ကိုဗစ်- ၁၉ ရောဂါနှင့် အိမ်မွေးကြောင်များ

 

ဒေါက်တာခင်စန်းမော်

ကိုဗစ်-၁၉ ကပ်ရောဂါကြီးနှင့်ပတ်သက်ပြီး လတ်တလောသတင်းဦး၊ သတင်းထူးများကို အချိန်နှင့်တစ်ပြေးညီ သိရှိခွင့်ရကြသောကြောင့် ယခုအချိန်ထိ ကမ္ဘာပေါ်တွင် ကိုဗစ်- ၁၉ ရောဂါကူးစက်ခံရသူပေါင်း ခြောက်သန်း ကျော်ရှိနေပြီး ရောဂါပိုးကင်းစင်သွားသူပေါင်းမှာ ၂ ဒသမ ၇သန်း (၄၄ ဒသမ ၄၄ ရာခိုင်နှုန်း) ဖြစ်သည်ဟု မှတ်သား ရပါသည်။

ကမ္ဘာပေါ်ရှိ နိုင်ငံအသီးသီးအနက် ရုရှားနိုင်ငံသတင်းတွင် လူပေါင်း ကိုးသန်းကျော်ကို Coronavirus test ပြုလုပ်ခဲ့ရာ မေလ၂၆ ရက်နေ့အထိရောဂါပိုးတွေ့သူပေါင်း ၃ ဒသမ ၆ သိန်း ရှိခဲ့သည်။ ထိုသတင်းများထဲ၌ ကိုဗစ်- ၁၉ ဗိုင်းရပ်စ်ပိုးတွေ့ရှိခဲ့သော ကြောင်တစ်ကောင် သတင်းလည်း ပါပါသည်။ ထိုကြောင်သည် ရုရှားနိုင်ငံရှိ အိမ်မွေးတိရစ္ဆာန်များ၌ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသည့် ပထမဆုံးတိရစ္ဆာန်လည်း ဖြစ်သည်။

ကြောင်ပိုင်ရှင်သည် နာမကျန်းဖြစ်နေသော အသက်ငါးနှစ်အရွယ် အိမ်မွေးကြောင်ကို တိရစ္ဆာန်ဆေးကု ဆရာဝန်ထံ သွားရောက်ပြသရာမှ ဆရာဝန်၏ ညွှန်ကြား ချက်အတိုင်း နိုဘယ်ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးမှု ပြုလုပ် ခဲ့ခြင်းဖြစ်သည်။ ကြောင်၏ နှာခေါင်းတို့ဖတ်နှင့် အာခေါင် တို့ဖတ်တို့ကို စစ်ဆေးကြည့်ရာ SARS-CoV-2 ရောဂါပိုး အတည်ပြုတိရစ္ဆာန်ဖြစ်နေသဖြင့် ကြောင်ကို သီးခြားခွဲထားစောင့်ကြည့်ခြင်း (quarantine) လုပ်ထားရပါသည်။

ဤကြောင်သည် ရုရှားနိုင်ငံရှိအိမ်မွေးတိရစ္ဆာန်များ၌ ပထမဆုံး ကိုဗစ်- ၁၉ ရောဂါပိုး တွေ့ရှိခြင်းဖြစ်သော်လည်း တစ်ကမ္ဘာလုံးတွင် တတိယမြောက်တွေ့ရှိခြင်း ဖြစ်ပါသည်။

