ကိုရိုနာဗိုင်းရပ်စ်နဲ့ တူညီစွာကျော်ဖြတ်ကြမယ် ဘဝသစ်ဆီသို့ကွယ် ..

(ပါမောက္ခသိန်း၊ ဆေးတက္ကသိုလ်-၁-ရန်ကုန်)

 

(ယမန်နေ့မှအဆက်)

 

ဒီလို ကူးစက်ရောဂါတွေကို ကာကွယ်ထိန်းချုပ်ရာမှာ ကာကွယ်ဆေးက အရေးကြီးတဲ့အခန်းကဏ္ဍမှာ ရှိနေပါတယ်။ ကာကွယ်ဆေးအသစ်တစ်ခု ထွက်ဖို့ဆိုတာ လွယ်လွယ်နဲ့တော့ မဖြစ်နိုင်ပါဘူး။ ပုံမှန်အားဖြင့်ဆိုရင် သုံးလေးနှစ်ကြာမှ လူအများအသုံးပြုနိုင်တဲ့ အဆင့်ရောက်လေ့ရှိပါတယ်။ အခု ဒီကာကွယ်ဆေးကို ကမ္ဘာ့နိုင်ငံ အတော်များများမှာ စမ်းသပ်တီထွင် ထုတ်လုပ်နေကြပါတယ်။

 

စမ်းသပ်လေ့လာ

 

၂၀၂၀ ပြည့်နှစ် မတ်လမှာ အမေရိကန်နိုင်ငံ Seattle, Washington o Moderna mga mRNA (messenger RNA) vaccine ကို ကျန်းမာသန်စွမ်းတဲ့ အစမ်းသပ်ခံ စေတနာ့ဝန်ထမ်း ၄၅ ယောက်နဲ့ Phase 1 clinical Trial စလုပ်ခဲ့တယ်။ အသက် ၁၈ နှစ်မှ ၅၅ နှစ်အတွင်း စေတနာ့ဝန်ထမ်း ၄၅ ယောက်ကို ကာကွယ် ဆေးနှစ်လုံးကို ၂၈ ရက်ခြား (၂) ကြိမ်ထိုးပြီး စမ်းသပ် လေ့လာမှုလုပ်ခဲ့ပါတယ်။ အဲဒီကုမ္ပဏီဟာ ယခင်က အခြား mRNA Vaccine တွေကို အောင်အောင်မြင်မြင် ထုတ်လုပ်ခဲ့ဖူးတဲ့ ကုမ္ပဏီတစ်ခုပါ။

 

ဒါကြောင့်လည်း ဒီလိုကမ္ဘာ့ကပ်ရောဂါလိုဖြစ်နေတဲ့ အချိန်မှာ ပုံမှန်ကာကွယ်ဆေးတွေ ထုတ်လုပ်ရင် လုပ်နေကျ တိရစ္ဆာန်နဲ့စမ်းသပ်ခြင်းအဆင့်ကို မလုပ်စေတော့ဘဲကျော်လိုက်ပြီး လူမှာ တိုက်ရိုက်စမ်းသပ် ထိုးနှံစေတာပါပဲ။ အဲဒီ mRNA- 1273 ကာကွယ်ဆေးရဲ့ အခုအထိရလဒ်က အားရဖွယ်ဖြစ်တာမို့ အမေရိကန် FDA က Phase 2Trail ဒုတိယအဆင့်စမ်းသပ်မှုကို လူ ၆၀ဝ နဲ့ စမ်းသပ် ခွင့်ပြုလိုက်လို့ ဆက်လုပ်နေကြပါပြီ။

 

ဧပြီလကုန်မှာလည်း University of Pennsylvania က Inovio ကုမ္ပဏီက ယခင် DNA MERS ရောဂါတုန်း က ထုတ်လုပ်သုံးစွဲခဲ့တဲ့ Vaccine ကို Coronavirus နောက်အသစ်တစ်မျိုးဖြစ်တဲ့ SARS - Cov-2 အတွက် အသုံးပြုနိုင်မယ့် ကာကွယ်ဆေးအဖြစ် ပြုပြင်တီထွင်နိုင်ဖွယ်ရှိတာမို့ INO-4800 လို့ အမည်ပေးထားတဲ့ ကာကွယ်ဆေးအသစ်ကို U Penn and the Center for Pharmaceutical Research in Kansas City, Missouri မှာ လူ၄၀ ကို (၂) ကြိမ်ထိုးပြီး စမ်းသပ်နေပါတယ်။

