ကလေးရဲ့ သင်ယူလေ့လာခြင်းကို ဖွံ့ဖြိုးစေဖို့ ဒီနည်းလမ်း (၅)ခုကိုကျင့်သုံးပါ။

၂၅၊ ဒီဇင်ဘာ

 

ကျောင်းနေ အရွယ်ကလေးတစ်ယောက်ကအတန်းထဲမှာ သင်ယူချင်စိတ်ရှိဖို့၊ သူများတွေနဲ့ ညဏ်ရည်တန်းတူဖြစ်ဖို့၊ စာလိုက်နိုင်ဖို့ အင်မတန် အရေးကြီးပါတယ်။ ကလေးတွေရဲ့ဘဝမှာ ပညာရေးက အရေးကြီးဆုံးပဲလေ။ ကျောင်းမှာ သင်ယူချင်စိတ်ရှိဖို့၊ တီထွင်ဖန်တီးညဏ် ရင့်သန်ဖို့ဆိုတာ သူ့မိသားစု အသိုင်းအဝိုင်းနဲ့ အများကြီးဆိုင်ပါတယ်။ မိဘဆိုတာ ကလေးရဲ့ ပထမဆုံး မြင်ဆရာ၊ သင်ဆရာ၊ ကြားဆရာတွေပဲ မဟုတ်လား။ ဒီတော့ ကျောင်းတက်ရမယ့်အရွယ်မှာ ကိုယ့်ကလေး ညဏ်ကောင်းအောင် ၊ လေ့လာသင်ယူချင်စိတ်ရှိအောင် ကလေးငယ်ငယ်တည်းက မိဘတွေ အနေနဲ့ ခုလို ပံ့ပိုးပေးရပါမယ်။ ။

 

၁။ ကလေးတွေစာဖတ်ဖို့ နေရာတစ်ခု ဖန်တီးပေးပါ။

စာအုပ်တွေဆိုတာ ကလေးတစ်ယောက်ရဲ့ ဗဟုသုတတွေကို တိုးလာစေရုံမက ကလေးတွေယဉ်ကျေးလာအောင်သင်ပြနိုင်တဲ့ ဆရာကောင်း တစ်ယောက်ပါ။ ဖတ်တဲ့ စာအုပ်မှန်ဖို့ကတော့ လိုသေးတာပေါ့။ ကလေးဆိုတာ ကာတွန်းစာအုပ်ပဲဖြစ်ဖစ် ပုံပြင်စာအုပ်ပဲဖြစ်ဖြစ် ဖတ်ပြီဆိုတာနဲ့ စာအုပ်ထဲပါတဲ့ အကြောင်းအရာတွေ အပြင်မှာရောတကယ်ရှိလားဆိုတာ စူးစမ်းချင်တတ် ကြပါတယ်။ ဒါဟာ သင်ယူချင်စိတ်ရှိတာရဲ့ အစလို့ ပြောလို့ရပါတယ်။ ဒါကြောင့် မိဘတွေ အနေနဲ့ ကိုယ့်ကလေးစာဖတ်ချင်အောင် နေရာလေးတစ်ခုဖန်တီးပေးသင့်ပါတယ်။ အလင်းရောင် ကောင်းပြီး လေဝင်လေထွက်ရတဲ့နေရာမှာ စာကြည့်စားပွဲခုံလေးလုပ်ထားပေးပြီး ကလေးအကြိုက် ပုံပြင်စာအုပ်၊ ကာတွန်းစာအုပ်၊ ဗုဒ္ဓဝင် ရုပ်ပြစာအုပ် တွေထားပေးပါ။ သူကြိုက်တဲ့ စာအုပ်ကို ရွေးဖတ်ပါစေ။ စာဖတ်ကျင့်ရှိသူတစ်ယောက်ဖြစ်ဖို့ စာဖတ်တာက ပျော်စရာလို့ ကလေးတစ်ယောက် တွေးဖို့ အရေးကြီးပါတယ်။ ဒါမှ အပြင်လောကကြီးအပြင် စာအုပ်ထဲက ဗဟုသုတတွေကိုပါ ကလေးတွေ အနေနဲ့ လေ့လာသင်ယူနိုင်မှာဖြစ်ပါတယ်။

 

၂။ ကလေးတွေကို လွတ်လပ်ခွင့်ပေးပါ

 

ကိုယ့်ကလေးကို ပညာတော်စေချင်တာ မှန်ပေမယ့် ကျောင်း၊ ကျူရှင်၊ ဂိုက် ဆိုပြီး ကလေးနားချိန်မရှိဘဲ စာတွေချည်း သင်ခိုင်းနေရင် စာကို ကလေးမုန်းသွားနိုင်ပြီး ကလေးနဲ့ ပညာရေးပိုဝေးသွားနိုင်ပါတယ်။ သင်ယူချင်စိတ်ရှိတဲ့ ကလေးတစ်ယောက်ဖြစ်ဖို့ မိဘတွေ ဘက်က အရမ်းထိန်းချုပ်လို့မရပါဘူး။ ဒါကြောင့် ကျောင်းတက်ရုံနဲ့လုံလောက်တဲ့ အရွယ်မှာဆို ကျောင်းပဲတက်ခိုင်းသင့်ပါတယ်။ အင်္ဂလိပ်စာသင်တန်း၊ ပုံဆွဲသင်တန်း၊ ကွန်ပျုတာသင်တန်းတွေ ကို တစ်ပြုံတည်း မတက်ခိုင်းပါနဲ့။ ကလေး တက်ချင်တာကို အရင် ရွေးချယ်ပါစေ။ ကလေးကို ထိန်းချုပ်ဖို့ မိဘအာဏာ အရမ်းသုံးလွန်းရင် ကလေးနဲ့ သင်ပါ တဖြည်းဖြည်းဝေးလာပါလိမ့်မယ်။

