ကမ္ဘာ့အလယ် တင့်တယ်စေဖို့

၁၃ သြဂုတ်

 

နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုမှာ ယင်းနိုင်ငံရှိ ပြည်သူများ၏ အရည်အချင်း၊ အရည်အသွေးတို့နှင့် အဆက်အစပ်ရှိကြောင်း သုတေသီများကဆိုကြသည်။ စွမ်းဆောင်ရည်ပြည့်ဝသော လူ့အဖွဲ့အစည်းကသာလျှင် နိုင်ငံကိုမြင့်မားအောင် မြှင့်တင်နိုင်ကြသည်ဟုလည်း ဆိုကြသည်။ သို့ကြောင့်ပင်လျှင် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို နိုင်ငံ၏အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံမှုတစ်ရပ်အနေဖြင့် မဖြစ်မနေ ဆောင်ရွက်ကြရသည်။

 

လူတစ်ဦး၏ အရည်အချင်းသည် ထိုသူ၏ သဘာဝဗီဇနှင့် ပြုပြင်လေ့ကျင့်မှုတို့ကို ပေါင်းစပ်၍ ထွက်ပေါ်လာသော ရလဒ်ပင်ဖြစ်ရာ ပင်ကိုအားဖြင့် ဗီဇကောင်းမွန်သူကို စနစ်တကျမှန်ကန်စွာ လေ့ကျင့်မှုပြုလုပ်ပေးခြင်းအားဖြင့် ထူးချွန်ထက်မြက်သူတစ်ဦး ဖြစ်ပေါ်လာရသည်။ တစ်နည်းအားဖြင့် လူတော်လူကောင်းများ ပေါ်ထွက်လာရေးတွင် လေ့ကျင့်ပျိုးထောင်မှုသည် အဓိကလိုအပ်ချက်ဟု ဆိုလိုခြင်းပင် ဖြစ်သည်။ လူသားအရင်းအမြစ် တန်ဖိုးမြင့်မားလာသည်နှင့်အမျှ သဘာဝသယံဇာတအရင်းအမြစ် ချို့တဲ့သည့် နိုင်ငံများ ဖွံ့ဖြိုးတိုးတက်ခဲ့သည့် သာဓကများကိုလည်း မိမိတို့ တွေ့ရှိခဲ့ကြရပြီး ဖြစ်သည်။

 

မိမိတို့နိုင်ငံ၏ ပညာရေးစနစ်သည် နိုင်ငံသူ နိုင်ငံသားများ ကမ္ဘာ့အလယ်မှာ တင့်တင့်တယ်တယ်နှင့် “ပညာရဲရင့် ပွဲလယ်တင့်” ဆိုသည့်စိတ်ဓာတ်နှင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိရန်အတွက် ဖြည့်ဆည်းပေးသည့် ပညာရေးစနစ် ဖြစ်စေချင်ကြောင်း၊ နည်းပညာများ သင်ပေးရုံ ကမ္ဘာမှာခေတ်စားနေသည့် ဘာသာရပ်များမှာ တိုးတက်ရုံဖြင့် မပြီးသေးပါကြောင်း၊ တစ်ချိန်တည်းတွင် မှန်ကန်သည့် စိတ်ဓာတ်ကို လူငယ်များ၏ စိတ်ထဲကို သွင်းပေးလိုက်ရန်လိုကြောင်း။ မိမိတို့ အရည်အချင်းမည်မျှ ကောင်းကောင်း ထိုအရည်အချင်းကို မှန်မှန် ကန်ကန်မသုံးဘဲ မကောင်းသည့်ကိစ္စများအတွက် သုံးမည်ဆိုလျှင် ကိုယ်လည်းနစ်နာ၊ ကိုယ့်ပတ်ဝန်းကျင်လည်း နစ်နာ၊ နိုင်ငံလည်းနစ်နာကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ရာ တော်ရုံ၊ တတ်ရုံ၊ ထူးချွန်ရုံသာမက စိတ်ဓာတ်မှန်ကန် ကောင်းမွန်သည့် လူတော် လူကောင်း လူငယ်များ ပြုစုပျိုးထောင်နိုင်ရေးအတွက် ညွှန်ပြခဲ့ခြင်းပင်ဖြစ်သည်။

 

နိုင်ငံတစ်နိုင်ငံ ဖွံ့ ဖြိုးတိုးတက်ရန်အတွက် သယံဇာတ ရုပ်ဝတ္ထုအရင်းအမြစ်၊ ငွေကြေးအရင်းအမြစ်နှင့် လူသားအရင်းအမြစ်တို့ လိုအပ်သည့်အနက် လူသားအရင်းအမြစ်က အခြေခံအကျဆုံးဖြစ်သည်။ စွမ်းရည်မြင့်မားသည့် လူသားအရင်းအမြစ်ကသာ ကျန်အရင်းအမြစ်နှစ်ခုဖြစ်သော ရုပ်ဝတ္ထုအရင်းအမြစ်နှင့် ငွေကြေးအရင်းအမြစ်တို့ကို မိမိတို့ဖွံ့ ဖြိုးတိုးတက်ရေးအတွက် ဖန်တီးပေးနိုင်သည်ဖြစ်ရာ လူသာလျှင်ပဓာနဟု ဆိုကြရခြင်းဖြစ်သည်။ လူသာပဓာနဟုဆိုရာတွင်လည်း နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ကိုင် ဆောင်ရွက်နိ်ုင်သည့် အရည်အသွေးမြင့်မားသူတို့ကိုသာ ဆိုခြင်းဖြစ်သည့်အတွက် အလုပ်လုပ် ကိုင်သည့်အရွယ် နိုင်ငံသူနိုင်ငံသားတို့ကို အရေအတွက်မှသည် အရည်အချင်းဆီသို့ မြှင့်တင်ပေးပြီး တစ်ချိန်တည်းမှာပင် စာရိတ္တမဏ္ဍိုင် ကြံ့ခိုင်သော၊ စိတ်ဓာတ်ကောင်းမွန်သော နိုင်ငံသားကောင်း သမီးမွန်များ ဖြစ်ထွန်းပေါ်ပေါက်လာစေရေးအတွက် ကာယ၊ ဉာဏ၊ စာရိတ္တနှင့် မိတ္တ၊ ဘောဂ ဗလငါးတန် ပြည့်စုံသည့် လူငယ်များ လေ့ကျင့်ပျိုးထောင် ပေါ်ပေါက်လာနိုင်ကြပါစေကြောင်း။ ။

 

(မြန်မာ့အလင်း)