ကိုဗစ်-၁၉ ရောဂါ စုပေါင်းလက်တွဲကျော်လွှား

mdn

နေပြည်တော် ၂ ဇူလိုင်

ယခုအခါတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမှာ ကမ္ဘာနှင့်တစ်ဝန်း မြင့်မား လာနေပြီး မြန်မာနိုင်ငံတွင်လည်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုသည် တစ်နေ့ထက် တစ်နေ့ တိုးတက်ဖြစ်ပေါ်နေရာ ရောဂါကူးစက်ပြန့်ပွားမှုရှိနေသည်ကို သတိပြု ရမည်ဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမြင့်မားနေသော မြို့နယ်များ အား နေအိမ်တွင်နေထိုင်ရေး (Stay at Home) အစီအစဉ်များကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော အမိန့်၊ ညွှန်ကြားချက်၊ လုပ်ငန်းစဉ် များနှင့်အညီ ပြည်သူများအနေဖြင့် အတိအကျလိုက်နာဆောင်ရွက်ကြရန် လိုအပ်ပေသည်။

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမှာ နေ့စဉ် လူဦးရေ တစ်ထောင်ကျော်မျှနှင့် သေဆုံးသူဆယ်ဦးနှင့်အထက်ရှိနေသဖြင့် ရောဂါကူးစက်မှုလျှော့ချနိုင်ရေးအတွက် နိုင်ငံတော်က ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေး ပေါ်တုံ့ပြန်ရေးကော်မတီနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနတို့ ပူးပေါင်း လက်တွဲပြီး ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကို ဦးစားပေးဆောင်ရွက်လျက် ရှိသည်။ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကာကွယ်ရေးအတွက် ဆောင်ရွက်ရာတွင် ပြည်သူတစ်ဦးချင်းအနေဖြင့် ကြိုတင်ကာကွယ်ရေးသည် အဓိကအကျဆုံး အချက် ဖြစ်၍ ယင်းကို လူတိုင်းလူတိုင်း လိုက်နာဆောင်ရွက်နိုင်ရန် ဝိုင်းဝန်းပူးပေါင်း လက်တွဲဆောင်ရွက်ကြရမည် ဖြစ်သည်။ 

