ကလေးစာပေ၊ ကလေးများအနာဂတ်နှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်မှု

၂၇  အောက်တိုဘာ

ခေတ်တစ်ခေတ်၏လားရာကို မှန်းဆကြည့်လိုလျှင် ယင်းခေတ်ကို ဖြတ်သန်းနေကြသူလူငယ်များ၏ တိမ်းညွှတ်မှုကို ကြည့်ပါဟုဆိုကြသည်။ ယနေ့ခေတ်လူငယ်များ၏ တိမ်းညွှတ်မှုကို တိတိကျကျမှန်းဆရန် ခက်ခဲလှသော်လည်း လူငယ်အများစု၏ တူညီရာဆုံပွိုင့်မှာ “ အသိပညာ” ဘက်သို့ တိမ်းညွှတ်နေကြသည်ဟု ဆိုရပေမည်။ တစ်နည်းအားဖြင့် ယနေ့ မျက်မှောက်ခေတ်၏လားရာမှာ “အသိပညာ”ကို အရင်းပြုသော ပညာလူ့အဖွဲ့အစည်းဘက်သို့ ဦးတည်နေကြသည်ကို မည်သူမျှ ငြင်းချက်ထုတ်၍ မရနိုင်ပေ။

ရေရှည်ဖွံ့ဖြိုးတိုးတက်မှုဆိုသည်မှာ

နိုင်ငံတစ်နိုင်ငံအတွက်ဖြစ်စေ၊ လူ့အဖွဲ့အစည်းတစ်ရပ်အတွက်ဖြစ်စေ ဖွံ့ဖြိုးတိုးတက်ရေးကို စဉ်းစားဆောင်ရွက်ပေးရမည် ဆိုလျှင် တစ်ခဏဖွံ့ဖြိုးတိုးတက်ရေးနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးဆိုသည့် အပိုင်းနှစ်ပိုင်းကို ကွဲကွဲပြားပြားခွဲခြားရှုမြင် တတ်ဖို့လိုသည်။ ဘက်ညီမျှတသည့် ဖွံ့ဖြိုးတိုးတက်မှုမျိုးဖြစ်ရန်လည်း လိုအပ်သည်။ ဖွံ့ဖြိုးမှုဆိုသည်မှာ ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုသာမက စိတ်ပိုင်းဆိုင်ရာ တိုးတက်မှုများ ဖြစ်ပေါ်စေပြီး လူမှုဘဝအရည်အသွေး တိုးတက်လာခြင်းဖြစ်သည်ဟု ယေဘုယျ အားဖြင့် လက်ခံထားကြသည်။

မြန်မာ့လူ့အဖွဲ့အစည်းအတွက် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို စဉ်းစားမည်ဆိုလျှင် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုသည် လွန်စွာအရေးကြီးသည်ဟု မြင်ပါသည်။ ၂၁ ရာစု ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးမှုများအတွက် ချမှတ်ထားသည့် ပန်းတိုင်များတွင် အရည်အသွေးပြည့်ဝ သည့် ပညာသင်ယူနိုင်ရေးနှင့် ဘဝတစ်လျှောက်လုံး အစဉ်လေ့လာသင်ယူနိုင်သော အခွင့်အလမ်းများကို လူသားအားလုံး သာတူညီမျှရရှိရေးဆိုသည့် အချက်လည်းပါဝင်သည်။ ထို့ကြောင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခြင်းသည် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုနှင့် ပတ်သက်ဆက်နွှယ်လျက်ရှိသည်ကို တွေ့ရမည်ဖြစ်သည်။

ကမ္ဘာ့ဖွံ့ဖြိုးမှုနှင့် ပတ်ဝန်းကျင်ရေးရာ ကော်မရှင်က “ရေရှည်ဖွံ့ဖြိုးတိုးတက်မှုဆိုသည်မှာ အနာဂတ်မျိုးဆက်သစ်များ၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးရန်နှင့် ၎င်းတို့၏လုပ်ကိုင်နိုင်စွမ်းများကို မထိခိုက်စေဘဲ လက်ရှိမျိုးဆက်များ၏ လိုအပ်ချက်များကိုလည်း ဆောင်ရွက်ပေးနိုင်သည့် ဖွံ့ဖြိုးမှုမျိုးပင်ဖြစ်သည်” ဟု အဓိပ္ပာယ် ဖွင့်ဆိုပေးခဲ့သည်။