 

ကာကွယ်ဆေးနဲ့ပတ်သက်လို့ ဗြိတိန်နိုင်ငံ Oxford University m Professor Sarah Gilbert ဦးစီးပြီးလုပ်နေတဲ့ သုတေသနကတော့ အကြီးဆုံးနဲ့ အားရစရာ အကောင်းဆုံးပါပဲ။ အဲဒီသုတေသန စမ်းသပ်မှုက ဒီဗိုင်းရပ်စ်ပိုးကို မျိုးရိုးဗီဇနည်းပညာနဲ့ ပြုပြင်ပြောင်းလဲပြီး လူကိုထိုးပေးရင် ရောဂါလက္ခဏာ မပြဘဲ ရောဂါကို ကာကွယ်မယ့် အခြေအနေရအောင် လုပ်ဆောင်နိုင်မယ့် ကာကွယ်ဆေး (ChAdOxl nCov-19) Phase အဆင့်ဆင့်နဲ့ စမ်းသပ်တီထွင်ထုတ်လုပ်နေကြပါတယ်။

 

အောင်မြင်မှု ၈၀ ရာခိုင်နှုန်းအထက်ရှိ

 

Phase 1 ကို ၂၀၂၀ ပြည့်နှစ် ဧပြီလ ၂၃ ရက်မှာ စခဲ့ပြီး အသက် ၁၈ နှစ်မှ ၅၅ နှစ်အထိ စေတနာ့ ဝန်ထမ်းတွေမှာ စတင်ထိုးပြီး စမ်းသပ်ခဲ့ပါပြီ။ ရလဒ်တွေကောင်းတာမို့ Phase 2 မှာ အသက် ၅၅ နှစ် မှ ၇၀ အထိနဲ့ နောက်ပိုင်း အသက် ၇၀ အထက်ကိုပါ ဆက်လက်စမ်းသပ် နေပါပြီ။ စမ်းသပ်တွေ့ရှိမှုတွေအရ အောင်မြင်မှု ၈၀ ရာခိုင်နှုန်း အထက်ရှိနေတာမို့ Phase 3 အဆင့်(၃) ကို လူ ၆၀၀၀ နဲ့ ဆက်လက်ဆောင်ရွက်နေကြပါတယ်။ Oxford Team ရဲ့ အဆိုအရ စက်တင်ဘာလကုန် အောက်တိုဘာလလောက်မှာ ကာကွယ်ဆေး စတင်သုံးစွဲ နိုင်လောက်တယ်လို့ သိကြရပါတယ်။ ။

 

ဩစတြေးလျနိုင်ငံမှာလည်း University of Queensland in Australia က ကာကွယ်ဆေးတစ်မျိုးကို viral proteinsin cell cultures ကနေ ဧပြီလကတည်းက ကြိုးစားထုတ်လုပ်နေကြပါတယ်။ ဒီ ကိုဗစ်-၁၉ စဖြစ်ခဲ့တဲ့ တရုတ်ပြည်မကြီးမှာလည်း ကာကွယ်ဆေးအတွက် လေ့လာစမ်းသပ် ရှာဖွေလျက် ရှိပါတယ်။ ဗိုင်းရပ်စ်ပိုးကို ဓာတုဗေဒနည်းနဲ့ ရောဂါမဖြစ်စေဘဲ ကာကွယ်မှု ဓာတ်ပဲ ထွက်အောင်ပြုပြင်ထားတဲ့ (Chemically inactivated versions of virus) ကို sinovac ကုမ္ပဏီမှာ တစ်နေရာ  Phase 1 အနေနဲ့ ပြုလုပ်နေကြသလို နာမည်ကျော် Beijing Institute of Biological Products မှာတော့ လူ ၅၀၀ နဲ့ Phase 2 အဆင့်ရောက်အောင် ဆောင်ရွက် နေကြပါတယ်။

 

