ကိုဗစ်ရောဂါဘေးကို သတိတရားဖြင့် ကာကွယ်

mdn

နေပြည်တော် ၈ ဇူလိုင်

 

ကိုဗစ်-၁၉ ရောဂါသည် ကမ္ဘာတစ်ဝန်း၌ ပြန်လည်အရှိန်မြှင့် ကူးစက်ဖြစ်ပွားနေသည်။ ရောဂါဖြစ်ပွားလာခဲ့သည့် တစ်နှစ်ခွဲကျော်ကာလအတွင်း ကမ္ဘာတစ်ခွင်တွင် ရောဂါပိုး ကူးစက်ခံရသူ သန်း ၂၀၀ နီးပါးဖြစ်လာပြီး ပြန်လည်ကျန်းမာလာသူ သန်း ၁၇၀ နီးပါးနှင့် သေဆုံးသူ ကမ္ဘာ့ပြည်သူ လေးသန်းကျော်ရှိသည်။ ကမ္ဘာပေါ်တွင် ဤကဲ့သို့သော ရောဂါကပ်ဘေးများ ရာစုနှစ်တစ်ခုအလိုက် ကျရောက်ခဲ့ဖူးပြီး ယခု ၂၁ ရာစုတွင် ကြီးမားသော ရောဂါကပ်ဘေးတစ်ခုဖြစ်လာသည်။

 

ကမ္ဘာပေါ်တွင် အမေရိကန်နိုင်ငံသည် ရောဂါဖြစ်ပွားမှု၊ ကင်းစင်မှု၊ သေဆုံးမှု အများ ဆုံးဖြစ်ပြီး အိန္ဒိယနိုင်ငံသည် ဒုတိယ၊ ဘရာဇီးနိုင်ငံသည် တတိယနှင့် ဥရောပနိုင်ငံ များတွင် အများဆုံးဖြစ်ပွားသည်။ အရှေ့တောင်အာရှ နိုင်ငံများတွင် အင်ဒိုနီးရှားနိုင်ငံ သည် အများဆုံးဖြစ်ပြီး မြန်မာနိုင်ငံက စတုတ္ထအများဆုံးဖြစ်သည်။ အိမ်နီးချင်း နိုင်ငံများတွင် ထိုင်းနိုင်ငံသည် ယမန်နှစ်က ရောဂါကူးစက် ဖြစ်ပွားမှု မများလှသော်လည်း ယခုအခါတွင် စိုးရိမ်ဖွယ်ရာ အခြေအနေရှိပြီး မြန်မာနိုင်ငံထက် ပိုမိုဖြစ်ပွားနေသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ယမန်နေ့က တစ်နေ့တည်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု စံချိန်တင်မြင့်မားခဲ့ပြီး တစ်နေ့တည်း ရောဂါကူးစက်ဖြစ်ပွားသူတစ်သောင်းကျော်နှင့် တစ်နေ့တည်း သေဆုံးသူ ၁၆၀ ကျော်ရှိသည်။

 

မြန်မာနိုင်ငံတွင် ယမန်နှစ် ကိုဗစ်-၁၉ ရောဂါ စတင်ဖြစ်ပွားစဉ်က နေ့စဉ် ဖြစ်ပွားသူ ဆယ်ဂဏန်းနှင့် သေဆုံးသူ ခုဂဏန်းရှိရာမှ ယမန်နှစ် သြဂုတ်လ လယ်ခန့်မှစ၍ ဖြစ်ပွားသူပျမ်းမျှ ထောင်ဂဏန်းနှင့် သေဆုံးသူ ဆယ်ဂဏန်း ရှိခဲ့သည်။ ထို့နောက် ရောဂါကူးစက်ဖြစ်ပွားမှု ပြန်လည်ကျဆင်းလာခဲ့ပြီးယခုတစ်ဖန် မေလကုန်မှစတင်၍ ရောဂါကူးစက်ဖြစ်ပွားမှု တစ်စတစ်စမြင့်တက်လာခဲ့ရာ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ရောဂါဖြစ်ပွားသူ ထောင်ဂဏန်းဖြင့် တစ်ရက်နှင့်တစ်ရက် များပြားလာပြီး သေဆုံးသူ ဆယ်ဂဏန်းမှ ဇူလိုင် ၇ ရက် နေ့တွင် သေဆုံးသူ ၅၇ ဦးရှိလာသည်။ ကူးစက် ဖြစ်ပွားသေဆုံးနှုန်း ဂရပ်အခြေအနေအရ ယခုလနှင့်လာမည့်လများတွင် ရောဂါ ကူးစက်ဖြစ်ပွားသေဆုံးမှု ပိုမိုမြင့်မားလာနိုင်သည့် သဘောရှိနေသည်။

