ကျိုက်လတ်မြို့နယ်၌ မဲဆန္ဒနယ်မြေ ပိုင်းခြားသတ်မှတ်ခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းစည်းဝေး

ကျိုက်လတ်  ၁၉  မေ

 

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲဆန္ဒနယ်မြေ ပိုင်းခြားသတ်မှတ် ခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီက ကျိုက်လတ်မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အစည်းဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

 

အခမ်းအနားတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမျိုးဝင်းက အဖွင့်အမှာစကား ပြောကြားရာတွင် ကျိုက်လတ်မြို့နယ်၌ ရပ်ကွက် (၆)ခုနှင့် ကျေးရွာအုပ်စု (၈၇)အုပ်စုရှိပြီး ယခင်က ရပ်ကွက်များသည် တိုင်းဒေသကြီး လွှတ်တော်မဲဆန္ဒနယ်မြေ အမှတ်(၂)တွင်သာပါရှိသဖြင့် မြို့နယ်အတွင်းရှိ မှတ်ပုံတင်ထားသော နိုင်ငံရေးပါတီများက တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်မြေ(၂)ခုအား ပြန်လည်သတ်မှတ်ပေးပါရန် တင်ပြလာသဖြင့် ယခု အစည်းအဝေးကို ခေါ်ယူညှိနှိုင်းရခြင်းဖြစ်ကြောင်း၊ အကြမ်းအားဖြင့် ရပ်ကွက်(၃)ခုနှင့် ကျေးရွာအုပ်စု(၄၅)အုပ်စုကို မဲဆန္ဒနယ်မြေအမှတ် (၁) အဖြစ်လည်းကောင်း၊ ကျန်ရပ်ကွက်(၃)ခုနှင့် ကျေးရွာအုပ်စု (၄၂)အုပ်စုကို မဲဆန္ဒနယ်မြေ အမှတ်(၂)အဖြစ်လည်းကောင်း သတ်မှတ်ထားပြီး ပါတီများကိုလည်း သဘောထား တောင်းခံထားပါကြောင်း ပြောကြားသည်။

 

ထို့နောက် မဲဆန္ဒနယ်မြေ ပိုင်းခြားသတ်မှတ်ခြင်းဆိုင်ရာနှင့် စပ်လျဉ်းသည့် အချက်အလက်များကို တက်ရောက်လာ သည့် မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

 

ရီရီမြင့် (ပြန်/ဆက်)