ပထမဆုံးဖြစ်ရပ်

ကမ္ဘာပေါ်တွင် တိရစ္ဆာန်၌ ကိုဗစ်-၁၉ ဗိုင်းရပ်စ် ပိုးတွေ့ရှိခဲ့သည့် ပထမဆုံးဖြစ်ရပ်ကို ၂၀၂၀ ပြည့်နှစ် ဧပြီလ ၅ ရက်နေ့တွင် အမေရိကန်နိုင်ငံရှိ Bronx Zoo ထဲမှ နာဒီယာအမည်ရှိ အသက်လေးနှစ်အရွယ် မလေးရှား ကျားတစ်ကောင်တွင် တွေ့ရှိခဲ့ပါသည်။ အကြောင်းရင်းမှာ ကိုဗစ်- ၁၉ ရောဂါပိုးရှိပြီး ရောဂါလက္ခဏာမပြသည့် တိရစ္ဆာန်ဥယျာဉ်ဝန်ထမ်းထံမှ ထိုကျားကို ရောဂါကူးစက်သွားခြင်းဖြစ်သည်။ Bronx Zoo ထဲတွင် နာဒီယာသာမက အခြားကျားအချို့နှင့် ခြင်္သေ့အချို့ (အရေအတွက် ရှစ်ကောင်ထက်မက)ကိုလည်း ရောဂါပိုးကူးစက်ခဲ့သည်ဟု သိရသည်။ ။

ဒုတိယမြောက် တွေ့ရှိမှုမှာ နယူးယောက်မြို့ရှိ အိမ်မွေးတိရစ္ဆာန်ပိုင်ရှင် နှစ်ဦး၏ အိမ်မွေးကြောင် နှစ်ကောင်၌ ကိုဗစ်- ၁၉ ရောဂါပိုး တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ရောဂါလက္ခဏာများအနေဖြင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ မကျန်းမာသည့် လက္ခဏာခပ်ပျော့ပျော့သာ ဖော်ပြခဲ့သည်ဟု ဆိုပါသည်။

တိရစ္ဆာန်များသို့ ရောဂါကူးစက်ပုံအားလုံးသည် ကိုဗစ်- ၁၉ ရောဂါ ဖြစ်ပွားနေသော၊ ရောဂါပိုး အတည်ပြု လူနာဖြစ်နေသော ပိုင်ရှင် သို့မဟုတ် ကိုင်တွယ်ထိန်းကျောင်းသူများထံမှ ကူးစက်သွားခြင်းဖြစ်ရာ ထိုတိရစ္ဆာန် များမှ လူကို ရောဂါပြန်လည်ကူးစက်မည်လားဟု တွေးဆကာ အမေရိကန်ပြည်ထောင်စုနှင့် ဂျပန်နိုင်ငံ တို့မှ သုတေသနပညာရှင်များက စမ်းသပ်စစ်ဆေးမှု အမျိုးမျိုးအဖုံဖုံပြုလုပ်ပြီး လေ့လာခဲ့ကြသည်။ အဘယ့်ကြောင့်ဆိုသော် ကြောင်များသည် ဤရောဂါနှင့် ပတ်သက်ပြီး ရောဂါလက္ခဏာ တစ်စုံတစ်ရာမဖော်ပြ သည့် ကြားခံသတ္တဝါဖြစ်နေသောကြောင့် ဖြစ်ပါသည်။

သုတေသနပညာရှင်များသည် ကိုဗစ်-၁၉ ရောဂါပိုး လူမှကြောင်၊ ကြောင်မှလူသို့ ပြန်လည်၍ ရောဂါကူးစက်ခြင်း ရှိ၊မရှိ (Human-cat-Human)ကွင်းဆက်သံသရာ ရှိ၊မရှိ စမ်းသပ်မှုပေါင်းများစွာ ပြုလုပ်ခဲ့ကြသည်။ စမ်းသပ်ချက်တစ်ခုတွင် ကိုဗစ်-၁၉ရောဂါပိုးကိုယူပြီး ကြောင်သုံးကောင်၏ အသက်ရှူလမ်းကြောင်းအတွင်း ထည့်သွင်းကာ ရောဂါဝင်ရောက်စေသည်။ ထိုကြောင်သုံးကောင်ကို အိမ်တစ်အိမ်စီတွင်ထားပြီး ရောဂါမရှိသေးသည့် ကြောင်တစ်ကောင်စီနှင့်အတူ ထားလိုက်သည်။ ငါးရက်ကြာပြီးနောက် ဗိုင်းရပ်စစ်ဆေးမှုပြုလုပ်ရာ ကြောင်ခြောက်ကောင်လုံး၌ ကိုဗစ်- ၁၉ ဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့သော်လည်း ရောဂါ လက္ခဏာလုံးဝမပြကြောင်း တွေ့ရှိရပါသည်။