ရေရှည်ဖွံ့ဖြိုးတိုးတက်မှုဆိုသည့် စကားလုံး၏ အဓိပ္ပာယ်ဖွင့်ဆိုချက်အရ လူ့အဖွဲ့အစည်းတစ်ရပ်၏ ရေရှည်ဖွံ့ဖြိုး တိုးတက်ရေးကို ဆောင်ရွက်မည်ဆိုလျှင် အနာဂတ်မျိုးဆက်သစ်များ၏ လိုအပ်ချက်များကို မဖြစ်မနေ ဖြည့်ဆည်းဆောင်ရွက်ပေးရမည် ဖြစ်သည်။ တစ်နည်းအားဖြင့် ယနေ့ မြန်မာ့လူ့အဖွဲ့အစည်းကို ရေရှည်ဖွံ့ဖြိုးတိုးတက်မှုများ အတွက် ဦးတည်ဆောင်ရွက်ကြမည်ဆိုလျှင် အနာဂတ်မျိုးဆက်များအတွက် လိုအပ်လျက်ရှိသော ပညာသင်ကြားနိုင်သည့် အခွင့်အလမ်းများ၊ အသိပညာ ဆည်းပူးနိုင်သည့်နည်းလမ်းများကို စနစ်တကျဖန်တီးပေးခဲ့ဖို့သာ လိုအပ်မည်ထင်သည်။ သို့မှသာ ဉာဏ်ရည်၊ ဉာဏ်သွေးပြည့်ဝပြီး လူစွမ်းလူစမြင့်မားသော လူသားအရင်းအမြစ်များ ဖြစ်ပေါ်လာကာ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို ဦးတည်နိုင်မည်ဖြစ်သည်။

ကလေးစာပေပွဲတော်များ

တစ်ခေတ်တစ်ခါက မြန်မာစာပေ ဧည့်ခန်းဆောင် ကြီးထဲတွင် ဂုဏ်သရေရှိစွာ ပေါ်ထွန်းခဲ့သည့် ကလေးစာပေများသည် အကြောင်းအမျိုးမျိုးကြောင့် အားပျော့မှေးမှိန်ခဲ့ရသည်။ ကလေးကဗျာ၊ ကလေးစာပေများ မှေးမှိန်ခဲ့ခြင်းသည် ကလေးများ၏ အနာဂတ်ကိုသာမက နိုင်ငံ၏အနာဂတ်ကိုလည်း ထိခိုက်စေနိုင်သဖြင့် အသိပညာလူ့အဖွဲ့အစည်းကို ဦးတည်နိုင်ရန်အတွက် ကလေး စာပေပွဲတော်များကို ပြန်ကြားရေးဝန်ကြီးဌာနက ၂၀၁၆ ခုနှစ်မှစ၍ နိုင်ငံအနှံ့အပြားတွင် ကျင်းပခဲ့သည်။

ကလေးစာပေပွဲတော်များ ကျင်းပရသည့် ရည်ရွယ်ချက်များကို လေ့လာကြည့်ပါက -

- ကလေးများ စာအုပ်စာပေ၌ နှစ်သက်မွေ့လျော်ကာ ရာသက်ပန်ပညာရှာမှီးသူများ ဖြစ်လာစေရန်၊

- ပွဲတော်၌ ပျော်ရွှင်စွာဆင်နွှဲရင်း စုပေါင်းအလုပ်များ တွင် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်တတ်သည့် အလေ့အထကောင်းများ ရရှိလာစေရန်၊

- ပညာဗဟုသုတရော လူရည်လူသွေးပါ ပြည့်ဝ၍ အနာဂတ်တွင် တိုင်းပြည်အတွက် ဦးဆောင်ဦးရွက် ပြုနိုင်သူများ ဖြစ်လာစေရန် ရည်ရွယ်ချက်(၃)ရပ် ကို တွေ့ရသည်။

