ကိုဗစ်- ၁၉ နှင့်အတူ သဘာဝဘေးကိုသတိပြု

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော စူပါဆိုင်ကလုန်းမုန်တိုင်း အမ်ဖန်သည် မေလ ၁၈ ရက်နေ့ညတွင် လေတိုက်နှုန်း တစ်နာရီလျှင် မိုင် ၁၄၀ ကျော်ဖြင့် အလွန့်အလွန်အားကောင်းသော မုန်တိုင်းကြီး အဖြစ် ရောက်ရှိခဲ့သည်။ လက်ရှိအခြေအနေတွင် အဖျက်စွမ်းအားကြီးမားသော စူပါဆိုင်ကလုန်းမုန်တိုင်း အမ်ဖန်သည် မြန်မာနိုင်ငံသို့ ဦးတည်ခြင်း မရှိသော်လည်း မုန်တိုင်းအရှိန်ကြောင့် မေလ ၁၈ ရက်နေ့မှ ၂၁ ရက်နေ့အတွင်း မြန်မာနိုင်ငံတစ်ဝန်း အချို့နေရာများတွင် လေပြင်းများ တိုက်ခတ်ပြီး အချို့ဒေသများတွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာလျက်ရှိ နေသည်။ မေလ ၁၈ ရက်နေ့ တစ်ရက်တည်းတွင် မော်လိုက်မြို့၊ ငဖဲမြို့၊ နတ်တလင်းမြို့ပတ်ဝန်းကျင်တို့၌ အင်အားအနည်းငယ်ရှိ ငလျင်သုံးကြိမ်လှုပ်ရှားသွားသည်။

 

အဖျက်စွမ်းအားကြီးမားသော စူပါမုန်တိုင်းသည် မြန်မာနိုင်ငံသို့ ဦးတည်တိုက်ခတ်ခြင်းမရှိသော်လည်း မုန်တိုင်း၏အရှိန်ကြောင့် ဖြစ်ပေါ်လာနိုင်သည့် လှိုင်းကြီးလေထန်မှု၊ ရေကြီးရေလျှံမှု၊ တောင်ကျရေကျဆင်းမှု၊ -မြေပြို၊ တောင်ပြိုမှုများကို အထူးသတိထားရမည် ဖြစ်သည်။ ကြောက်မက် ဖွယ်ကောင်းသော ကိုဗစ်-၁၉ ရောဂါကြောင့် လက်ရှိတွင် မြန်မာနိုင်ငံ၌ ရောဂါအခံရှိသူ ခြောက်ဦးသာ သေဆုံးခဲ့ရပြီး ယခုသဘာဝဘေးကြောင့် လူအများအပြား သေဆုံးဒဏ်ရာရမှုများမဖြစ်အောင် ကြိုတင်ပြင်ဆင် သတိပြုရမည် ဖြစ်သည်။

 

၂၀၁၀ ပြည့်နှစ်က ဂီရိမုန်တိုင်းဒဏ်ကြောင့် ရခိုင်ပြည်နယ်တွင် ရေကြီး၊ မြေပြို ဖြစ်ပေါ်ခဲ့၍ ပြည်သူ ၃၅ ဦး သေဆုံးပြီး ၁၀ ဦး ပျောက်ဆုံးခဲ့သည်။ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် လေပြင်း တိုက်ခတ်မှုနှင့် ချောင်းရေတွင်းမျောပါမှုကြောင့် သေဆုံးသူ ကိုးဦးနှင့် ပျောက်ဆုံးသူ သုံးဦး ရှိခဲ့သည်။ ၂၀၁၁ ခုနှစ်တွင် တိုက်ခတ်ခဲ့သည့် အိုတူးဘီ မုန်တိုင်းအရှိန်ကြောင့် မကွေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီးတို့တွင် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ယောချောင်း၊ ရွှေချောင်းနှင့် အခြားသဲချောင်းများ၌ ချောင်းရေများ အဆမတန်ကျဆင်းခဲ့ရာ နံနက် မိုးမလင်းမီ လျှပ်တစ်ပြက်ရေကြီးမှု ရုတ်တရက်ဖြစ်ပေါ်လာသဖြင့် သေဆုံး သူ ၄၆ ဦး၊ ပျောက်ဆုံးသူ ၁၁၅ ဦးရှိပြီး လူအသေအပျောက် များပြားခဲ့သည်။ မုန်တိုင်းမဟုတ်သော်လည်း ၂၀၁၈ ခုနှစ် ရေဘေးကာလတွင် မွန်ပြည်နယ် ပေါင်မြို့နယ်၌ မလတ်တောင်ပြိုကျမှုကြောင့် လူ ၇၃ ဦး သေဆုံးပြီး ၆၃ ဦး ဒဏ်ရာရရှိခဲ့သည်။

 

အဆိုပါဖြစ်စဉ်များသည် ရေကြီးရေလျှံမှုကြောင့် ဖြစ်ပေါ်လာသည့် သင်ခန်းစာယူဖွယ် သဘာဝဘေးထိခိုက်ဆုံးရှုံးမှု ဖြစ်စဉ်များဖြစ်သည်။ ယင်းဖြစ်စဉ်များကို သင်ခန်းစာယူ၍ ယခုလက်ရှိဖြစ်ပေါ်နေသည့် အမ်ဖန် စူပါဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် ရိုက်ခတ်မှုဖြစ်လာမည့် လှိုင်းကြီးလေထန်၊ မိုးကြီးသည်းထန်၊ ရေကြီးရေလျှံဖြစ်စဉ်များကို သတိထားရမည်ဖြစ်သည်။ မုန်တိုင်းနှင့် ဆက်စပ်ဖြစ်ပေါ်လာတတ်သည့် မိုးသည်း ထန်စွာရွာသွန်းခြင်း၊ မြေပြိုခြင်း၊ တောင်ကျချောင်းများတွင် ရေများ ရုတ်တရက်ကျဆင်းခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းများ ဖြစ်ပေါ်တတ်သောကြောင့် ကမ်းရိုးတန်းဒေသများသာမက ကုန်းတွင်းပိုင်းဒေသနေ ပြည်သူများအနေဖြင့် သဘာဝဘေးအန္တရာယ်ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ အကြံပြုထားသည့်အတိုင်း ကြိုတင်ပြင်ဆင်သတိပြု နေထိုင်ကြရန် လိုအပ်ပါသည်။

 

သို့ဖြစ်ရာ ယခုလက်ရှိတွင်ဖြစ်ပေါ်နေသော ကိုဗစ်-၁၉ ကပ်ရောဂါ ဘေးအန္တရာယ်သည် လူအသေအပျောက် ထိခိုက်မှုနည်းသော်လည်း ရေရှည်ကျော်လွှားရမည့် ရောဂါဘေးအန္တရာယ်ဖြစ်၍ သတိပြုလိုက်နာဆောင်ရွက်ကြပြီး လတ်တလောရင်ဆိုင်ကျော်လွှားရမည့် သဘာဝဘေး အန္တရာယ်အမျိုးမျိုးတို့ကိုလည်း ပြည်သူများအနေဖြင့် မပြတ်သောသတိဖြင့် စောင့်ကြည့်လေ့လာ၍ ကြိုတင်ပြင်ဆင်ထားကြဖို့ လိုအပ်မည်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။ ။

 

ကြေးမုံ