ကျိုက်ထိုမြို့နယ်တွင်NGO အဖွဲ့အစည်းများနှင့် မြို့နယ်ကျန်းမာရေးဉီးစီးဌာနတို့ လက်တွဲပြီး TB နှင့် HIV ဝေဒနာ ရှင်များကို ကူညီမည်

ရန်ကုန် မေ ၁

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင်   NGO အဖွဲ့အစည်းများနှင့် မြို့နယ်ကျန်းမာရေး ဉီးစီးဌာတို့ လက်တွဲ၍ TB နှင့် HIV ဝေဒနာရှင်များကို ရှာဖွေဖော်ထုတ်ပြီး လိုအပ်သည့် အကူအညီများကို ပေးသွားမည်ဖြစ်ကြောင်း ကျိုက်ထိုမြို့နယ် ပြည်သူ့ဆေးရုံကြီးမှ သိရသည်။
ကျိုက်ထိုမြို့နယ်တွင်  HIV / TB ရောဂါရှင်များအတွက် ဝမ်းမြောက်ဖွယ် သတင်းကောင်းတစ်ခုဖြစ်ကြောင်း အဆိုပါ ဆေးရုံကြီးက အသိပေးထုတ်ပြန်ထားခြင်း ဖြစ်သည်။

အဆိုပါ အသိပေးထုတ်ပြန်ချက်တွင် NGO အဖွဲ့အစည်းများဖြစ်သည့်  IOM နှင့်မေတ္တာစေတမာန်အဖွဲ့က  မြို့နယ်ကျန်းမာရေးဉီးစီးဌာနှင့် လက်တွဲပြီး TB နှင့် HIV ဝေဒနာရှင်များကို ရှာဖွေဖော်ထုတ်ကာ လိုအပ်သည့် အကူအညီများကို ပေးသွားမည်ဖြစ်ကြောင်း အဆိုပါဆေးရုံကြီးမှ အသိပေး ကြေညာထားချက်တွင် ပါရှိသည်။

ထို့ကြောင့် ဓာတ်မှန်ရိုက်ရန် မတတ်နိုင်သူများ၊ သွေးစစ်ဆေးရန် လိုအပ်သည့် လူနာများ ၊ ရောဂါစစ်ဆေးရန် ခရီးစရိတ်မတတ်နိုင်သူများ၊ ဆေးရုံတက်ချိန် အခက်ခဲရှိသူ လူနာများကို အကူအညီပေးထောက် ပံ့မှုပေးသွားမည်ဟုလည်း ဆိုသည်။

ယင်းအပြင် အဆုတ်ရောဂါ ဝေဒနာရှင်များကိုလည်း ဆေးရောဂါပျောက်ကင်းသွားသည်အထိ လိုအပ်သည့် အာဟာရများအတွက် လစဉ်ထောက်ပံ့ ကူညီပေးသွားမည်ဟု လည်းကျိုက်ထိုမြို့နယ် ပြည်သူ့ဆေးရုံကြီးမှ အသိပေးကြေညာထားသည်။

မြန်မာနိုင်ငံသည် ကမ္ဘာ့တီဘီ၊ တီဘီ/အိပ်ချ်အိုင်ဗွီနှင့် ဆေးယဉ်ပါးတီဘီ ရောဂါအဖြစ်အများဆုံး နိုင်ငံ(၃၀)တွင် အပါအဝင်ဖြစ်ပြီး WHO ၏ Global TB report (2023)အရ (၂၀၂၂) ခုနှစ်တွင် မြန်မာနိုင်ငံ၌ လူဦးရေတစ်သိန်းတွင် တီဘီလူနာသစ်ဖြစ်ပွားနှုန်း (၄၇၅) ဦးရှိပြီး သေဆုံးနှုန်းမှာ  ၈၀ ရှိနိုင်သည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အမျိုးသားတီဘီရောဂါ တိုက်ဖျက်ရေးစီမံကိန်းမှ ဦးဆောင်ပြီး ပြည်တွင်း/ပြည်ပ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ တီဘီရောဂါ တိုက်ဖျက်ရေးလုပ်ငန်းများကို အမျိုးသားမဟာဗျူဟာစီမံကိန်း(National Strategic Plan) ၂၀၂၁-၂၀၂၅ နှင့်အညီ ဆောင်ရွက်လျက်ရှိကာ တီဘီရောဂါ ကာကွယ်ကုသရေး လုပ်ငန်းများအတွက် တီဘီဆေးများဝယ်ယူရန် (၂၀၁၅-၂၀၁၆) ဘဏ္ဍာ ရေးနှစ်မှစတင်၍ နိုင်ငံတော်ရန်ပုံငွေဖြင့် ဝယ်ယူဖြည့်တင်းပေးလျက်ရှိပြီး နှစ်စဉ်ရန်ပုံငွေများ တိုးမြှင့်ခွဲဝေချထားပေးလျက်ရှိကြောင်းလည်း ကျန်းမာရေး ဝန်ကြီးဌာနမှ သိရသည်။

MT