစာမျက်နှာတွင် ရေးသားခဲ့သည်။

 

ဗီယက်နမ်နိုင်ငံတွင်လည်းကန့်သတ်မှုများပြုလုပ်

 

ဗီယက်နမ်နိုင်ငံတွင်လည်း ကိုဗစ်၁၉ကူးစက်မှုများကို ထိန်းချုပ်နိုင်ရန် ရည်ရွယ်၍ မေ ၃၁ ရက်မှစတင်ကာ ဟိုချီမင်းမြို့တွင် လူအချင်းချင်း ခပ်ခွာခွာနေမည့် ကန့်သတ်ချက်ကို ၁၅ ရက်ကြာ ပြုလုပ်သွားမည်ဟု ဗီယမ်နမ်အစိုးရက မေ ၃၀ ရက်တွင် ကြေညာခဲ့သည်။ ဟိုချီမင်းမြို့တွင် ကူးစက်မှုများ များနေသည့်အတွက် ယခုလိုလုပ်ဆောင်ရခြင်းဖြစ်သည်ဟု အစိုးရထုတ်ပြန် ကြေညာချက်အရ သိရသည်။ ။

 

ကိုးကား- ကျိုဒို