ကမ္ဘာ့အကောင်းဆုံးတက္ကသိုလ်များ အဆင့်သတ်မှတ်ချက်တွင် တရုတ်တက္ကသိုလ်များ အဆင့်တက်လာ

လန်ဒန် ၈ စက်တင်ဘာ

 

ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ်များအဆင့်သတ်မှတ်ချက်တွင် တရုတ်တက္ကသိုလ်များ အဆင့်တက်လာ ခဲ့ပြီး ရှင်းဟွာ တက္ကသိုလ်က ၂၀၁၁ ခုနှစ်တွင် ချမှတ်ခဲ့သည့် လက်ရှိစနစ်အရ ကမ္ဘာ့ထိပ်တန်းတက္ကသိုလ် ၂၀ နေရာ၌ ပူးတွဲအဆင့်သတ်မှတ်ခံရသည့် အာရှတိုက်၏ ပထမဆုံးသော တက္ကသိုလ်တစ်ခု ဖြစ်လာခဲ့သည်။

 

လန်ဒန်မြို့တော်အခြေစိုက် Times Higher Education အဖွဲ့၏ ကမ္ဘာ့ထိပ်တန်း တက္ကသိုလ် ၂၀၀ အဆင့် သတ်မှတ်ချက်တွင် ဂျပန်နိုင်ငံမှ တက္ကသိုလ်နှစ်ခု ပါဝင်ခဲ့ပြီး တိုကျိုတက္ကသိုလ်က ယမန်နှစ်ကအတိုင်း အဆင့် ၃၆ နေရာ၌ ရှိနေသည်။ ကျိုတို တက္ကသိုလ်က ယခင်နှစ်ကထက် အဆင့် ၁၁ ဆင့် မြင့်တက်လာခဲ့ကာ ကမ္ဘာ့အဆင့် ၅၄ နေရာ၌ ရှိနေသည်။

 

တရုတ်တက္ကသိုလ်များက ကမ္ဘာ့ထိပ်တန်း တက္ကသိုလ် ၁၀၀ အတွင်း ယမန်နှစ်က သုံးခုသာ ပါဝင်ခဲ့သော်လည်း ယခုနှစ်တွင် တက္ကသိုလ်ခြောက်ခုအထိ ပါဝင်လာခဲ့သည်။ ပေကျင်းတက္ကသိုလ်က အဆင့်တစ်ဆင့်တက်ကာ ကမ္ဘာ့အဆင့် ၂၃ နှင့် ဖုဒန် တက္ကသိုလ်က ကမ္ဘာ့အဆင့် ၁၀၉ မ ှ၇၀ အထိရောက်ရှိလာခဲ့သည်။

 

ကမ္ဘာ့အဆင့်တက္ကသိုလ်များ ပေါ်ထွက်လာစေရန် ရည်ရွယ်ချက်ဖြင့် တရုတ်အစိုးရက ပြီးခဲ့သော ဆယ်စုနှစ် နှစ်ခုကျော်အတွင်း အဆင့်မြင့်ပညာရေး၊ သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံခဲ့ကြောင်း လေ့လာမှုကဆိုသည်။ အောက်စဖို့ဒ် တက္ကသိုလ်က ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် ငါးနှစ်ဆက်တိုက် ပထမနေရာ ရပ်တည်နေပြီး စတန်းဖို့ဒ်တက္ကသိုလ်က ဒုတိယနေရာရှိနေကာ အမေရိကန်နှင့် ဗြိတိန်တက္ကသိုလ်များက ထိပ်တန်း ၁၃ နေရာကို သိမ်းပိုက်ထားသည်။

 

သင်ကြားမှု၊ သုတေသန၊ အတတ်ပညာလွှဲပြောင်းမှုနှင့်နိုင်ငံတကာ၏ သဘောထား အစရှိသောနယ်ပယ်များ၌ တက္ကသိုလ်တစ်ခု၏ စွမ်းဆောင်ရည်ကို တိုင်းတာသည့် အညွှန်းကိန်းများကို အခြေခံ၍ ကမ္ဘာ့နိုင်ငံနှင့် ဒေသကြီး ၉၃ ခုမှ တက္ကသိုလ် ၁၅၀၀ ကျော်ကိုလေ့လာမှုက အကဲဖြတ်၍ အဆင့်သတ်မှတ်သည်။

ကိုးကား-ကျိုဒိုနယူးစ်

ဘာသာပြန်-ကျော်ထိုက်စိုး