ကမ္ဘာ့စမတ်ဖုန်း ဈေးကွက်တွင် ဟွာဝေး ကုမ္ပဏီ အဆင့် ၃ တွင် ရပ်တည်

အမေရိကန်ပြည်ထောင်စု၏ အရေးယူမှုများနှင့် ချိုးဖောက်မှုအပါအဝင် စွပ်စွဲချက်များဖြင့် ရင်ဆိုင်နေရ သော်လည်း ကမ္ဘာ့စမတ်ဖုန်းဈေးကွက်တွင် ဟွာဝေးက ကြီးမားသော ဈေးကွက်ဝေစုတစ်ခုကို အလျင်အမြန် ရယူလျက်ရှိသည်။

 

mdn

 

တရုတ်နိုင်ငံမှ ဟွာဝေး ကုမ္ပဏီ၏ ပြီးခဲ့သည့်နှစ်အတွင်း  ပြည်ပသို့ဖုန်းများ ပို့ဆောင်မှုမှာ ကမ္ဘာ့နံပါတ် ၂ ဟန်းဆက် ထုတ်လုပ်သူ Apple ကို မီလုနီးပါးဖြစ်ကြောင်း သိရသည်။ တောင်ကိုရီးယားနိုင်ငံမှ Samsung Electronics မှာ ကမ္ဘာ့စမတ်ဖုန်းဈေးကွက်အတွင်း ဈေးကွက်ဝေစု ၂၀ ဒသမ ၈ ရာခိုင်နှုန်းဖြင့် ထိပ်ဆုံးနေရာမှ ရှိကြောင်း အမေရိကန် သုတေသနကုမ္ပဏီ IDC က ပြောကြားသည်။

 

Apple က ဈေးကွက်ဝေစု ၁၄ ဒသမ ၉ ရာခိုင်နှုန်းဖြင့် ဒုတိယနေရာတွင် ရှိနေသည်။ Huawei ကုမ္ပဏီ၏ ဈေးကွက်ဝေစုမှာ ပြီးခဲ့သည့်နှစ်အတွင်း အလျင်အမြန် ကြီးထွားလာခဲ့ပြီး ၁၄ ဒသမ ၇ ရာခိုင် နှုန်းဖြင့် တတိယနေရာတွင်  ရပ်တည်လျက်ရှိသည်။ တန်ဖိုးနည်း စမတ်ဖုန်းများ ထုတ်လုပ်သည့် တရုတ်ကုမ္ပဏီ များကလည်း ဈေးကွက်ထိုးဖောက်မှုများ မြန်မြန်ဆန်ဆန် ပြုလုပ်လျက်ရှိသည်။

 

Xiaomi ကုမ္ပဏီက ဈေးကွက်ဝေစု ၈ ဒသမ ၇ ရာခိုင်နှုန်းဖြင့် စတုတ္ထနေရာ ရှိနေသလို Oppo ကုမ္ပဏီက ဈေးကွက်ဝေစု ၈ ဒသမ ၁ ရာခိုင်နှုန်းဖြင့် ပဉ္စမနေရာ၌ ရပ်တည်နေသည်။ ၂၀၁၈ ခုနှစ်အ တွင်း ပြည်ပသို့ စမတ်ဖုန်းလုံးရေ စုစုပေါင်း ၁ ဒသမ ၄ ဘီလီယံ တင်ပို့ခဲ့ပြီး ၂၀၁၇ ခုနှစ်ကထက် ၄ ရာ ခိုင်နှုန်း ကျဆင်းသွားခဲ့ကြောင်း IDC ကဆိုသည်။

 

mdn

 

ယင်းမှာ ၂ နှစ်ဆက်တိုက် ကျဆင်းခြင်းဖြစ်ပြီး အဓိကအကြောင်းရင်းမှာ တရုတ်နိုင်ငံ၌ ရောင်းအား ကျဆင်း သောကြောင့်ဖြစ်သည်။ ကမ္ဘာ့စမတ်ဖုန်းဈေးကွက်မှာ အမှတ်တံဆိပ်ပေါင်းစုံဖြင့် အလျှံပယ် ဖြစ်နေသောကြောင့် ယခုနှစ်တွင် စမတ်ဖုန်းတင်ပို့မှု ဆက်လက်ကျဆင်းမည်ဟု IDC က တွက်ထားသည်။

 

ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်