ကိုရိုနာဗိုင်းရပ်စ်နဲ့ တူညီစွာကျော်ဖြတ်ကြမယ် ဘဝသစ်ဆီသို့ကွယ် ...

(ပါမောက္ခသိန်း၊ ဆေးတက္ကသိုလ်-၁-ရန်ကုန်)

(ယမန်နေ့မှအဆက်)

ပြည်သူ့ကျန်းမာရေးစွမ်းဆောင်နိုင်မှု အတိုင်းအတာ (public health capacity) အနေနဲ့ဆိုရင်လည်း လက်ရှိ ဆောင်ရွက်နေကြတဲ့ ရောဂါရှာဖွေထိန်းချုပ်ကာကွယ် ကုသနေတဲ့ လုပ်ငန်းအစုစုကို အရှိန်အဟုန်မချဘဲ ဆက်လက်ဖြည့်တင်းစုဆောင်းခြင်း၊ Surveillance လုပ်ငန်းတွေဖြစ်တဲ့ ရောဂါပိုးရှိသူတွေရှာဖွေခြင်း၊ လိုအပ်တဲ့လူစုတွေကို ပိုးရှိ၊ မရှိစစ်ဆေးခြင်း၊ ရောဂါပိုး ရှိနေသူတွေနဲ့ အနီးကပ်တွေ့ထိမိသူများကို စေ့စေ့စပ်စပ် ရှာဖွေခြင်း၊ Contact Tracing လိုအပ်သူများကို Quarantine လုပ်ခြင်းတွေကို ဆက်လက်ဆောင်ရွက်နေရင်း ပွင့်လင်းမြင်သာစွာ လူထုအနေနဲ့ လက်ရှိအခြေအနေကို အမှန်အတိုင်း နားလည်လိုက်နာနိုင်အောင် အချိန်နဲ့ တစ်ပြေးညီ ထုတ်ပြန်ပေးခြင်းတွေ လိုအပ်မှာပါ။

ကျန်းမာရေးစနစ်ကြီးတစ်ခုလုံးရဲ့ မျှဝေသုံးစွဲ ဆောင်ရွက်နိုင်မှု(health system spare capacity) အပိုင်း မှာလည်း အခုကြုံတွေ့နေတဲ့ ကပ်ရောဂါကြီးရဲ့ အားနည်းချက်၊ လိုအပ်ချက်တွေ ဥပမာ ကာကွယ်ရေး ပစ္စည်းများ၊ အရေးပေါ်နှင့် အသည်းအသန်ကုသမှု အတွက် အဆောင်၊ ခုတင်၊ ကုသမှုဆိုင်ရာ ကျွမ်းကျင် သူများ မလုံလောက်မှုတွေကို မြေပြင်အခြေအနေ အတိအကျသိရအောင် လေ့လာရှာဖွေပြီး ဖြည့်တင်းထား ကြရမှာပါ။

