ကိုဗစ် - ၁၉ ရောဂါကြောင့် တိုကျိုအိုလံပစ်ပြိုင်ပွဲ သတ်မှတ်ချိန်အတွင်း ကျင်းပနိုင်ပါ့မလား

mdn

ကိုဗစ်-၁၉ ရောဂါကြောင့် တိုကျိုအိုလံပစ်ပြိုင်ပွဲ သတ်မှတ်ချိန်အတွင်း ကျင်းပနိုင်ပါ့မလား

======================================================

အလင်းသစ်

တိုကျိုအိုလံပစ်အားကစားပြိုင်ပွဲနဲ့ မသန်စွမ်းအားကစားပြိုင်ပွဲတွေကို ၂၀၂၀ ပြည့်နှစ်အတွင်းက ကျင်းပဖို့ စီစဉ်ထားခဲ့ပေမယ့် ကိုဗစ်-၁၉ ရောဂါကြောင့် ရွှေ့ဆိုင်းခဲ့ရပြီး အဲဒီအားကစား ပြိုင်ပွဲတွေကို ယခုနှစ် ဇူလိုင်လနဲ့ ဩဂုတ်လတို့မှာ ပြန်လည်စတင်နိုင်ဖို့ စီစဉ်နေတာဖြစ်ပါတယ်။

အိုလံပစ်ပြိုင်ပွဲ တာဝန်ရှိသူတွေက အဲဒီ အားကစားပြိုင်ပွဲတွေကို ကျင်းပသွားမယ်လို့ အခိုင်အမာ ပြောကြားထားစဉ်မှာပဲ မြို့တော် တိုကျိုမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုတွေ မြင့်တက်လာတာကြောင့် တာဝန်ရှိသူတွေ အနေနဲ့ အိုလံပစ်ပြိုင်ပွဲနဲ့ မသန်စွမ်း အားကစားပြိုင်ပွဲတွေကို ကျင်းပနိုင်ပါ့မလား ဒါမှမဟုတ် ကျင်းပသင့်သလားဆိုတဲ့ မေးခွန်း တွေ ထွက်ပေါ်လျက်ရှိနေတာဖြစ်ပါတယ်။

ကိုဗစ်-၁၉ ရောဂါ မဖြစ်ပွားခင်က ပြိုင်ပွဲ ကျင်းပရေး စီစဉ်သူတွေအနေနဲ့ အိုလံပစ် အားကစားပြိုင်ပွဲအတွက် လက်မှတ်ပေါင်း သန်းချီကို ရောင်းချခဲ့ပြီး မြို့တော်တိုကျို အနေနဲ့လည်း ကမ္ဘာ့နိုင်ငံအသီးသီးက လာရောက်ကြမယ့် ပွဲကြည့်ပရိသတ်တွေကို ကြိုဆိုဖို့အသင့်အနေအထားမှာ ရှိနေခဲ့တာ ဖြစ်ပါတယ်။

အိုလံပစ်ပြိုင်ပွဲ ကျင်းပရေးကော်မတီ အကြီးအကဲ မိုရီယိုရှီရိုကလည်း အိုလံပစ် အားကစားပြိုင်ပွဲနဲ့ မသန်စွမ်းအားကစား ပြိုင်ပွဲတွေကို ယခုနှစ် နွေရာသီကာလမှာ ကျင်းပသွားမယ်လို့ ဇန်နဝါရီ ၁၂ ရက်မှာ ကတိပြု ပြောကြားခဲ့ပါတယ်။

ဝင်ရောက်ခွင့်တားမြစ်ထား

ဒါပေမယ့် ဂျပန်နိုင်ငံမှာ ပြီးခဲ့တဲ့ လကတည်းက ကိုဗစ်-၁၉ ရောဂါ ကူးစက် ခံရသူအရေအတွက် မြင့်တက်လာတဲ့အပြင် အိုလံပစ်ပြိုင်ပွဲကို ကျင်းပမယ်လို့ မိုရီယိုရှီရို က ကတိကဝတ်ပြုခဲ့ချိန်မှာ မြို့တော် တိုကျိုဟာ အရေးပေါ်အခြေအနေကြေညာချက်အောက်ကို ရောက်ရှိနေခဲ့တာဖြစ်ပါ တယ်။ ဒါ့ပြင် ဂျပန်နိုင်ငံအစိုးရက ချမှတ်ခဲ့တဲ့ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ စည်းကမ်းချက်တွေ ထဲကတစ်ခုကတော့ ပြည်ပနိုင်ငံသား အားလုံးကို ဂျပန်နိုင်ငံအတွင်းသို့ ဝင်ရောက် ခွင့်တားမြစ်ထားခြင်းပဲဖြစ်ပါတယ်။