ယနေ့အချိန်တွင် ကလေးစာပေပွဲတော်များကို ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များ ပူးပေါင်း၍ ကျင်းပလျက်ရှိရာ ပြည်ထောင်စုနယ်မြေ (နေပြည်တော်)၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ဧရာဝတီတိုင်းဒေသ ကြီးတို့တွင် နိုင်ငံတော်အဆင့် ပွဲတော်(၉)ကြိမ်၊ ခရိုင်အဆင့် မြို့ကြီးများတွင်(၃၇)ကြိမ်၊ ဒေသ၏အစီအစဉ်ဖြင့်(၁၁)ကြိမ် ကျင်းပခဲ့ကြသည်ကို တွေ့မြင်ရသည်။

ကလေးစာပေပွဲတော်များတွင် ကျောင်းသားကျောင်းသူများ၊ ကလေးများ ပါဝင်ယှဉ်ပြိုင်နိုင်သည့် ကဗျာ၊ ပုံပြင်၊ ကျပန်းစကားပြောပြိုင်ပွဲများ၊ ပန်းချီ၊ ဆေးရောင်ခြယ်၊ စက္ကူခေါက်ပြိုင်ပွဲများ၊ တိုင်းရင်းသားဘာသာများဖြင့် ရွတ်ဆိုယှဉ်ပြိုင်ရသည့် တိုင်းရင်းသားရိုးရာ ပုံပြင်နှင့် ကဗျာရွတ်ဆိုပြိုင်ပွဲများ၊ အဖွဲ့လိုက်ကစားနည်းများ၊ အရုပ်ဆက်၊ စကားပုံဆက်၊ အိမ်ဆောက်နည်းများနှင့် ရိုးရာအားကစား ပြိုင်ပွဲများကို ထည့်သွင်းပေးထားသည့်အတွက် ကလေး စာပေပွဲတော်သို့ လာရောက်ကြသည့် ကျောင်းသားကျောင်းသူများမှာ အသိပညာရရှိ စေရုံသာမက ပျော်ရွှင်မှုနှင့် စိတ်အပန်းဖြေမှုများကိုပါ ရရှိခဲ့ကြောင်း လေ့လာသိရှိရသည်။

ထို့အပြင် ကလေးစာပေပွဲတော်များတွင် နိုင်ငံတော်၏ သမိုင်းဝင်မော်ကွန်းမှတ်တမ်းများ၊ စာချုပ်စာတမ်းများ၊ ရှေးဟောင်းကျောက်စာ၊ မင်စာများ၊ ကလေးစာပေများ၊ ကလေးစာဖတ်ခန်းများ၊ ကလေးကာတွန်းများ၊ အသိပညာ ပေးပြခန်းများနှင့် ဖျော်ဖြေရေးအစီအစဉ်များ၊ စာအုပ် ဈေးခင်းကြီးများကို ထည့်သွင်းပေးထားခြင်းကြောင့် ကလေးသူငယ်များသာမက ပွဲတော်သို့ ရောက်ကြသည့် မိဘပြည်သူများအတွက်ပါ ဗဟုသုတများစွာ ရရှိစေခဲ့ပါ သည်။

 

73504638_2398564253717402_7396400636851388416

 

 