သင်ခန်းစာယူ

အရင်ကဖြစ်ခဲ့တဲ့ SARS နဲ့ MERS Outbreak တွေတုန်းက အဲဒီလို လိုအပ်ချက်တွေကို သေသေချာချာ စိစစ်ပြီး ပြင်ဆင်ခဲ့တဲ့ ဟောင်ကောင်၊ ကိုရီးယားနဲ့ စင်ကာပူတို့ကို သင်ခန်းစာယူကြရပါမယ်။ Second Wave လို့ခေါ်တဲ့ ဒုတိယလှိုင်း ဒုတိယအကြိမ်များ ပြန်ဖြစ် လာရင် ကျန်းမာရေးဆိုင်ရာ ကာကွယ် စောင့်ရှောက်ကုသမှု လုံးဝလိုအပ်ချက်မရှိအောင် လက်ရှိထက်ပိုပြီးဖြည့်တင်း ပြင်ဆင်ကြရပါမယ်။ နိုင်ငံတိုင်းမှာ အသည်းအသန် လူနာ ပြုစုကုသခြင်း (Intensive care training) ကို ဆရာဝန်၊ ဆရာမတိုင်းလိုလို ကျွမ်းကျွမ်းကျင်ကျင်ဖြစ်နေအောင် လေ့ကျင့်ပျိုးထောင်ပေးထားဖို့လိုသလို အရေးပေါ် လူနာတင် သယ်ယူပို့ဆောင်ခြင်း (Ambulance services) အတွက် ယာဉ်ရော၊ ကျွမ်းကျင်ဝန်ထမ်းအရေအတွက် ရော အရည်အချင်း မြှင့်တင်ထားဖို့လည်း လိုပါတယ်။ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာတော့ ဒီလိုကျန်းမာရေးဝန်ဆောင်မှု တွေအပြင် အိမ်ခြေရာမဲ့လူတန်းစား (Homeless)၊ လူအိုရုံ/ဘိုးဘွားရိပ်သာ (Nursing / Care Home) တွေ အတွက်ပါ ထည့်စဉ်းစားဆောင်ရွက်ကြပါတယ်။ အဲဒီလို Exit Strategy တွေကို ဆောင်ရွက်နေကြရာမှာ နိုင်ငံ တစ်နိုင်ငံထဲမှာတောင် ပြည်နယ်တစ်ခုနဲ့တစ်ခု တူချင်မှ တူပါမယ်။

အခု မိမိတို့နိုင်ငံအပါအဝင် နိုင်ငံအတော်များများမှာ ကျင့်သုံးနေတဲ့ စနစ်ကိုပြန်ကြည့်လိုက်ရင် နိုင်ငံတကာနဲ့ ခရီးသွားလာရေးတွေ ရပ်ထားတယ်။ နေရပ်ပြန်တွေကို Quarantine လုပ်ထားတယ်။ ဆေးရုံ၊ ဆေးခန်းတွေမှာ တက်နေ၊ ပြနေတဲ့လူနာထဲက မသင်္ကာတဲ့လူတွေကို ပိုးရှိ၊ မရှိစစ်တဲ့အပြင် Quarantine လုပ်ထားတဲ့ နေရပ်ပြန် တွေကိုပါ ပိုးစစ်တယ်။ အဲဒီလူနာတွေ၊ ပိုးတွေ့လိုက်တဲ့ လူတွေနဲ့ ထိတွေ့ဆက်ဆံဖူးတဲ့သူတွေကို Contact Tracing မရရအောင် စုံစမ်းရှာဖွေပါတယ်။ ဆေးရုံ တက်ရောက်ကုသတဲ့လူနာတွေကို အဖန်ဖန်ညှိနှိုင်း ဆုံးဖြတ်ထားတဲ့ Guideline အတိုင်း အကောင်းဆုံးပြုစု ကုသစောင့်ရှောက်ပေးနေတယ်။

အတန်တန်တားမြစ်

ပြည်သူလူထုအနေနဲ့ မလိုအပ်ရင် အိမ်ပြင် မထွက်ကြဘဲ Stay Home နေခိုင်းတယ်။ မဖြစ်မနေ အပြင်ထွက်ရသူမှန်သမျှ ပါးစပ်နှာ‌ခေါင်းစည်း (Face Mask) မတပ်မနေတပ်ရတယ်။ Social/ Physical Distancing လုပ်ငန်းဌာနတွေမှာ လမ်းခရီးနဲ့ အိမ်အပြင် မှာ လူတစ်ယောက်နဲ့တစ်ယောက် ဖြစ်နိုင်ရင် ခြောက်ပေ၊ မဖြစ်နိုင်လွန်းရင် အနည်းဆုံး သုံးပေ ခွာနေခိုင်းထားတယ်။ မလိုအပ်ဘဲ လူစုလူဝေးမလုပ်ကြဖို့ အတန်တန် တားမြစ်ထားတယ်။ အဲဒါတွေအားလုံးကို တတ်နိုင်သမျှ ဆက်ပြီး ကျင့်သုံးဆောင်ရွက်ကြရမှာဖြစ်ပါတယ်။

