ကက်ရှ်မီးယားဒေသ အရှုပ်တော်ပုံ

ကလျာမိုးမြင့်

 

အိန္ဒိယနိုင်ငံက ထိ်န်းချုပ်ထားတဲ့ ကက်ရှ်မီးယားဒေသရဲ့ နေရာအများအပြားကို အာဏာပိုင်တွေက ဩဂုတ် ၅ ရက် အစောပိုင်းမှာ ပိ်တ်ဆို့ရှာဖွေမှုပြုလုပ်ဖို့ တပ်ဖွဲ့ဝင် ထောင်ချီစေလွှတ်ခဲ့ပါတယ်။ အိန္ဒိယနဲ့ ပါကစ္စတန်တို့ဟာ နှစ်ဖက်လုံးက ၎င်းတို့ပိုင်ဆိုင်တယ်လို့ အငြင်းပွားနေတဲ့ ကက်ရှ်မီးယားဒေသမှာ ပဋိပက္ခတွေ ဖြစ်ပွားနေတာတွေနဲ့ ပတ်သက်ပြီးတော့လည်း တစ်ဖက်နဲ့တစ်ဖက် အပြစ်တင် စွပ်စွဲနေကြပါတယ်။

ဆက်သွယ်ရေးဖြတ်တောက်
ပိတ်ဆို့မှုအတွင်း အများပြည်သူသုံး မိုဘိုင်းကွန်ရက်တွေ၊ အင်တာနက် ဝန်ဆောင်မှုတွေနဲ့ တယ်လီဖုန်းလိုင်းတွေ အပါအဝင် ဆက်သွယ်ရေး လမ်းကြောင်းတွေ အားလုံးကို ဖြတ်တောက်လိုက်တယ်လို့ သိရပါတယ်။ ဆက်သွယ်ရေးတွေ မပြတ်တောက်မီ ကက်ရှ်မီးယား နိုင်ငံရေးလှုပ်ရှားမှုအဖွဲ့ ခေါင်းဆောင်နှစ်ဦးကို အကျယ်ချုပ်နဲ့ ဖမ်းဆီးခြင်း ခံထားရတယ်ဆိုပြီး တွစ်တာပေါ်မှာ ရေးသားဖော်ပြမှု ပြုလုပ်ခဲ့ပါတယ်။

အိန္ဒိယ ပြည်သူ့စစ်ယာဉ်တန်းတစ်ခုကို စစ်သွေးကြွအဖွဲ့ တစ်ဖွဲ့က တိုက်ခိုက်ခဲ့ပြီးနောက် လအနည်းငယ်အကြာမှာ ဟိမဝန္တာ တောင်တန်းဒေသဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ အများက အာရုံစူးစိုက်စောင့်ကြည့်ရတဲ့ အနေအထားတစ်ခုကို ရောက်ရှိလာခဲ့ပါပြီ။ အဲဒီတိုက်ခိုက်မှုကို ပါကစ္စတန် အခြေစိုက်အဖွဲ့တစ်ဖွဲ့က လုပ်ဆောင်ခဲ့တယ်လို့သိရပြီး ဒီတိုက်ခိုက်မှု ကြောင့် နျူကလီးယား လက်နက်ပိုင်ဆိုင်တဲ့ ယှဉ်ပြိုင်ဘက် နှစ်နိုင်ငံတို့ဟာ နယ်စပ်ကိုဖြတ်ကျော်တဲ့ အပြန်အလှန် လေကြောင်း တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ကြပါတယ်။