ဒါ့အပြင် ကိုရီးယား၊ ဂျာမနီနိုင်ငံတွေမှာလည်း ကာကွယ်ဆေးအတွက် ကြိုးပမ်းထုတ်လုပ်နေကြသလို ဂျပန်နိုင်ငံတွင်လည်း ဇူလိုင်လကုန်တွင် လူတွေမှာ ကာကွယ်ဆေးကို စမ်းသပ်တော့မှာဖြစ်ပါတယ်။

 

ကုထုံးတွေ စမ်းသပ်ရှာဖွေ

 

ဒီ ကိုဗစ်-၁၉ ရောဂါရဲ့ ကုသမှုနဲ့ပတ်သက်ပြီး နောက်ထပ်ကုထုံးတွေလည်း စမ်းသပ်ရှာဖွေ တွေ့ရှိထားတာလေးတွေ ရှိပါသေးတယ်။ တစ်ခုကတော့ Convalescent Plasma ခေါ်တဲ့ ကုသမှုပါ။ ကိုဗစ်-၁၉ ရောဂါဖြစ်ပြီး နာလန်ထကာ လုံးဝပြန်နေကောင်းလာပြီး ရောဂါလက္ခဏာ လုံးဝ မရှိတော့ဘဲ ရောဂါကို တိုက်ဖျက်နိုင်တဲ့ဓာတ် လုံလုံလောက်လောက်ရှိနေတဲ့ နာလန်ထပုဂ္ဂိုလ်ရဲ့ သွေးရည်ကြည်ကို သွင်းပြီးကုသခြင်းပါပဲ။ လောလောဆယ်တော့ Severe cases အလွန်ရောဂါပြင်းထန်တဲ့ လူနာတွေကိုပဲ စမ်းသပ်ကုသနေပါတယ်။ သွေးရည်ကြည်ဆိုတာလည်း သွေးရဲ့ အစိတ်အပိုင်းပဲမို့ သွေးသွင်းရင် ဂရုစိုက်ရမယ့်အချက်တွေ အများကြီးရှိနေသလို အဲဒီအလှူရှင်အနေနဲ့ ရောဂါလုံးဝ ကင်းစင်ရုံမက လုံလောက်တဲ့ တိုက်ဖျက်တဲ့ ခုခံပစ္စည်း Antibodies ရှိ၊ မရှိကိုလည်း သေသေချာချာ စမ်းသပ်  တိုင်းတာကြရမှာဖြစ်ပါတယ်။ ။

 

နောက်ထပ်ကုထုံးတစ်ခုကတော့ Monoclonal Antibody ခေါ်တဲ့ ကိုရိုနာဗိုင်းရပ်စ်ကနေ ဓာတ်ခွဲခန်းမှာ ပြုပြင်တီထွင်ထားတဲ့ အဲဒီဗိုင်းရပ်စ်ကို တိုက်ဖျက်ခုခံနိုင်တဲ့ ပရိုတိန်းတစ်မျိုးကိုပေးပြီး ကုသခြင်းပါ။ ဒီကုထုံးကို နယ်သာလန်နိုင်ငံ Utrecht University, Erasmus Medical Center and Global Pharmaceutical Company, Harbour BioMed တို့က စမ်းသပ်တာ ရလဒ်ကောင်းတွေ တွေ့ရတယ်လို့ Nature Communication Journal မှာဖော်ပြထားပါတယ်။ အလားတူကုထုံးနဲ့ စမ်းသပ်ကုသမှုကို အစ္စရေးနိုင်ငံက State run Israel Institute for Biological Research (IIBR) မှာပြုလုပ်နေသလို India, Hyderabad Bharat Biotech, New Millennium India Technology Leadership Institute မှာလည်း စမ်းသပ်နေကြပါတယ်။

 

ဆိုလိုတာကတော့ ဒီကိုဗစ်-၁၉ ကပ်ရောဂါဆိုးကြီးအတွက် ပျောက်အောင်ကုသတဲ့ဆေးရော၊ မဖြစ်အောင် ကာကွယ်တဲ့ ကာကွယ်ဆေးနှစ်မျိုးစလုံးကို ကမ္ဘာ့အနှံ့ အထူးဝီရိယစိုက် စမ်းသပ်ရှာဖွေနေကြသော်လည်း အခုထိရာနှုန်းပြည့် အောင်မြင်မှု မရသေးဘဲ ၂၀၂၀ ပြည့်နှစ်ကုန်တဲ့အထိတောင် ဖြစ်၊ မဖြစ်ဆိုတာ သိပ်မသေချာလှသေးပါဘူး။