အရင်က အစာမစားခင်၊ စားပြီးနဲ့ အညစ်အကြေးနဲ့ ထိတွေ့ကိုင်တွယ်ပြီးမှ လက်ဆေးတတ်ကြတယ်။ ဆေးရင်လည်း သိပ်စနစ်တကျဖြစ်ချင်မှဖြစ်မှာ။ အခုတော့ ပုံမှန်အပြင် အပြင်ကပြန်လာတိုင်း၊ အရာဝတ္ထုတစ်ခုခုနဲ့ ထိတွေ့ကိုင်တွယ်ပြီးတိုင်း ဆပ်ပြာနဲ့ အနည်းဆုံး စက္ကန့် ၂၀ ကြာအောင် စနစ်တကျ လက်ဖဝါး၊ လက်ဖမိုး၊ လက်ချောင်း၊ လက်မ ၊ လက်ကောက်ဝတ်မကျန် ဆေးတဲ့ အကျင့်လုပ်ရတော့မှာပါ။ မိမိလက်ကိုလည်း အရင်လို အမှတ်တမဲ့ ဟိုကိုင်ဒီကိုင်မလုပ်မိအောင် ဥပမာ လှေကား သံတန်းတို့၊ တံခါးတို့ကို မထိမကိုင်မိအောင် ဂရုစိုက်ရ တော့မယ်။ အမှတ်တမဲ့ ထိမိကိုင်မိတာနဲ့ လက်ကို စနစ်တကျ ပြန်ဆေးရတော့မယ်။ လူနေမှုစနစ်အနေနဲ့ တစ်ချိန်က လူတစ်ယောက်နဲ့တစ်ယောက် တွေ့လို့ နှုတ်ဆက်ရင် လက်ဆွဲနှုတ်ဆက်တာကို မလုပ်တော့ဘဲ ဦးခေါင်းလေးညွှတ်ပြီး နှုတ်ဆက်တာမျိုး၊ အရှေ့တိုင်းထုံးစံ လက်အုပ်ချီတာမျိုးတွေ ပြောင်းလုပ်ကြရတော့မယ်။ တချို့ က ထွင်ပြီးနှုတ်ဆက်ကြပုံတွေလည်း တွေ့မှာပေါ့။

အကျင့်လုပ်ရတော့မယ်

နောက်တစ်ခုက Cough Etiquette ပါ။ အရင်အချိန် တွေက တချို့လူတွေက လူကြားထဲပေမယ့် ဒီအတိုင်း နှာချေ၊ ချောင်းဆိုးလုပ်လိုက်တတ်ကြတယ်။ အခု Mask တပ်ထား တာမို့ အလိုလိုကာကွယ်ပြီးသားဖြစ်နေမှာ။ Mask မတပ်ထား တဲ့အချိန်ဆိုရင်လည်း လက်ကိုင်ပဝါဖြစ်စေ၊ တစ်ရှူးစက္ကူ ဖြစ်စေ၊ နောက်ဆုံး ကိုယ့်အင်္ကျီလက်မောင်း လက်ဖျံဖြစ်စေ ခံပြီး နှာချေချောင်းဆိုးတဲ့အကျင့် လုပ်ရတော့မယ်။

ဆေးဘက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းတွေအဖို့ လူနာတွေကိုကြည့်ရှုကိုင်တွယ်ကုသနေတဲ့အခါ အနည်းဆုံး Surgical Mask ကနေ လိုအပ်လာရင် N-95၊ KN-95၊ FFP-2/3 ဆိုတဲ့ Respirator ခေါ်တဲ့ Special mask တွေ အထိ မဖြစ်မနေ သုံးကြရမှာပါ။ လူနာတွေနဲ့ ထိတွေ့နေတာ မဟုတ်တဲ့ သာမန်လူတွေအဖို့ တတ်နိုင်လို့ Surgical Mask သုံးချင်ရင်သုံးလို့ရပေမယ့် N-95၊ KN-85 လို Special Mask တွေတော့ လုံးဝမလိုသလို ဝတ်လည်း မဝတ်သင့် ပါဘူး။