နယ်နိမိတ်အငြင်းပွားမှု
၁၉၄၇ ခုနှစ် ဗြိတိသျှတွေရဲ့ ကိုလိုနီအုပ်ချုပ်မှုအောက် ကျရောက်မှု အဆုံးသတ်သွားတဲ့ အချိန်ကစပြီး ကက်ရှ်မီးယား ဒေသရဲ့ အစိတ်အပိုင်းအချို့ကို အိန္ဒိယနဲ့ ပါကစ္စတန်တို့က ထိ်န်းချုပ်ခဲ့ကြပါတယ်။ သို့သော်လည်း နှစ်ဖက်စလုံးဟာ ကက်ရှ်မီးယား ဒေသတစ်ခုလုံးကို ၎င်းတို့ပိုင်ဆိုင်ကြောင်း အငြင်းပွားနေသလို အဲဒီ နယ်နိမိတ်အတွက်နဲ့ စစ်ပွဲတွေလည်း ဖြစ်ပွားခဲ့ပါတယ်။ ကက်ရှ်မီးယားဒေသရဲ့ အိန္ဒိယဘက်ခြမ်းပေါ်မှာ ဆယ်စုနှစ်တစ်ခုကြာအောင် ဖြစ်ပွားခဲ့တဲ့ ပုန်ကန်ထကြွမှု တွေကြောင့် သေဆုံးသူ အရေအတွက်ဟာဆိုရင်လည်း ထောင်ချီရှိခဲ့ပါပြီ။

လူထုအစည်းအဝေး ကျင်းပခွင့်မရှိ
ပိတ်ဆို့မှုပြုလုပ်ထားတဲ့ ကာလအတွင်း ပြည်သူလူထုရဲ့ သွားလာလှုပ်ရှားမှုရှိမှ ာမဟုတ်သလို ပညာရေး အဖွဲ့အစည်းဌာန တွေအားလုံးကိုလည်း ပိတ်ထားဦးမှာ ဖြစ်တယ်လို့ ကက်ရှ်မီးယားဒေသရဲ့ မြို့တော် ဆရီနာဂါနဲ့ အနီးတစ်ဝိုက် ဧရိယာတွေအတွက် ဒေသအစိုးရရဲ့ အမိန့်ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အမိန့်ထုတ်ထားတဲ့ သတ်မှတ်ကာလ အတောအတွင်း လူထုအစည်းအဝေး ကျင်းပမှုမှန်သမျှကို လုံးဝကျင်းပခွင့် မရှိတဲ့အပြင် တက္ကသိုလ်တွေ၊ အခြေခံပညာ ကျောင်းတွေ အားလုံးကို လည်းပိတ်ထားဖို့ ညွှန်ကြားထားတာ ဖြစ်ပါတယ်။ ဒေသအများအပြားကို အလားတူ စည်းကမ်း ထုတ်ထားတာဖြစ်တယ်လို့ ဒေသမီဒီယာက ဖော်ပြပါတယ်။

ယခင်နဲ့မတူ
အိန္ဒိယနိုင်ငံက ကက်ရှ်မီးယားဒေသမှာ တပ်ဖွဲ့ဝင် တစ်သောင်းထက်မနည်းကို ချထားခဲ့ပြီးနောက် ပြီးခဲ့တဲ့ ၁၀ ရက်အတွင်းမှာ နှစ်နိုင်ငံ တင်းမာမှုတွေ ပြန်လည်စတင်လာခဲ့တာဖြစ်ပြီး နောက်ထပ်တပ်ဖွဲ့ဝင် ၇၀ဝဝဝ ကို ထပ်မံချထားခဲ့ကြောင်း လုံခြုံရေးသတင်း ရင်းမြစ်တစ်ခုကနေ သိရပါတယ်။ ဒီအရေအတွက်ဟာဆိုရင် အရင်နဲ့မတူ များပြားလာတဲ့ တပ်ဖွဲ့ဝင် ချထားမှု ပမာဏပါပဲ။ အစိုးရဟာ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွားနိုင်တဲ့ အန္တရာယ်တွေအတွက် တခြားသော လုံခြုံရေး ဆိုင်ရာ အရေးယူဆောင်ရွက်မှုတွေဖြစ်တဲ့ အစားအသောက်နဲ့ လောင်စာဆီ သိုလှောင်မှုတွေကိုပါ ဆောင်ရွက်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။ အစိုးရရဲ့ ဆောင်ရွက်မှုက ဓာတ်ဆီဖြည့်တဲ့နေရာတွေ၊ စားသောက်ကုန် အရောင်းဆိုင်တွေနဲ့ ငွေရှင်းကောင်တာတွေမှာ ရှည်လျားကြာမြင့်စွာ တန်းစီစောင့်ဆိုင်းနေကြရတဲ့ ပြည်သူတွေကို စိတ်ပျက်ညစ်ညူးမှုတွေ ပိုဆိုးလာစေခဲ့ပါတယ်။