ဂျပန်နိုင်ငံအနေနဲ့ တိုကျိုအိုလံပစ်ပြိုင်ပွဲ ကို ယခုနှစ် ဇူလိုင် ၂၃ ရက်ကနေ ဩဂုတ် ၈ ရက်အထိလည်းကောင်း၊ မသန်စွမ်း အားကစားပြိုင်ပွဲကို ဩဂုတ် ၂၄ ရက်ကနေ စက်တင်ဘာ ၅ ရက်အထိ လည်းကောင်း ပြောင်းလဲကျင်းပဖို့ စီစဉ်ခဲ့တာဖြစ်ပါတယ်။

ဂျပန်ဝန်ကြီးချုပ် ဆူဂါကလည်း အိုလံပစ်အားကစားပြိုင်ပွဲနဲ့ ပတ်သက်ပြီး ပြည်သူလူထုအကြား ကန့်ကွက်မှုတချို့ ရှိနေပေမယ့် အစီအစဉ်တွေကို ဆက်လက် အကောင်အထည်ဖော်သွားမယ်လို့ ကတိပြုခဲ့ ပါတယ်။ မကြာသေးမီက ကျိုဒိုသတင်းဌာနက လူထုသဘောထား စစ်တမ်းကောက်ယူခဲ့ရာ မှာတော့ ဂျပန်နိုင်ငံသား ၈၀ ရာခိုင်နှုန်းက အားကစားပြိုင်ပွဲကို ဖျက်သိမ်း ဒါမှမဟုတ် ရွှေ့ဆိုင်းဖို့ ဆန္ဒရှိနေကြတယ်လို့ ဆိုပါတယ်။

ထောက်ခံမှုအနည်းငယ်သာရှိ

ဒါ့ပြင် ယခုလအစောပိုင်းမှာ ဂျပန်သတင်း ဌာနတစ်ခုဖြစ်တဲ့ အင်န်အိတ်ချ်ကေက ဦးဆောင် ပြုလုပ်ခဲ့တဲ့ လူထုသဘောထားစစ်တမ်း ကောက်ယူမှုမှာလည်း တိုကျိုအိုလံပစ် အားကစားပြိုင်ပွဲနဲ့ မသန်စွမ်းအားကစားပြိုင်ပွဲ တွေကို ကျင်းပသွားဖို့အတွက် ထောက်ခံမှု အနည်းငယ်သာရှိခဲ့တယ်လို့ ဆိုပါတယ်။ သဘောထားစစ်တမ်းကို ဖြေကြားခဲ့သူတွေထဲ က ၁၆ ရာခိုင်နှုန်းကသာ ပြိုင်ပွဲကျင်းပဖို့ အတွက် ထောက်ခံခဲ့ကြပြီး ၈၀ ရာခိုင်နှုန်းနီးပါး ကတော့ အိုလံပစ်အားကစားပြိုင်ပွဲနဲ့ မသန်စွမ်း အားကစားပြိုင်ပွဲတွေကို ဖျက်သိမ်း ဒါမှမဟုတ် နောက်ထပ်တစ်ဖန် ရွှေ့ဆိုင်းသင့်တယ်လို့ ဆိုပါတယ်။

ပြည်သူ့ကျန်းမာရေးဌာနရဲ့ ကျွမ်းကျင် ပညာရှင်တစ်ဦးလည်းဖြစ်၊ အပြည်ပြည် ဆိုင်ရာကျန်းမာရေးနှင့် လူမှုဘဝဖူလုံရေး တက္ကသိုလ်ရဲ့ ပါမောက္ခတစ်ဦးလည်းဖြစ်သူ ဝါဒါကိုဂျီကတော့ ဂျပန်နိုင်ငံအနေနဲ့ အိုလံပစ် ပြိုင်ပွဲနဲ့ မသန်စွမ်းအားကစားပြိုင်ပွဲကို ကျင်းပ သွားဖို့ အလားအလာရှိတယ်လို့ သူ့ရဲ့ယုံကြည် ချက်ကို ပြောကြားခဲ့ပါတယ်။ ဒါ့ပြင် မြို့တော် တိုကျိုဟာလည်း လာမည့်တစ်လ ဒါမှမဟုတ် နှစ်လအတွင်းမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ထိန်းချုပ်နိုင်မယ့်အနေအထားကို ရောက်ရှိ လာဖွယ်ရှိတယ်လို့လည်း ဝါဒါကိုဂျီက ဆိုပါ တယ်။