အမှန်အတိုင်းဆိုရလျှင် စာပေထဲတွင် ကလေးစာပေ သည် အခြားစာပေများထက် ထူးခြားပြီး ပိုမိုခက်ခဲနက်နဲသည်ဟု မြင်ပါသည်။ လူကြီးစာပေဆိုသည်မှာ နယ်နိမိတ်သတ်မှတ်ချက်နည်းပါးပြီး စိတ်ထဲရှိသမျှ လွတ်လပ်စွာ ဖန်တီးရေးဖွဲ့နိုင်သည်ဟု ခံစားမိသည်။ ကလေးစာပေများကမူ ကလေးများနှင့် ရင်းနှီးသည့်ပတ်ဝန်းကျင်မှ အကြောင်း အရာများကိုသာ စဉ်းစားရသည်။ ကလေးများ၏အတွင်း စိတ်ကိုဝင်ကြည့်ပြီး ယင်းတို့၏ စိတ်ကူးစိတ်သန်းများနှင့် လိုက်ဖက်ညီညွတ်အောင် ရေးသားဖန်တီးရခြင်းဖြစ်သည်။ ထို့ကြောင့် ကလေးစာပေသည် ကလေးသူငယ်များကို အပြစ်ကင်းအောင်၊ ပျော်ရွှင်အောင်၊ ချစ်စရာအကောင်းဆုံး လူသားများဖြစ်အောင် ဖန်တီးရေးဖွဲ့ရသည့် စာပေဖြစ်ခြင်းကြောင့် လွန်စွာတန်ဖိုးရှိသည်ဟု ပြောရပေမည်။ သို့ဖြစ်၍ ကလေးစာပေများ ဖွံ့ဖြိုးတိုးတက်ရေးကို ယနေ့ရှင်သန် လူလားမြောက်နေသူအားလုံးက အားပေးမြှင့်တင် ဆောင်ရွက်ရမည့်တာဝန် ရှိနေသည်။ ကလေးစာပေပွဲတော်များ ကျင်းပပေးခြင်းသည် ကလေးများ၏ အနာဂတ်ကို တည့်မတ်ကောင်းမွန်အောင် ပြုစုပျိုးထောင်ပုံဖော်ဖန်တီး ပေးခြင်းဖြစ်သည်ကို နားလည်သဘောပေါက်ရန် လိုအပ်သည်။

ဤသို့ ကလေးစာပေပွဲတော်များကို ကျင်းပခဲ့ခြင်းကြောင့် -

- ကလေးများ၏ ပျော်ရွှင်မှုနှင့်အတူ စာအုပ်စာပေများ ကို နှစ်သက်မြတ်နိုးစိတ်များ တွဲဖက်ကိန်းအောင်းစေခြင်း၊

- စာဖတ်ခြင်းကြောင့် ဗဟုသုတဉာဏ် အမြော်အမြင် များပြည့်ဝစေခြင်း၊ အသိဉာဏ် ပြည့်ဝလာခြင်းကြောင့် လက်တွေ့ဘဝတွင် စဉ်းစားကြံဆခြင်း၊ ပြုမူပြောဆိုခြင်း၊ ဆုံးဖြတ်လုပ်ကိုင်နိုင်ခြင်းတို့တွင် မှန်ကန်အောင်မြင်စေခြင်း၊

- ကလေးများအား ငယ်ရွယ်စဉ်မှစ၍ စာဖတ်ဝါသနာ ပျိုးထောင်ပေးခြင်းကြောင့် နောင်အနာဂတ်တွင် ထူးချွန်အောင်မြင်သော လူတော်လူကောင်းများ ဖြစ်လာစေခြင်းနှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုခြင်းစသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်သည်။

ဝမ်းမြောက်ဂုဏ်ယူဖွယ် သတင်းစကား

ကလေးစာပေပွဲတော်များ ကျင်းပခဲ့မှုနှင့် ပတ်သက်၍ ထူးခြားပြီး ဝမ်းမြောက်ဂုဏ်ယူဖွယ်ရာ သတင်းကောင်းတစ်ခု ကြားသိရသည်။ ကလေးစာပေပွဲတော်(ပုသိမ်)ကို ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၃ ရက်မှ ၅ ရက်နေ့အထိ ပုသိမ် တက္ကသိုလ်တွင် ကျင်းပခဲ့ရာ ယင်းပွဲတော်သို့ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှင့် မြို့နယ်အသီးသီးမှ ကလေးသူငယ်၊ ကျောင်းသား ကျောင်းသူများနှင့် ပရိသတ်များ နေ့စဉ်ထောင်သောင်းအင်အားဖြင့် ခြိမ့်ခြိမ့်သဲသဲ အားပေးဆင်နွှဲခဲ့ကြသည်။