ဗိုင်းရပ်စ်များကို နှာခေါင်းမှတစ်ဆင့် စွန့်ထုတ်

သုတေသီများသည် ရောဂါပိုးရှိနေသောကြောင်များ၏ နှာခေါင်းနှင့်စအိုမှ တို့ဖတ်များကိုယူပြီး ဗိုင်းရပ်စ်များကို ပျိုးကြသောအခါ စအိုလမ်းကြောင်းတို့ဖတ်မှ ဗိုင်းရပ်စ်များမစွန့်ထုတ်ကြောင်း၊ နှာခေါင်းမှသော စွန့်ထုတ်ကြောင်း၊ ရောဂါပိုးရှိနေသော ကြောင်များသည် ငါးရက်အတွင်း ဗိုင်းရပ်စ်များကို နှာခေါင်းမှတစ်ဆင့် စွန့်ထုတ်ကြောင်း သိရသည်။

နှာခေါင်းတို့ဖတ်၏ အစက်အမှုန်များထဲတွင် ဗိုင်းရပ်စ် ၃၀၀၀၀ မှ ၅၀၀၀၀ အတွင်းပါသည်ဟု ဆိုသော်လည်း လူ တစ်ယောက်ကို ရောဂါကူးစက်နိုင်စွမ်းရှိသည့် ဗိုင်းရပ်စ် ပမာဏက မည်ရွေ့မည်မျှဖြစ်သည်ဟု ရေရာသေချာစွာ မသိနိုင်သေးပေ။

ဓာတ်ခွဲခန်းသုံးသတ္တဝါများဖြစ်သည့် ပူး၊ ကြွက်တို့ကဲ့သို့ ကြောင်များကို စမ်းသပ်မှုပြုလုပ်ခဲ့ပြီး ရောဂါကူးစက် နိုင်ကြောင်းတွေ့ရှိခဲ့သော်လည်း သဘာဝပတ်ဝန်းကျင်တွင် ထိုနည်းလမ်းအတိုင်း ကူးစက်မည်ဟု တပ်အပ်သေချာ မပြောနိုင်ပေ။

ယခုအချိန်တွင် ကိုဗစ်-၁၉ ရောဂါကို ဖြစ်ပေါ်စေသည့် SARS-CoV-2 ဗိုင်းရပ်စ်၏ သဘောသဘာဝကို လေ့လာနေကြဆဲသာ ရှိပါသေးသည်။ သို့သော် အချို့သော အခြေအနေများတွင် ရောဂါဖြစ်ပွားနေသော လူများထံမှတိရစ္ဆာန်များကို ကိုဗစ်-၁၉ ဗိုင်းရပ်စ်ကူးစက်နိုင်သည့် အကြောင်းအရာက ဦးစွာပေါ်ထွက်လာခဲ့သည်။ထို့ပြင် ဗိုင်းရပ်စ်ပိုးတွေ့ရှိခဲ့သည့် အိမ်မွေးတိရစ္ဆာန်အချို့ ကသာ ရောဂါလက္ခဏာပြကြောင်း၊ အချို့က လက္ခဏာမပြကြောင်း တွေ့ရပါသည်။

ထို အိမ်မွေးတိရစ္ဆာန်များမှ လူကိုရောဂါပြန်လည် ကူးစက်မှုရှိ၊မရှိ စမ်းသပ်ရာတွင် နမူနာစစ်တမ်းကောက်ယူမှု (Data sampling)လိုအပ်သည်။ နမူနာ စစ်တမ်းကောက်ယူခြင်းသည် လူထု (population)ကို ကိုယ်စားပြုနိုင်ရမည်။