နိစ္စဓူဝသုံးနိုင်ဖို့

သာမန်လူတွေ ဒါမျိုးတွေဝတ်တာဟာ ဒီပစ္စည်း တွေကို တကယ်လိုနေတဲ့သူတွေအတွက် လျော့နည်းသွား နိုင်လို့ သူတို့တွေအတွက် အခက်အခဲဖြစ်သလို သာမန်လူ တွေအတွက်လည်း အားရပါးရ အသက်ရှူမရလို့ ကြာရှည် ဝတ်ထားရင် ကျန်းမာရေးထိခိုက်နိုင်ပါတယ်။ Surgical Mask က တစ်ခါသုံးပြီးရင် လွှင့်ပစ်ရမှာပါ။ ဒါပေမယ့် ပုံမှန်မိသားစုတွေ နိစ္စဓူဝသုံးနိုင်ဖို့ လက်တွေ့မှာ မဖြစ်နိုင် ပါဘူး။ ဒါကြောင့် WHO နဲ့တကွ အမေရိကန်၊ ဂျပန်၊ ကိုရီးယားလို နိုင်ငံကြီးတွေမှာပါ Home Made Cotton Face Mask လေးတွေသုံးဖို့ တိုက်တွန်းကြသလို မိမိတို့ဆီ မှာလည်း အမေစုကိုယ်တိုင်လည်း ချုပ်ပြ၊ ပြိုင်ပွဲလည်း လုပ်ပေးခဲ့တာပါ။

Home Made Cotton Face Mask ကလည်း ဒီအတိုင်းအဝတ်နှစ်စကို တွဲချုပ်တာမျိုးလောက် မဟုတ် တော့ဘဲ သိပ္ပံနည်းကျ သုတေသနတွေလုပ်ကြပြီး ရောဂါပိုးကို ကာကွယ်နိုင်စွမ်း အတော်အတန်အဆင့်ရှိတဲ့ Home Made Cotton Face Mask တွေ ထွက်ပေါ်လာပါတယ်။ ဟောင်ကောင်က Scientist Dr.K Kwun ဆိုတဲ့ သိပ္ပံပညာရှင် က သူတို့ဟောင်ကောင်မှာ SARS ဖြစ်ပြီးကတည်းက သာမန်လူတွေအတွက် ကာကွယ်မှုပေးနိုင်တဲ့ Non Surgical Cotton Face Mask ကို တစိုက်မတ်မတ် သုတေသနလုပ် တီထွင်ခဲ့ပြီး အောင်မြင်မှုရခဲ့တာပါ။ ထည့်ထားတဲ့ Filter ကြောင့် ရောဂါပိုးကာကွယ်နှုန်း ၉၁ ရာခိုင်နှုန်းအထိ ရှိတယ်လို့ အသိအမှတ်ပြုထားကြပါတယ်။

ဒီ Mask ရဲ့အတွင်းဘက်မှာ Pocket လေးလို အိပ်လေးပါပါတယ်။ ဒီအထဲကို Kitchen Towel / Toilet Paper / Tissue Paper Filter လေးထည့်သုံးရပါတယ်။ အဲဒီ Filter လေးကိုတော့ လဲသုံးရပေမယ့် Mask ကို တစ်နေ့လုံးသုံးပြီး ညကျ Filter ထုတ်ပြီး အဝတ် Mask ကိုလျှော်၊ နောက်တစ်နေ့ ပြန်သုံးလို့ရပါတယ်။ ဒါမျိုး နှစ်ထည်၊ သုံးထည်ဆောင်ထားပြီး အလဲအလှယ်သုံးလို့ ရတာပေါ့။ တချို့လူတွေက Mask တပ်ထားရင် လေမဝင် ဘူး၊ အသက်ရှူလို့မရဘူးလို့ထင်ကြတယ်။ တကယ်က Mask တပ်ထားပေမယ့် လေက Mask မတပ်ထားသလိုဘဲ အပြည့်အဝဝင်ပါတယ်။ Mask က အမှုန်အမွှားတွေနဲ့ ရောဂါကိုသာ မဝင်အောင်တားတာ၊ Filter လုပ်တာပါ။ အလေ့အကျင့်ရသွားရင် မျက်မှန်တပ်တဲ့လူ၊ လက်စွပ် ဆွဲကြိုးဝတ်တဲ့လူ ဝတ်နေကျ မဝတ်ရင်တောင် မနေတတ် သလို ဖြစ်ရမှာပါ။