ဂြိုဟ်တုဖုန်းတွေသုံးဖို့ညွှန်ကြား
ဆရီနာဂါမြို့ရဲ့ လမ်းတွေအားလုံး လူသွားလူလာကင်းမဲ့ နေလင့်ကစား မြို့ရဲ့နေရာအများအပြားမှာ တပ်ဖွဲ့ဝင်တွေ ထူထပ်စွာ ချထားတာကို တွေ့မြင်နေရပြီး သေနတ်ပစ်ခတ်သံတွေကိုလည်း ကြားနေရပါတယ်။ မြို့စွန်မှာဆိုရင် အစိုးရတပ်ဖွဲ့ ဝင်တွေဟာ အသက်ရှူကျပ်စေတဲ့ ငရုတ်ကောင်းဗုံးတွေကို လမ်းတွေပေါ် ပစ်နေကြတယ်လို့ ဒေသခံပြည်သူတစ်ဦးက ဆိုပါတယ်။ ပြီးတော့ လုံခြုံရေးဆိုင်ရာ ထိပ်တန်းအာဏာပိုင်တွေနဲ့ အုပ်ချုပ်ရေးဆိုင်ရာ အာဏာပိုင် ၃၀ဝ နီးပါး ဂြိုဟ်တု ဖုန်းတွေကို အသုံးပြုဖို့ ညွှန်ကြားထားတယ်လို့ သိရပါတယ်။

လမ်းပေါ်ထွက်ဆန္ဒပြ
ကက်ရှ်မီးယားဒေသအတွင်း အလားတူ ပိတ်ဆို့မှုနဲ့ စည်းကမ်းထုတ်ပြန်မှုတွေ နောက်ဆုံးပြုလုပ်ခဲ့တဲ့ အချိန်ဟာ ၂၀၁၆ ခုနှစ်ကဖြစ်ပြီး လူသိများတဲ့ သူပုန်ခေါင်းဆောင်တစ်ဦး အသတ်ခံခဲ့ရမှုကြောင့် လမ်းပေါ်ထွက်ဆန္ဒပြမှုတွေ ပေါ်ပေါက်ခဲ့ပြီး လူ ၁၀ဝဝ နီးပါး သေဆုံးရပြီးနောက်မှာ အဲဒီလို လုပ်ဆောင်ခဲ့တာပါ။ အိန္ဒိယနဲ့ ပါကစ္စတန်တို့ဟာ ကက်ရှ်မီးယားဒေသကို ပိုင်းခြားထားတဲ့ နယ်စပ်ထိန်းချုပ်မျဉ်းကို ဖြတ်ကျော်တိုက်ခိုက်မှုတွေ ပြုလုပ်တယ်လို့ တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန် စွပ်စွဲခဲ့ပြီးတဲ့နောက် စည်းကမ်းထုတ်ပြန်ချက်တွေ ဝင်ရောက်လာတာဖြစ်ပါတယ်။

အပြန်အလှန်စွပ်စွဲ
အိန္ဒိယတပ်မတော်က ၎င်းတို့ဟာ ပါကစ္စတန်တပ်ဖွဲ့ဝင်တွေနဲ့ စစ်သွေးြွကတွေ နယ်စပ်ထိန်းချုပ်မျဉ်းကို ဖြတ်ကျော်ဖို့ ကြိုးပမ်းခဲ့တာကို ဟန့်တားခဲ့ရပြီး တိုက်ခိုက်ရေး အဖွဲ့သား ငါးဦးကနေ ခုနစ်ဦးအထိ အသေပစ်ခတ်ခံခဲ့ရတယ်လို့ ဩဂုတ် ၄ ရက်က ပြောကြားခဲ့ပါတယ်။ နယ်စပ်ထိန်းချုပ်မျဉ်းကို ဖြတ်ကျော်တယ်ဆိုတဲ့ အိန္ဒိယရဲ့ စွပ်စွဲချက်ကို ပါကစ္စတန်က လက်မခံပါဘူး။ အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်ဖြစ်ရုံမက အိန္ဒိယဟာ အရပ်သားတွေ ထိခိုက်စေမယ့် ဆင့်ကဲပေါက်ကွဲစေတဲ့ ကလပ်စတာဗုံးတွေကိုသုံးပြီး တိုက်ခိုက်ခဲ့တဲ့အတွက် လူလေးဦးသေဆုံးခဲ့ပြီး ၁၁ ဦး ဒဏ်ရာရခဲ့တယ်လို့ ပါကစ္စတန်ဘက်က တုံ့ပြန်လိုက်ပါတယ်။