ဒါပေမယ့် အားကစားပြိုင်ပွဲတစ်ခုမှာ

ကိုယ်ခန္ဓာချင်းထိတွေ့မှု အကြိမ်ရေအပေါ် မူတည်ပြီး ဖြစ်ပေါ်လာနိုင်တဲ့ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုအန္တရာယ်ကို ပြိုင်ပွဲစီစဉ်သူတွေ အနေနဲ့ ထည့်သွင်းစဉ်းစားဖို့ လိုလိမ့်မယ်လို့ လည်း ဝါဒါကိုဂျီက ပြောကြားခဲ့ပါတယ်။

ဂေါက်သီးရိုက်အားကစားနဲ့ တင်းနစ် အားကစားလိုမျိုး အားကစားပြိုင်ပွဲတွေကို အခက်အခဲမရှိဘဲ ကျင်းပနိုင်ဖို့ ရှိပေမယ့်လည်း နပန်းအားကစား ဒါမှမဟုတ် ဂျူဒိုအားကစား လိုမျိုး ကိုယ်ခန္ဓာချင်း ထိတွေ့မှုများတဲ့ အားကစားပြိုင်ပွဲတွေမှာတော့ ကူးစက်မှု အန္တရာယ်မြင့်မားစွာ ဖြစ်ပေါ်လာနိုင်တယ်လို့ ဝါဒါကိုဂျီက ပြောကြားခဲ့ပါတယ်။

ဒါကြောင့် ဂျပန်နိုင်ငံအနေနဲ့ ပွဲကြည့် ပရိသတ်တွေကို ဖိတ်ကြားနိုင်မလားဆိုတာ ကလည်း စိန်ခေါ်မှုအများအပြားတွေထဲက တစ်ခုဖြစ်တယ်လို့ အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီဥက္ကဋ္ဌ သောမက်ဘတ်ချ်က ပြောကြားခဲ့ပါတယ်။

ဂျပန်နိုင်ငံရဲ့ စီးပွားရေးလုပ်ငန်းဦးဆောင် သူတွေကတော့ ပွဲကြည့်ပရိသတ်တွေကို ဖိတ်ကြားပေးဖို့ ဆန္ဒရှိနေတာဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်အတွင်းက ဂျပန်နိုင်ငံကို လာရောက်တဲ့ ခရီးသွားအရေအတွက်ဟာ ပထမဆုံးအကြိမ် သန်း ၃၀ အထိရှိခဲ့ပါတယ်။ အဲဒါဟာ ၂၀၁၉ ခုနှစ်အတွင်းက ဂျပန်ခရီးသွား အေဂျင်စီက စစ်တမ်းကောက်ယူထားတာ ဖြစ်ပြီး အဲဒီခရီးသွားတွေဟာ အမေရိကန် ဒေါ်လာ ၄၀ ဘီလီယံနီးပါး သို့မဟုတ် ဂျပန် ယန်း ၄ ထရီလီယံကျော် သုံးစွဲခဲ့တာကြောင့် ဂျပန်နိုင်ငံတစ်ဝန်းမှာရှိတဲ့ စီးပွားရေးလုပ်ငန်း တွေကို ပိုမိုအကျိုးဖြစ်ထွန်းစေခဲ့တယ်လို့ ဆိုပါတယ်။