နှာခေါင်းနဲ့ပါးစပ် လုံအောင်ဝတ်

အပြင်ထွက်ရင် ဖိနပ်ကို လူတိုင်းဝတ်ပြီးမှ ထွက်ကြ တာ၊ မဝတ်ဘဲ ဘယ်လိုမှ မထွက်ဖြစ်သလို Mask ကိုလည်း အပြင်ထွက်မယ်ဆိုတာနဲ့ Second Nature လို တပ်ကို တပ်ပြီးမှ ထွက်မိအောင်ကို အကျင့်လုပ်ကြရမှာပါ။ နောက် အရေးအကြီးဆုံးအချက်က Mask က Face Mask ။ ပါးစပ်နဲ့ နှာခေါင်းစည်းပါ။ တချို့က Mask ကိုဆွဲချပြီး မေးစေ့မှာ ချိတ်ထားတတ်ပါတယ်။ Face Mask ပါ၊ Chin Mask မဟုတ်ပါဘူး။ အဓိက နှာခေါင်းနဲ့ပါးစပ်ကနေ ရောဂါပိုး မဝင်အောင် ကာကွယ်တာမို့ နှာခေါင်းနဲ့ပါးစပ် လုံအောင်ဝတ်ကြရမှာပါ။ ဝတ်ထားပြီးရင်လည်း လက်နဲ့ မထိမိ မကိုင်မိအောင် သတိထားနေရမှာပါ။ တကယ်လို့ Mask က စိုသွားရင် Surgical Mask ဆို လုံးဝအသစ် လဲလိုက်ရမှာပါ။ ပြီးရင်တော့ သုံးပြီးသား Mask ရဲ့ မျက်နှာပြင်ကို လက်နဲ့မထိအောင် နားကွင်းကနေ ကိုင်ချွတ်ပြီး သတ်မှတ်ထားတဲ့ အမှိုက်ပုံးထဲကို စနစ်တကျ လွှင့်ပစ်ကြရပါမယ်။ Cloth Mask ဆိုရင်လည်း လဲရမှာပါပဲ။ အထဲက Filter ကိုဖယ်ပြီး ပြန်လျှော်၊ Filter အသစ်ထည့် ပြီး ပြန်သုံးရမှာပါ။

သတိထားရှောင်ရှား

အခုန‌ပြောခဲ့သလိုပဲ တစ်ခုခုကိုင်ပြီးတိုင်း၊ အပြင်က ပြန်လာတိုင်း လက်မဆေးဘဲ မနေနိုင်တဲ့အကျင့် ဖြစ်နေ အောင်လုပ်ကြရမှာပါ။ လက်ကိုလည်း အနည်းဆုံး စက္ကန့် ၂၀ ကြာ ခဏခဏပြောခဲ့သလို စနစ်တကျ ဆပ်ပြာနဲ့ဆေးဖို့၊ အပြင်ရောက်နေလို့ ဆပ်ပြာရဖို့မလွယ်ရင် Alcohol ၇၀ ရာခိုင်နှုန်းပါတဲ့ Hand Gel / Hand sanitizer ကို ဆောင်ထားပြီး သုံးသင့်ပါတယ်။ နောက်အရေးအကြီးဆုံး အချက်ကတော့ လက်နဲ့ တတ်နိုင်သမျှ ဘာပစ္စည်းကိုမှ မကိုင်မိအောင် ဥပမာ တံခါးလက်ကိုင်၊ လက်ရန်း စသည် ပေါ့။ လက်နဲ့ မျက်နှာကိုမထိ၊ မကိုင်မိအောင် သတိထား ရှောင်ရှားကြရပါမယ်။ မကြာခင် ပြန်ဖွင့်ဖို့ တာဆူနေတဲ့ လုပ်ငန်းတွေ၊ ဆိုင်တွေ၊ ကျောင်းတွေမှာလည်း Social Distancing နဲ့လက်ဆေးနိုင်တဲ့ facilities တွေ မဖြစ်မနေ ထားရှိပေးကြရပါတော့မယ်။