ယခုလို ကပ်ရောဂါနှင့်သက်ဆိုင်သော ပြဿနာဖြစ်လျှင် တစ်ကမ္ဘာလုံးနှင့်အကျုံးဝင်သော နမူနာစစ်တမ်းကောက်ယူမှုဖြစ်ရန် လိုအပ်ပါသည်။ သို့ရာတွင် ယခုအချိန်အထိ ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့သော အိမ်မွေးတိရစ္ဆာန်မှလူကို ပြန်လည်ကူးစက်သော သက်သေအထောက်အထား တစ်ခုမှ မရှိသေးပါ။

ကိုဗစ်- ၁၉ ရောဂါအတွက် ကုသဆေးနှင့်ကာကွယ်ဆေးများအား စမ်းသပ်ရှာဖွေနေဆဲဖြစ်နေသောကြောင့် မိမိတို့ကိုယ်တိုင်သည်လည်းကောင်း၊ မိမိတို့၏အိမ်မွေးတိရစ္ဆာန်များသည်လည်းကောင်း ရောဂါမကူးစက်အောင် ကြိုတင်ကာကွယ်ထားဖို့လိုပါသည်။

မြန်မာလူမျိုးတို့၏ လူနေမှုဘဝတွင် အချို့သောပိုင်ရှင်များကသာ ကြောင်များကိုအိမ်တွင် လုံခြုံစွာထားပြီး စနစ်တကျ မွေးမြူကြသည်။ အများစုက အလေ့ကျရောက်လာသော ကြောင်များကို သနားကြင်နာစိတ်နှင့်ကျွေးမွေးထားကြခြင်းသာ။ ပျောက်ဆုံးသွားလျှင်လည်း သတ္တဝါတစ်ခု၊ ကံတစ်ခုဟု သဘောထားနိုင်ကြသည်။ ထိုလူများအနေဖြင့် မိမိတို့ထံရောက်လာသော ကြောင်များ၏ ရောဂါရာဇဝင်၊ ကိုဗစ်- ၁၉ လူနာများနှင့် ထိတွေ့မှု ရှိ၊ မရှိ မသိနိုင်ပါ။ မိမိမွေးမြူထားသောကြောင်များထဲမှာ အပြင်ထွက်လည်တတ်သော ကြောင် များ ရှိနေလျှင်လည်း သတိပြုရန်လိုသည်။ ထို ကြောင် များသည် မြေကြီးပေါ်ကျနေသော ကိုဗစ်- ၁၉ ဗိုင်းရပ်စ်များကိုနင်းမိပြီး ခြေဖဝါးများကို လျှာဖြင့်လျက်ခြင်းမှ ရောဂါကူးစက်နိုင်သည်။ အဓိကအချက်မှာ မိမိ၏အိမ်မွေး တိရစ္ဆာန်သည်ကို ဗစ်-၁၉ ရောဂါကိုသယ်ဆောင်ထားသော ကြားခံသတ္တဝါမဖြစ်စေရေး၊ လူကို ပြန်လည်မကူးစက်စေရန်အတွက် ကြိုတင်သတိပြုရေးပင် ဖြစ်ပါသည်။

ကိုဗစ်-၁၉ ရောဂါသည် ရောဂါပိုးရှိသူ လူမှတစ်ဆင့် ကြောင်နှင့် ကြောင်မျိုးနွယ်ဝင်တို့ကို ကူးစက် စေကြောင်း ပေါ်ထွက်လာပြီဖြစ်ရာ လူမှကြောင်သို့ တစ်ဖန် ကြောင်မှလူသို့ - (Human-cat-Human) ကွင်းဆက်မဖြစ်ပွားရန် အိမ်မွေးတိရစ္ဆာန်များကို လူအချင်းချင်း ကြိုတင်ကာကွယ်သည့် နည်းလမ်းအတိုင်း စီမံကာကွယ်ထားဖို့ အရေးကြီးသည်။

