ကိုယ်က ဘယ်လိုဝတဲ့ အမျိုးအစားထဲ ပါနေတာလဲ။ ဘယ်လိုဖြေရှင်းရမလဲ

၃ ဇန်နဝါရီ

 

အဝလွန်တယ်ဆိုတာ သက်ကြီးပိုင်းလူတွေ တော်တော်များများဖြစ်တတ်တဲ့ ကိစ္စတစ်ခုပါ။ ခုနောက်ပိုင်း လူနေမှု ပုံစံတွေအရဆို လူကြီးတွေတင် မဟုတ်ပါဘူး။ အဝလွန်တာဟာ အရွယ်တိုင်းမှာ ဖြစ်နေတဲ့ ပြဿနာတစ်ခုပါ။ ပြီးရင် အဝလွန်တဲ့ ပြဿနာကလည်း တစ်ခြားနာမည်ကြီး နှလုံး၊ သွေးတိုး၊ ဆီးချိုတို့ရဲ မြစ်ဖျားခံတစ်ခုဖြစ်တာကြောင့် သူ့ကို အရင်ဆုံး ဖြေရှင်းမှ ရမှာပါ။

 

ကိုယ်အဝလွန်တယ်ဆိုတာကို ဘယ်လိုသိနိုင်သလဲ ။ ။

 

ရိုးရိုးလေးပဲပြောမယ်ဆိုရင်တော့ ဝတ်နေကျ အင်္ကျီတွေ ကြပ်သွားမယ်။ ဗိုက်နဲ့ ခါးမှာအဆီပိုတွေ စုနေမယ်။ ဒူးတွေနာနေပြီး အထိုင်အထလည်း မကောင်းတော့ဘူးဆိုရင် သင်ဝနေပါပြီ။ အချက်အလက်နဲ့ သေချာပြောရမယ်ဆိုရင်တော့ BMI (Body Mass Index) လို့ခေါ်တဲ့ ကိုယ်အလေးချိန်နဲ့ အရပ်အမြင့်ကို ပြန်ချိန်ဆတဲ့အခါ BMI ရဲ့ တန်ဖိုးက ၃၀ ထက်ကျော်နေပြီဆိုရင် ဝနေပြီလို့ပြောလို့ရပါပြီ။

 

ဝခြင်း ၆ မျိုး။ ။

 

ဝခြင်း ၆ မျိုးရှိတယ်ဆိုတာ သင်သိပါသလား။ ဝိတ်ချဖို့ အရင်မစဉ်းစားခင် ကိုယ့်က ဘယ်လိုဝတဲ့ အမျိုးအစားထဲ ပါတယ်ဆိုတာ သေချာသိတော့မှ အနာနဲ့ဆေးတွေ့သလို ကိုယ်ဖြစ်နေတဲ့ အဝလွန်တဲ့ ပြဿနာကို ဖြေရှင်းလို့ရမှာပါ။

 

၁. ကိုယ်လက်လှုပ်ရှားမှုမရှိလို့ ဝခြင်း။ ။

 

ကိုယ်လက်လှုပ်ရှားမှု မရှိရင် ဝလာတတ်တယ်ဆိုတဲ့ကိစ္စကို အထူးပြောနေစရာတောင် မလိုပါဘူး။ ကိုယ်စားလိုက်တဲ့ အစားအသောက်တွေကနေရတဲ့ ကယ်လိုရီကို ပြန်လောင်ကျွမ်းစေဖို့အတွက် ကိုယ်လက်လှုပ်ရှားမှု ရှိမှရတာပါ။ စားတာကတော့ တစ်နေ့ ၃ နပ် တစ်နပ်တောင် မလျှော့ဘူး၊ လှုပ်ရှားမှုလည်း မရှိဘူးဆိုရင် စားသမျှ အကုန်စုပြီး ဝလာတော့ မှာပါ။

 

ဒါကြောင့် ဒီလိုဝတဲ့အမျိုးအစားထဲပါတဲ့သူတွေ တတ်နိုင်သမျှအချိန်ပေးပြီး ကိုယ်လက်လေ့ကျင့်ခန်း လုပ်ကြပါ။ ။

 

၂ . အစားသောင်းကျန်းလို့ဝခြင်း။ ။

 

အစားသောင်းကျန်းတယ်ဆိုတည်းက ကိုယ်တစ်နေ့လိုအပ်တဲ့ ကယ်လိုရီထက်ပိုအောင် စားမိနေတဲ့ သူချည်းပါပဲ။ ကျန်းမာရေးနဲ့ ညီညွတ်တာရော၊ ကျန်းမားရေးနဲ့ညီညွတ်မှုမရှိတဲ့ အသင့်စားသရေစာ တွေ စားတာ အကုန်ပါပါတယ်။ သွင်းလိုက်သမျှ ကယ်လိုရီတွေကို လောင်ကျွမ်းအောင် ပြန်မလုပ်နိုင်ဘူး ဆိုရင် သေချာပါတယ်။ ကယ်လိုရီအပိုတွေက အဆီအဖြစ်ပြောင်းသွားတော့မှာပါ။

 

ဒီလို ဝတဲ့ အမျိုးအစားကတော့ ဖြေရှင်းရလွယ်ပါတယ်။ အစားလျှော့စားလိုက်ပါ။ ကိုယ်အလေးချိန် တက်လာရခြင်းရဲ့ အဓိကနဲ့ အများဆုံး တရားခံက အစားအသောက်ဖြစ်နေလို့ပါ။

 

၃ . စိတ်ဖိစီးမှုကြောင့်ဝခြင်း။ ။

 