 

ဒီ ကိုဗစ်-၁၉ ကပ်ရောဂါ စဖြစ်လာပြီး ကမ္ဘာ့အနှံ့ ပြန့်လာတဲ့အခါ နိုင်ငံတိုင်းက ကိုယ့်တိုင်းပြည်ရဲ့ အခြေအနေအရ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကိုယ်ကိုင်တွယ်ဆောင်ရွက်ကြပါတယ်။ အဓိကအောင်မြင်စေတဲ့ အချက်တွေကတော့ ရောဂါရှိ၊ မရှိ နှာခေါင်းနဲ့ အာခေါင်တို့ဖတ်မှ ပိုးရှာဖွေခြင်း (Test, Test, Test) လို့တောင် WHO က လုပ်ခိုင်းခဲ့တာပါ။ Test positive ရောဂါပိုးတွေ့တဲ့လူတွေကို သီးသန့်ခွဲပြီး နေစေခြင်း၊ ရောဂါပိုးရှိသူတွေနဲ့ အနီးကပ်ထိတွေ့ ဆက်ဆံခဲ့သူတွေ (အထူးသဖြင့် ၃ ပေမှ ၆ ပေအတွင်း ၁၅ မိနစ်ကြာအတူ အနီးကပ်နေခဲ့ခြင်း)ကို လိုက်လံရှာဖွေပြီး သူတို့ကိုလည်း သီးသန့်ခွဲပြီးနေစေခြင်းပါ။ ဒီရောဂါ ကူးစက်တာ အဓိကကတော့ Droplet Spread (နှာခေါင်းနဲ့ အသက်ရှူလမ်းကြောင်းကထွက်တဲ့ အမှုန်အမွှား) ဖြစ်ပြီး အဲဒီအမှုန်အမွှားတွေ ကျရောက်နေ၊ ထိနေတဲ့ မျက်နှာပြင်တွေကို လက်နဲ့ထိတွေ့ကိုင်တွယ်မိပြီး အဲဒီလက် နဲ့ T-Zone လို့ခေါ်တဲ့ မျက်စေ့မျက်လုံး နှစ်စုံ၊ နှာခေါင်း၊ ပါးစပ်တွေကို ထိတွေ့မိတာကြောင့်ပါ။ ဒါကြောင့် အရာဝတ္ထုတစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း၊ အပြင်ကပြန်လာတိုင်း လက်ကိုဆပ်ပြာနဲ့ စက္ကန့် ၂၀ ကြာအောင် စနစ်တကျ လက်ဆေးခြင်း၊ ဆပ်ပြာမရနိုင်တဲ့ မလွယ်တဲ့အချိန်နေရာ ဆိုရင် Alcohol ၇၀ ရာခိုင်နှုန်းပါတဲ့ လက်သန့်ဆေးရည် Hand Sanitizer နဲ့ လက်ဆေးခြင်း၊ တတ်နိုင်သမျှ မျက်နှာT-Zone ကို လက်နဲ့မထိအောင် သတိထားခြင်းဟာ အလွန်အရေးကြီးတဲ့ အပြုအမူအလေ့အကျင့်ပါ။

 

လေထုထဲက ပြန့်ပွားနိုင်

 