# မိမိ၏ အိမ်မွေးတိရစ္ဆာန်များကို ပြင်ပမှ လူများ၊အခြားတိရစ္ဆာန်များနှင့် မထိတွေ့စေရပါ။

# အိမ်ထဲမှာသာ လုံခြုံစွာထားပါ။

# ခွေးနှင့်အတူ လမ်းလျှောက်ထွက်ပါက အခြားလူ (သို့) တိရစ္ဆာန်များနှင့် ခြောက်ပေအကွာ၌ သာနေပါ။

# လူများသောနေရာသို့ မခေါ်သွားပါနှင့်။

# အိမ်မှာဖျားနာနေသူ၊ နှာချေသူ၊ ချောင်းဆိုးသူ ရှိနေပါက အိမ်မွေးတိရစ္ဆာန်များနှင့် ဝေးဝေးနေခိုင်းပါ။

# ခွေး၊ ကြောင်များကို ပွတ်သပ်ခြင်း၊ ပွေ့ချီခြင်း၊ နမ်းရှုပ်ခြင်း မလုပ်ပါနှင့်။ ခွေး၊ ကြောင်တို့က နမ်းရှုပ်ခြင်း၊ လျှာဖြင့်လျက်ခြင်း၊ ပွတ်သီး ပွတ်သပ်လုပ်ခြင်းတို့ကို လက်မခံဘဲ ခပ်ဝေးဝေး နေပါ။

# သူတို့ကိုကိုင်တွယ်ပြီးတိုင်း၊ အစာကျွေးပြီးတိုင်း၊အညစ်အကြေးများကို ရှင်းလင်းပေးပြီးတိုင်း စက္ကန့် ၂၀ ကြာအောင် လက်များကို သေချာစွာဆေးကြောပါ။

# သန့်ရှင်းမှု၊ စည်းကမ်းစနစ်ကျမှုကို အလေးထားပါ။

# မကျန်းမာသော တိရစ္ဆာန်ကို ဆရာဝန်ထံ ပြသ မည်ဆိုပါက ဖုန်းဆက်ပြီး ကြိုတင်စာရင်းပေးသွင်းပါ။ ချိန်းဆိုထားသည့်အချိန်အတွင်း ရောက်အောင်သွားပါ။

# နှာခေါင်းစည်းတပ်သွားပါ။ အခြားလူများနှင့်ထိတွေ့မှု အနည်းဆုံးဖြစ်အောင် ဂရုစိုက်ပါ။

# မိသားစုထဲမှာ အသက် ငါးနှစ်အောက် ကလေးများ၊ အသက် ၆၅ နှစ်အရွယ် လူကြီးများရှိလျှင် အိမ်မွေးတိရစ္ဆာန်များကို မကိုင်တွယ်ပါစေနှင့်။

# တိရစ္ဆာန်ဆေးကုဆရာဝန်များအနေဖြင့်လည်း အခြားလူများ၊ တိရစ္ဆာန်များနှင့် အနီးကပ်ထိတွေ့မှု အနည်းဆုံးဖြစ်အောင် သတိပြုရန်၊ လက်အိတ်၊ နှာခေါင်းစည်း၊ မျက်နှာဖုံးအကာ များကို အသုံးပြုရန် လိုအပ်ပါက တစ်ကိုယ်ရေ ကာကွယ်ရေးဝတ်စုံများသုံးရန်၊ တိရစ္ဆာန်တစ်ကောင်ကုပြီးတိုင်း သန့်ရှင်းရေး အသေ အချာလုပ်ရန်၊ အရေးမကြီးသော ကိစ္စများအတွက် ဖုန်းဖြင့်သာ အကြံပေးရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က လမ်းညွှန်ချက် ပေးထားပါသည်။ ကိုဗစ်-၁၉ ရောဂါကူးစက်ခြင်းခံထားရသော တိရစ္ဆာန်မှ လူသို့ပြန်လည်ကူးစက်နိုင်ခြေ အလွန်နည်းနေသေးသော်လည်း သုညရာခိုင်နှုန်းဟုတော့ မယူဆပါနှင့်၊ ယခုလို ကုသဆေး၊ ကာကွယ်ဆေးများ မပေါ်သေးခင်အချိန်မှာ ပေါ့ပေါ့ဆဆသဘောမထားဘဲ ကြိုတင်ကာကွယ်ထားကြပါဟုထပ်မံသတိပေး လိုပါသည်။ ။

ကြေးမုံ