စိတ်ဖိစီးမှုများတဲ့သူတွေဟာ အစားပိုစားတတ်ကြတယ်ဆိုတာ သတိထားမိကြပါသလား။ တစ်ချို့လူတွေဟာ စိတ်ဖိစီးမှုများနေရင် အစားအသောက်တွေကို စိတ်ရဲ့ထွက်ပေါက်အဖြစ် အသုံးချ တတ်ကြပါတယ်။ ဒီလိုနဲ့စိတ်ဖိစီးမှုများလေလေ ပိုစားမိလေလေနဲ့ ဝလာပါရော။ စိတ်ဖိစီးမှုများတဲ့ သူတစ်ယောက်ဆီကို တစ်ခြာရောဂါတွေကလည်း မဖိတ်ခေါ်ဘဲ ဝင်လာတတ်ပါတယ်။

 

ဒါကြောင့် စိတ်ဖိစီးမှုနဲ့ ပူပန်များတဲ့သူတွေ အနေနဲ့ အကောင်းဆုံးကတော့ စိတ်ကို လျှော့ပါ။ ဖိစီးမှု များလာရင် အစားသိပ်မစားဘဲ တစ်ခြား စိတ်ဖိစီးမှုကိုပြေလျော့စေတဲ့ သီချင်းဆိုတာမျိုး၊ ရုပ်ရှင်ကြည့်တာမျိုးတွေလုပ်ပါ။

 

၄ မျိုးရိုးလိုက်ပြီးဝခြင်း။ ။

 

ကိုယ့်မျိုးရိုးက အဝမျိုးရိုးဆိုရင် မျိုးရိုးဗီဇမှာတည်းက ဝတဲ့ ဗီဇပါလာပြီးဖြစ်တဲ့အတွက် ကိုယ့်မှထူးပြီး ပိန်နေစရာ အကြောင်းတော့မရှိပါဘူး။

 

တစ်ခုရှိတာက သူများတွေဝတိုင်း ကိုယ်မဝချင်ရင် အစားအသောက်ဆင်ခြင်ပါ၊ လေ့ကျင့်ခန်းလုပ်ပါ။

 

၅ . သွေးပြန်ကြောပိတ်အဝလွန်ရောဂါ။ ။

 

ဒါကလည်း မျိုးရိုးလိုက်တဲ့ အဝလွန်ခြင်းတစ်မျိုးပါပဲ။ သွေးပြန်ကြောပိတ်တဲ့ ရောဂါ ကိုယ့်မျိုးရိုးထဲမှာ ရှိနေရင် ကိုယ်လည်း အလားတူအခြေအနေမျိုး ဖြစ်ဖို့များပါတယ်။ ဒီလို အဝလွန်တာမျိုးကို ကိုယ်ဝန်သည်တွေမှာလည်း အတွေ့များပါတယ်။ ကိုယ်ဝန်ကြောင့် ခြေထောက်တွေဖောရောင်လာပြီး ကိုယ့်အလေးချိန်တက်လာတာကို ဆိုလိုတာပါ။

 

ဒီလိုအဝလွန်ခြင်းအတွက် အကောင်းဆုံးဖြေရှင်းနည်းကတော့ လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးပြီး သွေးလည်ပတ်မှု ကောင်းအောင် လုပ်ပေးတာပဲဖြစ်ပါတယ်။ ။

 

၆ . တစ်နေရာတည်း အဆီစုပြီး ဝခြင်း။ ။

 

တစ်ချို့လူတွေရှိပါတယ်။ လူကသာ ပိန်နေပေမယ့် ဗိုက်ကလေး တစ်လုံးနဲ့ ဘီးကျဲကြီးတွေ ရှိပါတယ်။ စားသမျှ ဗိုက်မှာစု ဆိုတဲ့အတိုင်း အဆီတွေအားလုံး ဗိုက်မှာပဲလာစုပြီး တစ်နေရာတည်းကွက်ဝ နေတာမျိုးပါ။ ဒါမျိုးက အရက်၊ ဘီယာသောက်တာနဲ့လည်း ဆက်စပ်မှုရှိနေတတ်ပါတယ်။ ဗိုက်တစ်နေရာတည်း အဆီစုပြီး ဝတာက အခြားကျန်းမာရေးပြဿနာတွေဖြစ်တဲ့ အသက်ရှူရခက်တာ၊ အိပ်နေချိန် အသက်ရှူရပ်သွားတာ၊ အသည်းအဆီဖုံးတာ၊ နှလုံးရောဂါတွေကိုပါ ဖြစ်စေပါတယ်။

 

ဒီပြဿနာကိုဖြေရှင်းချင်ရင်တော့ အရက်ဘီယာကို ဖြတ်ပါ။ အဆီများတာ လျှော့စားပါ။ လေ့ကျင့်ခန်း လုပ်ပါ။

 

ကဲ ဒီလောက်ဆို ကိုယ်က ဘယ်လိုဝတဲ့ အမျိုးအစားထဲပါနေလဲဆိုတာ သိသွားလောက်ပြီထင်ပါတယ်။ အဝလွန်တာရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ အများကြီးရှိတဲ့အတွက် ကိုယ်အလေးချိန်ကို လျှော့ပါ။ ဝလို့လှလို့ပဲ ရှိတာဆိုပေမယ့် အဝလွန်သွားရင်တော့ လှတာမဟုတ်ဘဲ ရောဂါတွေ တစ်သီကြီး ရတော့မှာပါ။

 

ရေးသားသူ Dr. Thin Yadanar @ Frances

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”