ဒီရောဂါ စဖြစ်ခါစကတော့ Surgical Mask ဆိုတဲ့ နှာခေါင်းစည်းကို လူနာတွေကို ပြုစုကုသနေတဲ့ ကျန်းမာရေး ၊ ဝန်ထမ်း Health Care Workers တွေကိုသာတပ်ဖို့ တိုက်တွန်းပြီး အများပြည်သူတွေက မလိုဘဲ မတပ်ကြခြင်းဖြင့် ကျန်းမာရေးဝန်ထမ်းတွေအတွက် ထားပေးကြဖို့ ပြောခဲ့ရာက နောက်ပိုင်း ရောဂါပိုပြန့်ပွားလာတဲ့အပြင် ကူးစက်မှုကလည်း Airborne Transmission လေထုထဲက ပြန့်ပွား နိုင်သလို ယူဆလာတဲ့အခါမှာတော့ အိမ်အပြင်ထွက်တဲ့ လူတိုင်း နှာခေါင်းစည်းတပ်ကြဖို့ တိုက်တွန်းခဲ့ကြရပါတယ်။ လူတစ်ဦးကနေတစ်ဦး ကူးစက်ခြင်း လျော့နည်းအောင် Physical (Social) Distancing လို့ခေါ်တဲ့ လူတစ်ဦးနဲ့ တစ်ဦး ခပ်ခွာခွာနေကြခြင်းကိုလည်း ကျင့်သုံးနေကြပါတယ်။

 

ရောဂါပိုးတွေ့ရှိတဲ့ လူတွေမှာလည်းတချို့နိုင်ငံတွေမှာ အိမ်မှာပဲနေခိုင်းပြီး အသက်ရှူကျပ်လာမှ ဆေးရုံတင်ကြတဲ့ နိုင်ငံတွေရှိသလို ရောဂါပိုးတွေ့ပြီး ရောဂါလက္ခဏာမရှိ၊ မပြသေးတဲ့လူနဲ့ ရောဂါလက္ခဏာ လုံးဝမရှိ၊ မပြတဲ့လူတွေ ကို ဆေးရုံတင် စောင့်ကြပ်ကြည့်ရှုပြီး လိုသလိုကုသမှုလုပ်တဲ့ နိုင်ငံတွေလည်း ရှိပါတယ်။ ဒီရောဂါ ကူးစက်ခံရတဲ့ လူတွေမှာ ၈၀-၈၅ ရာခိုင်နှုန်းက အပရိကလောက်နဲ့ပြီးသွား၊ ပျောက်သွားတတ်တာမို့ တချို့နိုင်ငံကြီးတွေက ဒီရောဂါကို လျှော့တွက်ခဲ့ကြပြီး လူထုထဲမှာ ရောဂါပိုးပြန့်ပြီး Herd Immunity ခေါ်တဲ့ လူအုပ်စုလိုက် ရောဂါခုခံတိုက်ခိုက်နိုင်စွမ်းပေါ်အောင် ရောဂါရှိတဲ့လူတွေကို ပြုစုကုသမှု သိပ်မလုပ်ကြဘဲ တမင်လွှတ်ထားခဲ့ကြတဲ့သဘောနဲ့ လုပ်ခဲ့ကြပါတယ်။

 

ရောဂါကို လျှော့တွက်ခဲ့လို့ အင်္ဂလန်လိုနိုင်ငံကြီးမှာ အဲဒီလိုလူနာတွေကို ရှေ့တန်းမှာ ကြည့်ရှု ကုသပေးနေရတဲ့ ဆရာဝန်၊ ဆရာမ၊ ကျန်းမာရေးဝန်ထမ်းတွေကို လုံလောက်တဲ့ အကာအကွယ်ပစ္စည်းတွေဖြစ်တဲ့ PPE, N-95 Respirator, Goggles စသည်ဖြင့် မပေးဘဲ ရိုးရိုး Surgical Mask, Scrub Suit, Apron တွေနဲ့ပဲ လုပ်ခဲ့ကြရလို့ ဆရာဝန်၊ ဆရာမ၊ ကျန်းမာရေးဝန်ထမ်းတွေ ရာနဲ့ချီပြီး ရောဂါကူးစက်ကြရပြီး အသက်ဆုံးပါးသွားကြရတဲ့အထိ ဖြစ်ခဲ့ရပါတယ်။

 