 

ထို့ကြောင့် ရောဂါကူးစက်ဖြစ်ပွားမှု အများဆုံးဖြစ်နေသော မြို့နယ်များအား နေအိမ်တွင်သာနေထိုင်ရေး (Stay at Home) အစီအစဉ်တွင် အကျုံးဝင်ကြောင်း သတ်မှတ်ကြေညာခဲ့ရာ ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ မြို့နယ်နှစ်မြို့နယ် ကိုလည်း နေအိမ်တွင်သာနေထိုင်ရေး (Stay at Home) အစီအစဉ်တွင် အကျုံးဝင် ကြောင်း သတ်မှတ်ကြေညာခဲ့သည်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည်ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိရာ ထုတ်ပြန်ထားသော အမိန့်၊ ညွှန်ကြားချက်၊ စည်းကမ်းများကို ပြည်သူများအနေဖြင့်  တိတိကျကျ လိုက်နာ ဆောင်ရွက်ကြရန် အရေးကြီးသည်။

 

ယခုအခါတွင် ရောဂါဖြစ်ပွားကူးစက်မှုအခြေအနေမှာ ယခင်က လူဦးရေ အများဆုံး ဖြစ်သော ရန်ကုန်မြို့တွင် အများဆုံးဖြစ်ပွားပြီး နယ်မြို့များတွင် အနည်းငယ်ဖြစ်ပွား ခဲ့ရာမှ ယခုအခါတွင် နယ်မြို့များတွင် အများဆုံးဖြစ်ပွားပြီး ရန်ကုန်မြို့တွင် သင့်တင့် သလောက်ဖြစ်ပွားနေသည်။ နယ်မြို့များတွင် ကျန်းမာရေးစောင့်ရှောက်မှုပေးရန် လိုအပ်ချက်များရှိနေပြီး ရန်ကုန်မြို့တွင် ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် အသင့် ပြင်ဆင်ဆောင်ရွက်ထားသည်။

 

လူတိုင်းကိုယ်စီအနေဖြင့် ရှေးဦးအကာအကွယ်အဖြစ် မျက်နှာ၊ ပါးစပ်၊ နှာခေါင်းစည်း အကာအကွယ်များ တပ်ဆင်ထားရမည်ဖြစ်ပြီး အများသူငါတို့နှင့် ခပ်ဝေးဝေးနေရန်နှင့် မကြာခဏ လက်ကိုဆေးကြောပေးရန် လိုအပ်သည်။

 

ယခုရောဂါအခြေအနေမှာ ယခင်ထက် ကူးစက်မှု ၁၀ ဆမြန်သဖြင့် အထူး သတိပြုရ မည်ဖြစ်သည်။ ဗိုင်းရပ်စ်ပိုး အဓိကတိုက်ခိုက်သောနေရာသည် အဆုတ်ဖြစ်၍ အသက်ရှူ လမ်းကြောင်းသို့ မဝင်ရောက်ရေး အထူးသတိထားရ မည်ဖြစ်သည်။ ပတ်ဝန်းကျင်၌ ဗိုင်းရပ်စ်ပိုးရှိနိုင်ရာတွင် အကာအကွယ်ဖြင့် တားဆီးနိုင်ပြီး အကယ်၍ အသက်ရှူ လမ်းကြောင်းမှ ဝင်ရောက်သည်ဟု သံသယရှိပါက ကနဦးတွင် လည်ချောင်းအတွင်း ရက်အနည်းငယ်နေပြီးမှ အဆုတ်သို့ ပိုးရောက်သဖြင့် ကျန်းမာရေးပညာရှင်များ၏ လမ်းညွှန်ချက်ဖြင့် စောစောစီးစီး တိုက်ဖျက်ကြရန် လိုအပ်သည်။

 

သို့ဖြစ်ရာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုမှာ အရှိန်အဟုန်ဖြင့် ပြန်လည်ဖြစ်ပွား လာနေသဖြင့် ပြည်သူများအနေဖြင့် မိမိကိုယ်ကိုမိမိ ကျန်းမာရေးအသိဖြင့် အထူး ဂရုစိုက်ခြင်းဖြင့် ရောဂါကူးစက်ဖြစ်ပွားမှုကို တားဆီးကာကွယ်ထားနိုင်ရေးဆောင်ရွက် ထားကြရမည် ဖြစ်ပါကြောင်း။ ။

 

ကြေးမုံ