ပွဲတော်ကာလအတွင်း ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များကလည်း ကျောင်းသား ကျောင်းသူများနှင့်အတူ ပါဝင်ဆင်နွှဲ အားပေးခဲ့ကြသည့်အပြင် ပွဲတော်စည်ကားသိုက်မြိုက်စွာနှင့် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အဘက်ဘက်မှ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြသည်ကို တွေ့မြင်ရသည်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့သည် ကလေးစာပေပွဲတော်(ပုသိမ်)တွင် ကလေးများ ပျော်ရွှင်စွာဆင်နွှဲနေမှုကို မြင်တွေ့ခဲ့ခြင်း၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီး၊ ကျေးရွာအသီးသီးရှိ ကလေးများကို ပါဝင်ဆင်နွှဲစေလိုသည့် စိတ်ရင်းစေတနာကောင်းများ ဖြစ်ပေါ်လာခြင်း၊ အနာဂတ်လူ့အဖွဲ့အစည်းကို အသိပညာ အခြေခံသော လူ့အဖွဲ့အစည်းအဖြစ် ပုံဖော်ဖန်တီးပေးလိုစိတ်များ ဖြစ်ပေါ်လာခြင်း၊ မိမိတို့လူ့အဖွဲ့အစည်း၏ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက် အနာဂတ်မျိုးဆက်သစ်များအား အသိပညာကို တန်ဖိုးထားရှာမှီးတတ်သည့် အလေ့အထကောင်းများ လေ့ကျင့်မွေးမြူပေးလိုစိတ် ဖြစ်ပေါ်နေခြင်း စသည့်စေတနာကောင်းများကြောင့် ကလေးစာပေပွဲတော်များကို ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၆ မြို့နယ်တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာ နှစ်၌ တိုင်းလုံးကျွတ်ကျင်းပရန် စီစဉ်ဆောင်ရွက်နေသည်။

ယခုအခါ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် တိုင်းတွင် ကလေးစာပေပွဲတော်များ ကျင်းပပြုလုပ်နိုင်ရန် လိုအပ်သည့် ဘဏ္ဍာငွေများ လျာထားဆောင်ရွက်ခြင်း၊ ပွဲတော်ကျင်းပရေးအစီအစဉ်များ ရေးဆွဲခြင်းတို့ကို ဆောင်ရွက်ပြီးဖြစ်၍ ၂၀၁၉ နိုဝင်ဘာလ ၁ ရက်မှစ၍ ၂၀၂၀ ပြည့်နှစ် ဧပြီလအထိ အနှစ်သာရရှိစွာ၊ စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပတော့မည်ဖြစ်သည်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မကြာမီ ကျင်းပတော့မည့် ကလေးစာပေပွဲတော်များသည် ကလေးများ၏ အနာဂတ်နှင့် မြန်မာ့လူ့အဖွဲ့ အစည်းအတွက် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုများ အမှန် တကယ်အကျိုးပြုနိုင်မည်ဟု ယုံကြည်မျှော်လင့်မိသည်။ ထိုကဲ့သို့ စဉ်းစားပုံဖော်ဆောင်ရွက်နေသည့် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၏ စေတနာနှင့် ရှုမြင်ပုံကိုလည်း လေးစားဂုဏ်ယူမိသည်။

ထိုကဲ့သို့ ကလေးစာပေပွဲတော်များ ကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့် ရရှိသည့် အကျိုးကျေးဇူးများသည် နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုး၏ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်ဆောင်ရွက်ခြင်းဖြစ်သည်ဟု နားလည်ခံစားမိပါသည်။ အလားတူ နိုင်ငံတစ်ဝန်းတွင် ဆောင်ရွက်နိုင်ခြင်းဖြင့် အနာဂတ်မြန်မာ့လူ့အဖွဲ့အစည်းသည် အသိပညာအခြေခံသော၊ အသိပညာဖြင့် ရင်းနှီးလုပ်ကိုင် ဆောင်ရွက်နိုင်သော လူစွမ်းလူစမြင့်မားသည့် သားကောင်းသမီးရတနာများဖြင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်နေမည်ကို ယုံကြည်မျှော်လင့်မှုဖြင့် ကြည်နူးဝမ်းမြောက်လျက်ရှိပါသည်။ ။

အေးမြင့်အောင်