 

၃။ ကလေးနားမလည်တဲ့ သင်ခန်းစာတွေကို ရှင်းပြပါ

 

ပညာရေးနဲ့ပက်သက်ရင် ကိုယ့်ကလေးရဲ့ စိတ်ထဲမှာ ရှိနေတဲ့အရာတွေကို မိဘတွေအနေနဲ့ သိနေဖို့လိုပါတယ်။ ပွင့်ပွင့်လင်းလင်းဆွေးနွေးဖို့လိုပါတယ်။ ကျောင်းမှာ သူငယ်ချင်းတွေက ကောင်းရဲ့လား၊ အဆင်ပြေရဲ့လား စာလိုက်နိုင်လားဆိုတာတွေပေါ့။ ဒါ့အပြင်ကလေး မရှင်းတဲ့ သင်ခန်းစာတွေကို မိဘ တစ်ယောက်အနေနဲ့ ကူညီပေးနိုင်ရပါမယ်။ ဒါမှ နားမလည်တာတွေရှိလည်း အိမ်ကျပြန်မေးလို့ရတယ်ဆိုပြီး ကလေးတွေ စာကို ဆက်သင်ယူချင်စိတ်ရှိမှာပါ။ မိဘတွေဆိုတာ ကလေးတွေစိတ်ထဲမှာတော့ အကုန်သိ အကုန်တတ်တဲ့ သူရဲကောင်းကြီးတွေပဲလေ။

 

၄။ စိတ်ရှည်ပါ

 

ကလေးတစ်ယောက်ဟာ စူးစမ်းလေ့လာချင်စိတ် အမြဲရှိနေတာမို့ သူသိချင်သမျှကို အနီးဆုံးမှာ ရှိတဲ့ ဖေဖေ၊မေမေတို့ကို တတွတ်တွတ်မေးနေတော့မှာပါ။ ဒီလိုအချိန်မှာ မိဘတွေဘက်က ကလေးသိချင်သမျှကို စိတ်ရှည်ရှည်ပြန်ဖြေပေးဖို့ အရေးကြီးပါတယ်။ စိတ်မရှည် ဆူငေါက်လိုက်တာမျိုး လုပ်လိုက်မိရင် အရာရာကို သိချင်တာ၊ စူးစမ်းချင်တာ မကောင်းတဲ့အရာတစ်ခုလို့ ကလေးတို့စိတ်ထဲမှာ ထင်သွားတတ်ပြီး သင်ယူချင်စိတ်တွေ ပျောက်ဆုံးကုန်ပါလိမ့်မယ်။

 

၅။ ကိုယ့်ကလေးရဲ့ ဝါသနာကို သိပါစေ။

 

မြန်မာလူမျိုးမိဘတွေ မှားယွင်းစွာလုပ်နေမိတဲ့ အရာတစ်ခုကတော့ ကိုယ့်ကလေးရဲ ့ ဝါသနာကို မြင်အောင် မကြည့်ကြတာပါ။ ကလေးက ဘာဝါသနာပါလဲဆိုတာ ပြခဲ့ရင်တောင် မသိချင်ယောင် ဆောင်နေတတ်ကြပါတယ်။ လူကြီးဖြစ်တဲ့ မိဘတွေတောင် ကိုယ်ဝါသနာပါတာ လုပ်နေရရင် ပျော်နေတတ်ကြတယ်လေ။ ကလေးတွေကိုလည်း သူတို့ဝါသနာပါတာကို မြေတောင်မြှောက်ပေးဖို့ လိုတာပေါ့။ ဝါသနာမပါတဲ့ အရာထက် စိတ်ဝင်စားတဲ့ အရာကိုပဲ ကလေးတို့ ပိုပြီးသင်ယူချင်ကြမှာပါ။ ဒါကြောင့် ကလေးတွေရဲ့ ဖြစ်ချင်စိတ်ကို လေးစားပါ။ အားပေးပါ။ မြေတောင်မြှောက်ပေးပါ။

 

ဒါတွေကတော့ အရာရာကို သင်ယူချင်စိတ်ရှိတဲ့ ကလေးတစ်ယောက်ဖြစ်အာင် မိဘတွေဘက်က လုပ်ပေးသင့်တဲ့ ၊ပံ့ပိုးပေးသင့်တဲ့ အချက်တွေဖြစ်ပါတယ်။ ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်တဲ့နေရာမှာ မိဘတွေအနေနဲ့ ကလေးရဲ့ ဝါသနာကိုမြင်အောင်ကြည့်တတ်ဖို့နဲ့ ကလေးကို လွတ်လပ်စွာရွေးချယ်ခွင့်ပေးဖို့ က အရေးကြီးပါတယ်။ ဒါမှ သင့်ကလေးက အရာရာကို သင်ယူချင်စိတ်ရှိတဲ့ ကလေးတစ်ယောက်ဖြစ်လာပြီး အနာဂတ်မှာ ပန်းကောင်းတစ်ပွင့်ဖြစ်လာမှာပါ။

 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

 ရေးသားသူ Dr. Thin Yadanar @ Frances

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဖက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”