မိမိတို့နိုင်ငံအနေနဲ့ ကိုယ့်နိုင်ငံအခြေအနေအပေါ် မူတည်ပြီး ဆောင်ရွက်ခဲ့ကြရာမှာ တိုင်းပြည်ရဲ့ ဘဏ္ဍာရေးကြောင့် စမ်းသပ်မှု Test ကို ပထမပိုင်းမှာ အများကြီးမလုပ်နိုင်ခဲ့ပေမယ့် ကျန်တဲ့လုပ်ဆောင်ချက်တွေကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဦးဆောင်မှုနဲ့ ဌာနဆိုင်ရာ အဆင့်ဆင့်သော ဝန်ထမ်းများရဲ့ စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်မှု၊ ပြည်သူလူထု၊ အလှူရှင်များရဲ့ သဒ္ဓါတရားအပြည့်နဲ့ လှူဒါန်းပံ့ပိုးမှုတွေနဲ့ လက်ရှိအနေနဲ့ ထိန်းထားနိုင်တဲ့ အခြေအနေဖြစ်နေပါ တယ်။

 

အဘက်ဘက်မှာ ထိခိုက်ယုတ်လျော့အပေါ်မှာ ဖော်ပြခဲ့သလိုဒီ ဗိုင်းရပ်စ်ပိုးက အသစ်မို့လို့ သူ့အကြောင်းကို လေ့လာနေဆဲဖြစ်ပေမယ့် သေချာတာကတော့ ဒီကိုဗစ်-၁၉ ရောဂါဟာ လောကကြီးကနေ လုံးဝပျောက်ကွယ်သွားမှာမဟုတ်ဘဲ ဆက်ရှိနေတော့မှာပါ။ ဒီရောဂါဟာ လူသားတွေကို ကျန်းမာရေး ထိခိုက်ရုံ တင်မကပါဘူး။ ခရီးအသွားအလာတွေပိတ်၊ အလုပ်ရုံ၊ စက်ရုံတွေပိတ်၊ ကျောင်းတွေပိတ်၊ ပန်းခြံတွေ၊ ကစားကွင်းတွေ အပန်းဖြေစခန်း၊ ကမ်းခြေတွေပိတ်၊ လူသားအားလုံး ကိုယ့်အိမ်မှာပဲနေပြီး တစ်ယောက်နဲ့တစ်ယောက် ခပ်ဝေးဝေးနေ၊ လုံးဝပိတ်ဆို့မှုတွေ လုပ်နေကြရတာမို့ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး၊ ဆက်ဆံပေါင်းသင်းရေး အဘက်ဘက်မှာ ထိခိုက်ယုတ်လျော့နေတာ အငြင်းပွား စရာမရှိပါဘူး။ အခု ဒီရောဂါဆိုးကြီးဟာ နိုင်ငံအတော် များများမှာ ဖြစ်ပွားမှုတန့်သွားပြီး အချို့နိုင်ငံတွေမှာ ဖြစ်ပွားမှုကျဆင်းလာကာ ပထမလှိုင်း ပြီးသွားလောက်ပြီလို့ ယူဆနေတဲ့ နိုင်ငံတွေလည်း ပေါ်ပေါက်လာပါတယ်။ ဖြစ်ပွားမှု မကျသေးလို့ အရေးပေါ်အခြေအနေတို့၊ ပိတ်ဆို့မှုတို့ကို ဆက်တိုးမြှင့်ဆဲ တိုင်းပြည်တွေလည်း ရှိနေသေးပါတယ်။

 

အဲဒီလို ဖြေလျှော့ကြတဲ့အခါ တချို့က အချက်ကြီး လေးချက်ကိုမူတည်ပြီး ဆောင်ရွက်ဖို့လိုတယ်လို့ ယူဆ ကြပါတယ်။ (၁) ရောဂါကူးစက်မှု အဆင့်အခြေအနေ၊ (၂) ပြည်သူလူထုရဲ့ လက်ခံနိုင်မှုသဘောထား၊ (၃) ပြည်သူ့ကျန်းမာရေး စွမ်းဆောင်နိုင်မှုအတိုင်းအတာနဲ့ (၄) ကျန်းမာရေးစနစ်ကြီး တစ်ခုလုံးရဲ့ မျှဝေသုံးစွဲဆောင် ရွက်နိုင်မှုတို့ပဲ ဖြစ်ပါတယ်။ ။

 