အရေးပေါ်အစည်းအဝေးခေါ်
သေဆုံးသူတစ်ဦးရဲ့ ဖခင်ဖြစ်တဲ့ မူဟာမက်ဆာဒစ်က ၎င်းရဲ့သား အာဟန်အာမက်ဟာ တခြားကစားဖော်တွေနဲ့ အတူဆော့ကစားနေချိန် ကလပ်စတာဗုံး ပေါက်ကွဲမှုကြောင့် သေဆုံးခဲ့ရကြောင်း သတင်းထောက်တွေကို ပြောကြားခဲ့ ပါတယ်။ အိန္ဒိယဘက်ကတော့ အဲဒီလက်နက်တွေကို မသုံးခဲ့ဘူးလို့ ငြင်းဆန်ထားပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ပါကစ္စတန် ဝန်ကြီးချုပ် အင်မရန်ခမ်းက အိန္ဒိယဘက်က ကျူးကျော်ရန်စမှုတွေကို လုပ်ဆောင်လိုက်တာပဲ၊ ဒီကိစ္စက ဒေသတွင်းပဋိပက္ခ တစ်ခုဖြစ်အောင် မီးမွှေးလိုက်ပြီလို့ ယမန်နေ့က ပြောကြားလိုက်ပြီး ကက်ရှ်မီးယားဒေသ အခြေအနေတွေနဲ့ ပတ်သက်ပြီး စဉ်းစားသုံးသပ်ဖို့ ပါကစ္စတန် အမျိုးသားလုံခြုံရေးကော်မတီ အရေးပေါ်အစည်းအဝေးတစ်ရပ် ခေါ်ယူခဲ့ပါတယ်။

တပ်ဖွဲ့ဝင်တွေ ထပ်မံချထားမလား
အဆိုပါဒေသမှာရှိတဲ့ ဟိန္ဒူဘာသာဝင်တွေရဲ့ ဘုရားဖူးနယ်မြေအတွင်းမှာ အကြမ်းဖက်မှုတွေ ဖြစ်ပွားနိုင်တယ်ဆိုတဲ့ လျှို့ဝှက် ထောက်လှမ်းမှုသတင်းတွေအရ ကမ္ဘာ့လှည့်ခရီးသွားတွေနဲ့ ကျောင်းသားတွေကို အစိုးရက ၎င်းတို့အလည်အပတ် ရောက်ရှိနေတဲ့ နေရာတွေကနေ အမြန်ဆုံးထွက်ခွာကြဖို့ တိုက်တွန်းထားပါတယ်။ အိန္ဒိယတပ်မတော်နဲ့ ဒေသအစိုးရအဖွဲ့က လုံခြုံရေးဆိုင်ရာ အန္တရာယ်တွေနဲ့ ပတ်သက်ပြီး ဦးစားပေးအာရုံစိုက်နေချိန် နယူးဒေလီမြို့မှာ ရှိနေကြတဲ့ ကက်ရှ်မီးယား ပြည်သူတွေနဲ့ အတိုက်အခံ နိုင်ငံရေးသမားတွေက တခြားသော အကြောင်းပြချက်တွေနဲ့ နောက်ထပ်တပ်ဖွဲ့ဝင်တွေ ချထားမယ့်အရေးကို စိုးရိမ်ပူပန်ရလျက်ရှိပါတယ်။     ။
ကိုးကား - အေအက်ဖ်ပီ