မဲလ်ဘုန်းမြို့မှာ နေထိုင်တဲ့ ကီလာဂါနာ ဆိုတဲ့ အမျိုးသမီးတစ်ဦးဟာ ဂျပန်နိုင်ငံမှာ ကျင်းပမယ့် တိုကျိုအိုလံပစ်ပြိုင်ပွဲကို လာရောက်ကြည့်ရှုဖို့ လက်မှတ်ဝယ်ယူထား သူတွေထဲက တစ်ဦးဖြစ်ပြီး ကီလာဂါနာနဲ့ သူ့ရဲ့ မိတ်ဆွေတို့ဟာ ပြိုင်ပွဲစုံကြည့်ရှုဖို့ လက်မှတ်ဝယ်ယူမှုအတွက် အမေရိကန် ဒေါ်လာ ၃၀၀ အကုန်အကျခံ သုံးစွဲထားတာ ဖြစ်ပါတယ်။

ကြုံတောင့်ကြုံခဲ ခရီးစဉ်

ဒါပေမယ့် သူတို့အနေနဲ့ တိုကျိုအိုလံပစ် ပြိုင်ပွဲနဲ့ မသန်စွမ်းအားကစားပြိုင်ပွဲကို သွားရောက်နိုင်ပါ့မလားဆိုတာနဲ့ ပတ်သက်ပြီး ဆန်းစစ်လျက်ရှိပါတယ်။ ဂျပန်နိုင်ငံကို သွားရောက်မယ့်ခရီးစဉ်ဟာ ကြုံတောင့်ကြုံခဲ ခရီးစဉ်ဖြစ်တာကြောင့် ဘေးကင်းလုံခြုံမှု အပြည့်အဝရှိခဲ့မယ်ဆိုရင်တော့ သွားချင်ပါ တယ်လို့လည်း ကီလာဂါဒါက ပြောကြားခဲ့ ပါတယ်။

ပြိုင်ပွဲစီစဉ်သူတွေအနေနဲ့ ပြီးခဲ့တဲ့လ အတွင်းက ကိုဗစ်-၁၉ ရောဂါနဲ့ပတ်သက်ပြီး စည်းကမ်းချက်တွေထဲက ယာယီအစီအစဉ် တစ်ခုကို ထုတ်ဖော်ပြောကြားခဲ့ပါသေး တယ်။ အဲဒါကတော့ တင်းကျပ်တဲ့ စမ်းသပ် စစ်ဆေးမှုတွေအပါအဝင် နိုင်ငံခြားသား တွေအတွက် လက်ရှိဆောင်ရွက်နေတဲ့ ၁၄ ရက်ကြာ သီးသန့်ခွဲခြားစောင့်ကြည့်မှု ခံယူရတဲ့ကာလကို အခြားနည်းလမ်း အသုံးပြုဖို့ ပြိုင်ပွဲကျင်းပရေးအာဏာပိုင်တွေ က စဉ်းစားသုံးသပ်နေတာပဲဖြစ်ပါတယ်။

သက်သေပြနေ

နိုင်ငံအတွင်း ဗိုင်းရပ်စ်ကူးစက်မှု လျော့ကျခဲ့မယ်ဆိုရင်တောင် ဂျပန်နိုင်ငံ အနေနဲ့ ခရီးသည်တွေရဲ့ ရောဂါကူးစက် နိုင်မယ့်အခြေအနေတွေကို စောင့်ကြည့်ဖို့ အတွက် အကျိုးရှိထိရောက်တဲ့စနစ်တစ်ခုလိုအပ်နေဆဲ ဖြစ်လိမ့်မယ်လို့လည်း ဝါဒါကိုဂျီက ပြောကြားခဲ့ပါတယ်။ ပြိုင်ပွဲစီစဉ် တဲ့သူတွေကတော့ နွေဦးရာသီမတိုင်မီမှာ ပွဲကြည့်ပရိသတ်တွေအတွက် အစီအစဉ် သစ်တစ်ခုကို ထုတ်ပြန်သွားမယ်လို့ ဆိုပါ တယ်။ ဒါပေမယ့် ဗိုင်းရပ်စ် ကူးစက်ခံရသူ အရေအတွက် မြင့်တက်လာခြင်းနဲ့ ပြိုင်ပွဲ ကျင်းပရေးထောက်ခံတဲ့ ပရိသတ်လျော့ကျ လာခြင်းတို့က ပြိုင်ပွဲကျင်းပရေးဆိုင်ရာ အခက်အခဲတွေကို မကျော်လွှားနိုင်ဘူးဆိုတာ ကို သက်သေပြနေတာလည်း ဖြစ်ပါတယ်။

ကိုးကား-အင်န်အိတ်ချ်ကေ၊ ဘီဘီစီ

1