ရောဂါလုံးဝမကူးတာ သိသာပါတယ်။ လူအများကြီး စုရုံးနိုင်တဲ့ လူမှုရေး၊ ဘာသာရေးပွဲတွေ၊ စည်းဝေးပွဲတွေ၊ ညီလာခံတွေ၊ ပွဲလမ်းသဘင် ပျော်ပွဲရွှင်ပွဲတွေကတော့ လောလောဆယ် ဘယ်လိုမှလုပ်ခွင့်မပေးနိုင်သေးပါဘူး။ မဖြစ်လို့ လူတောထဲနေရ သွားရရင်လည်း ရောဂါပိုးပျံ့နှံ့ နိုင်တဲ့အကွာအဝေး၊ ဖြစ်နိုင်ရင် ခြောက်ပေအကွာမှာ နေကြ၊ လုပ်ကြရင် အန္တရာယ်ကင်းပါတယ်။ ဒါကြောင့် အခု ပြန်စဖွင့်နေတဲ့ အလုပ်ရုံ၊ စက်ရုံတွေမှာ လုပ်သားတွေ၊ အလုပ်သမတွေ တစ်ယောက်နဲ့ တစ်ယောက် ခြောက်ပေကွာ ထားနိုင်အောင် စီစဉ်ပေးထားမှ အလုပ်ရုံ၊ စက်ရုံဖွင့်ခွင့်ပြု ထားပါတယ်။ နောက်ဆက်လက်ဖွင့်လှစ်မယ့် ဆိုင်တွေ၊ လုပ်ငန်းတွေ၊ ကျောင်းတွေမှာလည်း ဒီလို စီစဉ်ကြ ရမှာပါ။

အားလုံးက ပါဝင်ပူးပေါင်း

အဲဒီမှာ Store တွေ၊ Super Market တွေ၊ ဈေးဆိုင် တွေမှာ ဝယ်ခြမ်းကြမယ်ဆိုရင် အခုလို စုပြုံတိုးဝှေ့ဝယ်တဲ့ အကျင့်အစား တန်းစီ(Queue)လုပ်ပြီး ဝယ်တဲ့ဓလေ့ကို အကျင့်လုပ်ကြရမှာပါ။ ဈေးဝယ်တာ၊ လက်မှတ်ဝယ်တာ၊ ပိုက်ဆံပေးတာ အရာရာမှာ Queue လုပ်ကြရတော့မှာပါ။ အဲဒီဆိုင်တွေ၊ ဌာနတွေအားလုံးကလည်း Queue လုပ်ရမယ့် အကွာအဝေး လူရပ်ဖို့နေရာလေးတွေ မြင်သာအောင် ဆွဲပေးထားကြဖို့လိုပါတယ်။ ဘတ်စ်ကားမှတ်တိုင်တွေနဲ့ ဘတ်စ်ကားပေါ်တက်တဲ့အချိန်မှာ အဲဒီကိစ္စလုပ်ရမှာ ခဲယဉ်းနိုင်ပေမယ့် ဖြစ်အောင် အားလုံးက ပါဝင်ပူးပေါင်း ဆောင်ရွက်ကြရပါမယ်။ Public Transport တွေနဲ့ သွားလာနေရတဲ့ ပြည်သူပြည်သားတွေအတွက် ဘတ်စ်ကား၊ ရထားတွေပေါ်မှာ Social Distancing ရနိုင်အောင် Spacing တွေ ပြန်လုပ်ပေးရမှာဖြစ်ပါတယ်။

