ကျိုင်းတုံမြို့နယ်တွင် လူကုန်ကူးသူတွေဟာ အလှူအတန်းတွေ ပြုလုပ်ပြီး စည်းရုံးခေါ်ဆောင်မှုတွေရှိလာ

မန္တလေး ၂၁ သြဂုတ်        


ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ်တွင် လူကုန်ကူးသူတွေဟာ ဒေသခံတွေရဲ့ ယုံကြည်မှုရရှိအောင် အလှူအတန်းတွေပြုလုပ်ပြီး စည်းရုံးမှုတွေ ပြုလုပ်လာကြောင်း မော်ကွမ်ဒေသဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ စီမံကိန်းညှိနှိုင်းရေးမှူး ဒေါ်နန်းဝိုးဖတ်က ပြောသည်။


ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ်တွင် လူကုန်ကူမှုများမှာ ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံများသို့ လူကုန်ကူးသည့် အမှုများဖြစ်ပွားပြီး လူကုန်ကူးသူတွေဟာ ဒေသခံတွေရဲ့ ယုံကြည်မှုရရှိရန် အလှူအတန်းတွေ ပြုလုပ်ကာ စည်းရုံးမှုတွေပြုလုပ်လာခြင်းဖြစ်ကြောင်း သိရသည်။


‘ကျိုင်းတုံမှာ ပွဲစားနှစ်မျိုးရှိတယ်။ တရုတ်နဲ့ ထိုင်းဘက်ကို ရောင်းစားတဲ့ ပွဲစားဆိုပြီး ရှိတယ်။ ထိုင်းဘက်က ပွဲစားတွေကကျတော့ ကျေးရွာထဲမှာ အလှူလာလုပ်တယ်။ ရင်းနှီးအောင်လုပ်ပြီး ထိုင်းဘက်ကို လူကုန်ကူးတယ်’ ဟု ကျိုင်းတုံမြို့နယ်ရှိ မော်ကွမ်ဒေသဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့၊ စီမံကိန်းညှိနှိုင်းရေးမှူး ဒေါ်နန်းဝိုးဖတ်ကပြောသည်။


ထိုင်းနိုင်ငံဘက်သို့ လူကုန်ကူးသူများသည် အလှူအတန်းများ ပြုလုပ်ကာ ဒေသခံများကိုစည်းရုံးလေ့ရှိပြီး၊ တရုတ်နိုင်ငံဘက်သို့ လူကုန်ကူးသူများသည် အမျိုးသမီးအား သမီးရည်းစားအဖြစ် စည်းရုံးကာ ခေါ်ဆောင်မှုများရှိကြောင်း သိရသည်။ ယခုလိုစည်းရုံးကာ လူကုန်ကူးသည့် ဖြစ်စဉ်များသည် ၂၀၁၇ ခုနှစ်က စတင်ကာ ခေါ်ဆောင်လာခြင်းဖြစ်ပြီး ယနေ့အချိန်ထိလည်း နေ့စဉ်ပင် ဖြစ်ပွားနေကြောင်းသိရသည်။ 


‘တရုတ်မယားအဖြစ် ရောင်းစားတာ များလာတယ်။ ၂၀၁၉ မှာ တော်တော်များလာတာက အငှားကိုယ်ဝန်ဆောင်တွေများလာတယ်။ နေ့စဉ်နဲ့အမျှသွားနေတယ်။ တနေ့ဘယ်လောက်သွား နေလဲမသိနိုင်ဘူး။ တရားမဝင်သွားတဲ့လမ်းကြောင်းတွေ အများကြီးရှိတယ်’ဟု ဒေါ်နန်းဝိုးဖတ်က ဆိုသည်။


၂၀၁၉ ခုနှစ် ဇူလိုင်လအတွင်း လူကုန်ကူးမှု ၂၃ မှုအား ဖမ်းဆီးရမိခဲ့ပြီး လူကုန်ကူးခံရသူပေါင်း ၃၇ ဦးရှိကြောင်း လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ထံမှ သိရသည်။


လူကုန်ကူးမှုဖြစ်စဉ်များတွင် ရှမ်းပြည်နယ်တွင် ဖြစ်ပွားမှုအများဆုံးဖြစ်ကြောင်း တွေ့ရှိရပြီး လူကုန်ကူးမှု လျော့ကျရေးအတွက် အရှိန်အဟုန်မြှင့် ဆောင်ရွက်နေကြောင်း သိရသည်။


အိမို့မို့ခိုင်
PHOTO - လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့