ပထမဆုံးအချက် ရောဂါကူးစက်မှု အဆင့်အခြေအနေ infection status နဲ့ပတ်သက်လို့ (က) ရောဂါဖြစ် ပွားမှုနှုန်းနဲ့ တွက်ချက်ကြပါတယ်။ အဲဒါကတော့ သတ်မှတ်ထားတဲ့ အချိန်အတိုင်းအတာ တစ်ခုအတွင်းမှာ ဖြစ်နိုင်ခြေရှိနေတဲ့ လူတွေထဲမှာ တွေ့ခဲ့ဖြစ်ခဲ့တဲ့ လူနာအသစ် (the number of new cases within a time period, as a proportion of the number of people at risk) ကို မူတည်ပြီး တွက်လေ့ရှိပါတယ်။ လူနာအသစ်တွေ့ရှိမှု နှုန်းနည်းလာခြင်းဟာ ရောဂါပိုးပျံ့နှံ့မှု လျော့နည်းသွားတာ တစ်နည်းအားဖြင့် ရောဂါဖြစ်နှုန်း တန်းသွားတာလို့ ယူဆလို့ရပါတယ်။ ။

 

နည်းနိုင်သမျှ နည်းဖို့လို

 

ဒီလိုကူးစက်ရောဂါတွေ ကူးစက်ပြန့်ပွားတဲ့အခါ the basic reproduction number (Ro) လို့ခေါ်တဲ့ အခြေခံပိုးပွားနှုန်း နည်းနိုင်သမျှ နည်းဖို့လိုပါတယ်။ (Ro) should be below 1 (ခ) နောက်တစ်ချက်က ရောဂါကူးစက်သွားတဲ့လူ နှစ်ဆဖြစ်အောင် စုစုပေါင်း ဘယ်နှရက်လိုမလဲ (the doubling rate of infection)၊ အဲဒီ doubling rate က နှစ်ပတ်ကနေ တစ်လလောက် ဖြစ်ပြီဆို ပိတ်ဆို့မှုတွေ ဖြေလျှော့နိုင်ဖွယ် ရှိတယ်လို့ယူဆကြပါတယ်။ (ဂ) တတိယအချက်အနေနဲ့ ပိုးရှိနေတဲ့ လူတွေကနေ ထိတွေ့မိနိုင်တဲ့ Contact တစ်ယောက်ထက် နည်းရပါမယ်။ ဆိုလိုတာက ပိုးရှိတဲ့လူ ၁၀ ယောက်ကနေ Contact ၁၀ ယောက်နဲ့အောက် ဖြစ်ရမယ့်သဘောပါ။ (ဃ) နောက်ဆုံးအချက်ကတော့ testing positivity rate ခေါ်တဲ့ လူအများအပြား စစ်တဲ့ထဲက ပိုးတွေ့တဲ့လူ ၅ ရာခိုင်နှုန်းထက် မများသင့်ပါဘူး။ အဲဒီ (၄) ချက်ကနေ ရောဂါကူးစက်မှု အဆင့်အခြေအနေ infection status ကို တွက်ချက်မှန်းဆကြပါတယ်။

 

ပြည်သူလူထုရဲ့ လက်ခံနိုင်မှုသဘောထားကလည်း Exit strategy အတွက်အရေးကြီးတဲ့အချက်ပါ။ ဒီအချက်ကိုစဉ်းစားတဲ့အခါ ပြည်သူလူထုရဲ့ ကျန်းမာရေးအသိသာမက စီးပွားရေး၊ နိုင်ငံရေး၊ လူမှုဆက်ဆံရေးတွေပါ အကုန်ထည့်စဉ်းစားကြရမှာပါ။ ရောဂါကိုကြောက်ပြီး တစ်သက်လုံး Stay at Home တွေ၊ Lockdown တွေလုပ်နေလို့ မဖြစ်နိုင်သလို၊ စီးပွားရေး၊ လူမှုရေးတွေအတွက် မတ်လ မတိုင်ခင်က နေခဲ့သလို၊ လုပ်ခဲ့သလိုလည်း နေလို့၊ လုပ်လို့ မဖြစ်နိုင်တော့ပါဘူး။ Social Distancing က တော့ လပေါင်းများစွာ ဆက်ရှိနေလုပ်နေကြရမှာပါ။ ။

 

(ဆက်လက်ဖော်ပြပါမည်)