အခု ကိုဗစ်-၁၉ ရောဂါကြီးဟာ အသစ်ပေါ်လာတဲ့ ရောဂါအဆန်း၊ တစ်ကမ္ဘာလုံးထိခိုက်သွားတဲ့ ကပ်ရောဂါ ပေါ့။ မိမိတို့ကမ္ဘာကြီးမှာ ဒီလိုရောဂါအသစ်တွေ အချိန် မရွေး ထပ်ဖြစ်ထပ်ပေါ်လာနိုင်တာကို ကျန်းမာရေးဆိုင်ရာ၊ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူတွေက အမြဲသတိထားစောင့်ကြည့်လေ့လာနေကြရမှာပါ၊။ နောက်တစ်ချက်က ကိုဗစ်-၁၉ ရောဂါဖြစ်နေလို့ နဂိုရှိနေဖြစ်နေကျရောဂါတွေ ကမ္ဘာပေါ်မှာ ပျောက်သွားတာမဟုတ်ပါဘူး။ မိမိတို့နိုင်ငံ မှာ အခုတလော အပူဒဏ်ပြင်းလို့ Heat Stroke နဲ့ ဆေးရုံ တက်ကုသရ၊ အသက်ဆုံးကြရတာတွေ သတိထားမိ ပါတယ်။

မမေ့ကြဖို့လို

အခုဆို နှစ်စဉ်ဒီအချိန်ဖြစ်နေကျ ရာသီတုပ်ကွေး၊ ဆင်တုပ်ကွေး၊ ကလေးတွေဆို သွေးလွန်တုပ်ကွေးတွေ လာတော့မှာပါ။ မိုးဦးကာလမို့ ဝမ်းလျှောဝမ်းပျက်၊ ဝမ်းကိုက်တာတွေလည်းဖြစ်လေ့ရှိတာကို ဂရုစိုက်ပြီး အရင်နှစ်တွေလိုပဲ ဒီရောဂါတွေမဖြစ်ကြအောင် ကာကွယ် သင့်တာတွေလည်း မမေ့ကြဖို့လိုပါတယ်။ နဂိုက ရှိရင်းစွဲ ရောဂါရှိနေသူတွေအဖို့လည်း မိမိခံစားနေကြရတဲ့ရောဂါနဲ့ ပတ်သက်လို့ သောက်နေကျဆေးတွေ မှန်မှန်သောက်၊ ပြနေကျ ဆရာဝန်တွေနဲ့ မှန်မှန်ပြ၊ ပုံမှန်အတိုင်း အိပ်ရေး ဝဝအိပ်၊ သင့်တင့်မျှတတဲ့ အစားအစာမှန်မှန်စား၊ သင့်တော် မျှတတဲ့ ကိုယ်လက်လေ့ကျင့်ခန်းတွေ မှန်မှန်လုပ်နေကြ ဖို့ တိုက်တွန်းပါရစေ။ ဒီ ကိုဗစ်-၁၉ က အများသဘော ပေါက်အောင်ပြောရရင် ဇာတ်လမ်းရှည်ဦးမှာပါ။

ဇာတ်လမ်းတွဲတွေ အရှည်ကြီးကြုံကြရ၊ ကျော်ဖြတ် ကြရဦးမှာပါ။ ဒီကာလမှာ Social Distancing မူအရ တတ်နိုင်သမျှ၊ ကိုယ်ချင်း ခွာနိုင်သမျှ ခွာနေကြရမှာ ဖြစ်ပေမယ့် စိတ်ဓာတ်ချင်းတော့ ပိုနီးကပ်အောင် ကြိုးစား ကြပြီး စိတ်ခွန်အားဖြည့်ကြဖို့ အားပေးကြရမှာ ဖြစ်ပါတယ်။

စာကိုး (References)

- Coronavirus disease WHO(COVID-19) Situation Report – 129

- Walker P, Whittaker C, Watson O, Baguelin M, Ainslie KEC, Bhatia S, et al. Report 12- The global impact of COVID-19 and strategies for mitigation and suppression. London: Imperial College London; 26 March 2020

- Coronavirus Resource Center. Johns Hopkins University. (https://coronavirus.jhu.edu, accessed 19 April 2020).

- Wu Z, McGoogan JM. Characteristics of and important lessons from the coronavirus disease 2019 (COVID-19) outbreak in China: summary of a report of 72 314 cases from the Chinese Center for Disease Control and Prevention. JAMA. 2020;323(13):1239–1242.

doi:10.1001/jama.2020.2648

 

 

 

ကြေးမုံ