ယခုအခါ ကျောင်းသား ကျောင်းသူများ ပညာသင်ကြားရေးအတွက် စာသင် ကျောင်းများဖွင့်လှစ်ခြင်း၊ ခရီးသွားလုပ်ငန်းများနှင့်ပတ်သက်၍ သွားလာမှု လွယ်ကူချောမွေ့စေရေးတို့ကို ဖြေလျှော့ဆောင်ရွက်ပေးခြင်းတို့ကို ပြုလုပ်ပေးလျက် ရှိခြင်းနှင့် စေတီပုထိုးများနှင့် အခြားဘာသာရေးဆိုင်ရာနေရာများအား ပြန်လည် ဖွင့်လှစ်ပေးထားလျက်ရှိသည်။ ကမ္ဘာ့နိုင်ငံများနှင့် အိမ်နီးချင်းနိုင်ငံများတွင် ကိုဗစ်-၁၉ ရောဂါ မျိုးဗီဇသစ်ပျံ့နှံ့ကူးစက်နေပြီး မြန်မာနိုင်ငံအတွင်း၌လည်း ဗီဇပြောင်းမျိုးစိတ်သစ် စတင်ဖြစ်ပေါ်နေသဖြင့် ကြုံတွေ့နေရသော အခြေအနေအမျိုး မျိုးတို့ကို မဖြစ်မနေ ကျော်လွှားဆောင်ရွက်ကြရမည်ဖြစ်သည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့် ဖြစ်ပေါ်နေသည်များအား အမြန်ဆုံး လျှော့ချနိုင်ရေးကို လူတစ်ဦးချင်းအနေဖြင့် လိုက်နာဆောင်ရွက်ကြရန်လိုအပ်ပြီး ကာကွယ်ဆေးထိုးနှံခြင်းများကိုလည်း စဉ်ဆက်မပြတ်ဆောင်ရွက်ပေးသွားရမည် ဖြစ်သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ ရုရှားနိုင်ငံသို့ သွားရောက်ခဲ့ သည့် ခရီးစဉ်အတွင်း ရောဂါကာကွယ်ဆေးများဝယ်ယူရန် သဘောတူညီမှုရရှိခဲ့ပြီး ရောဂါစစ်ဆေးရန် ခေတ်မီစက်များကိုလည်း ဝယ်ယူရန် သဘောတူညီမှုရခဲ့သည်။ PRC ရောဂါစစ်ဆေးရေးစက်တစ်လုံးသည် တစ်ကြိမ်လျှင် လူဦးရေ ၁၄၀ ခန့်အား တစ်နာရီခွဲအချိန်အတွင်း စစ်ဆေးနိုင်သည်။ အလားတူပင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ကာကွယ်ဆေးများ ဝယ်ယူရရှိနိုင်ရေးဆောင်ရွက်ပေးလျက်ရှိပြီး ယခင်အိန္ဒိယနိုင်ငံမှ ဝယ်ယူရရှိထား သော ကာကွယ်ဆေးများလည်းရှိသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထပ်မံမရရှိသေးသည့်ကာလအတွင်း ရောဂါပိုးတွေ့ရှိမှုနှုန်းမှာ ၁၅ ရာခိုင်နှုန်းအထက်ရှိသည်။ ကူးစက်မြန်သည့် ဗိုင်းရပ်စ်ပိုးမျိုးစိတ်သစ် တွေ့ရှိမှုနှုန်း မြင့်တက်လာနိုင်သည်။ ရောဂါပိုးကူးစက်ခံရသူ များအား ပြည်သူ့ဆေးရုံများ၌ ကုသပေးလျက်ရှိသော်လည်း ယခုထက် ရောဂါ ဖြစ်ပွားမှု မြင့်တက်လာပါက စောင့်ကြည့်စစ်ဆေးကုသပေးရေးစင်တာများ ထပ်မံ၍ လုံလောက်စွာထားရှိနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။ - လူတစ်ဦးချင်း ရောဂါကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အဓိကဦးစားပေးအနေဖြင့် ကျောင်းသား ကျောင်းသူများ ကူးစက်မှုမဖြစ်စေရေး အတွက် လိုအပ်သည့် Face Mask လုံလောက်စွာ အဆက်မပြတ်ဝေငှနိုင်ရေး၊ စာသင်ခန်းများသို့ ဝင်၊ ထွက်ရာတွင် လက်ဆေးနိုင်ရေး၊ ဆပ်ပြာ၊ သုံးရေ ရရှိရေးအတွက် နိစ္စဓူဝ ကြပ်ကြပ်မတ်မတ် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး လိုအပ်သည်။ အလားတူ ပြည်သူအများစု သွားလာလှုပ်ရှားလျက်ရှိသည့် ဈေးများ၊ စက်ရုံအလုပ်ရုံနှင့် ရုံးဌာနများအတွက်လည်း အကာအကွယ်များ ဝေငှနိုင်ရေး ကမ်ပိန်းများ ဆောင်ရွက်ပေးရန်လိုအပ်သည်။ လူတစ်ဦးချင်းအလိုက် အကာ အကွယ်များ တပ်ဆင်နိုင်ရေးအတွက် ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ်အလိုက် အကာအကွယ်ကမ်ပိန်းများ မြှင့်တင်ဆောင်ရွက်ကြရ မည်ဖြစ်သည်။

သို့ဖြစ်ရာ ပြည်သူများ ကူးစက်ရောဂါကာကွယ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့တပ်မတော်ကျန်းမာရေး ဘက်ကလည်း လိုအပ်သည်များကို ဆောင်ရွက်ပေးလျက်ရှိရာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ဝိုင်းဝန်းလက်တွဲဆောင်ရွက်ကြရန်နှင့် ပြည်သူများ အားလုံး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားသော ကျန်းမာရေးဆိုင်ရာ လိုက်နာရမည့် အမိန့်၊ ညွှန်ကြားချက်၊ စည်းကမ်းဥပဒေများကို အထူးအလေးထား လိုက်နာဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါကြောင်း။ ။

ကြေးမုံ