ကမ္ဘာ့ကပ်ရောဂါနှင့် မြန်မာနိုင်ငံ

သိပ္ပံစာရေးဆရာကိုကိုအောင်

 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) က ကမ္ဘာ့ကပ်ရောဂါအဖြစ် တရားဝင်ကြေညာခဲ့သော ကိုဗစ်-၁၉ ရောဂါသည် ယခုအခါ မြန်မာနိုင်ငံသို့ ရောက်ရှိကူးစက်နေပြီ ဖြစ်သည်။၂၀၁၉ ခုနှစ်အတွင်းက တရုတ်နိုင်ငံ ဝူဟန်မြို့မှ စတင်ဖြစ်ပွားခဲ့သည်ဟု သတင်းမီဒီယာများက ဖော်ပြခဲ့ကြသော ကိုရိုနာဗိုင်းရပ်ခေါ် ကူးစက်မြန် အဆုတ်ရောင် ရောဂါပိုးကို ဆေးသိပ္ပံပညာရှင်တို့က အတိုကောက်အားဖြင့် ကိုဗစ်-၁၉ ဟု အမည်နာမ တပ်ခဲ့ကြသည်။

 

အဆိုပါဗိုင်းရပ်သည် နီးကပ်သောပြည်နယ်များနှင့် ဒေသတွင်းနိုင်ငံများဆီသို့ ဦးစွာ ကူးစက်ပြန့်ပွားခြင်းမရှိဘဲ ကီလိုမီတာပေါင်း သောင်းနှင့်ချီ၍ ကွာဝေးသော ဥရောပတိုက်သို့ မည်သို့မည်ပုံစောစီးစွာ ရောက်ရှိသွားခဲ့သည် ဆိုသည်မှာ သိပ္ပံပညာရှင်တို့အတွက် ပဟေဠိတစ်ခု ဖြစ်ခဲ့ရသည်။ မူလစတင် ဖြစ်ပွားရာနိုင်ငံ၏ အရှေ့မြောက်ဘက်သို့ ရှေးရှုလျှင် ထိုနိုင်ငံနှင့် ဥရောပတိုက် အကြား၌ ဂျပန်ကျွန်းစုများနှင့် ပစိဖိတ်သမုဒ္ဒရာကြီးကလည်းကောင်း၊ မြောက် အမေရိကတိုက်နှင့် အတ္တလန္တိတ်သမုဒ္ဒရာကြီးက လည်းကောင်းခြားလျက် ရှိနေသလို၊ အဆိုပါနိုင်ငံ၏ အနောက်မြောက် ယွန်းယွန်းဆီသို့ ရှေးရှုလျှင်လည်း ကာဇက်စတန်နိုင်ငံကြီးနှင့် အရှေ့အလယ်ပိုင်းဒေသကြီး တစ်ခုလုံးက ခြားလျက်ရှိနေသည်။

 

ရောက်မည်သို့ပင်ဖြစ်စေကာမူ ကိုဗစ်-၁၉ သည်ကား ယခုအခါ ကမ္ဘာတစ်ဝန်း ကူးစက်ပျံ့နှံ့လျက်ရှိနေသော ကပ်ရောဂါဆိုးကြီး တစ်ခုအဖြစ်သို့ ရောက်ရှိနေပြီဆိုသည်ကို မည်သူကမျှ ငြင်း၍မရနိုင်တော့ပြီ ဖြစ်သည်။ ကိုဗစ်နှင့် ပတ် သက်၍ သတင်းမီဒီယာ မျက်နှာစာများနှင့် လူမှုကွန်ရက် စာမျက်နှာများပေါ်၌ တတ်စွမ်းသမျှ ရေးသားဖြန့်ဝေ နေကြသည့်အတွက် ကိုဗစ်နှင့်ပတ်သက်သော အကြောင်းအရာများသည် မြန်မာနိုင်ငံသားများအတွက် အစိမ်းသက်သက် ဖြစ်မနေတော့သည်မှာ ဝမ်းမြောက်ဖွယ်ပင် ဖြစ်သည်။

 

ကိုဗစ်နှင့်ပတ်သက်သော ရှာဖွေတွေ့ရှိချက် များစွာရှိသည့်အနက် အများပြည်သူတို့ သတိပြုကြရန်လိုအပ်သော အချက်များကို အနှစ်ချုပ်၍ဖော်ပြပါအံ့၊ ကူးစက်ရောက်ရှိလာနိုင်ပုံ ကိုဗစ်-၁၉ ဗိုင်းရပ်စ်သည် လူတစ်ဦးထံသို့ အလိုအလျောက် ရောက်မလာနိုင်ဘဲ နီးကပ်မှု၊ ထိတွေ့မှု၊ ဆက်စပ်ပတ်သက်မှုနှင့် ပစ္စည်းအပေးအယူ ပြုလုပ် မှုတို့ဖြင့်သာ ကူးစက်ရောက်ရှိလာနိုင်သော ရောဂါ ပိုးဖြစ်သောကြောင့် လှုပ်ရှား၊ သွားလာ၊ ပြုမူ၊ နေထိုင်ခြင်းကို အထူးသတိပြု ဆင်ခြင်ကြခြင်းအားဖြင့် ကူးစက်ခံရခြင်းမှ ကာကွယ်နိုင်ပါသည်။

 

ကူးစက်ပြန့်ပွားနိုင်ပုံ

ကိုဗစ်-၁၉ ဗိုင်းရပ်သည် ပူပြင်းခြောက်သွေ့သည့် ရာသီဥတုမှာရော၊ အေးမြစွတ်စိုသည့် ရာသီဥတုမှာရော ကူးစက်ပြန့်ပွားနိုင်သည့်အတွက် လူစုလူဝေးကိုရှောင်ရှားပြီး တစ်ကိုယ်ရေသန့်ရှင်းရေးကို အထူးဂရုပြုလုပ်ဆောင် ကြခြင်းအားဖြင့် ကူးစက်ခံရခြင်းမှ ကာကွယ်နိုင်ပါသည်။

 

ကူးစက်ပြန့်ပွားပုံ ခြားနားမှု

ကိုဗစ်-၁၉ ဗိုင်းရပ်သည် အပူချိန် ၃ ဒီဂရီစင်တီဂရိတ်မှ ၁၇ ဒီဂရီစင်တီ ဂရိတ်အကြားရှိ ဒေသများ၌ ကူးစက်ပြန့်ပွားမှု မြန်ဆန်များပြားပြီး၊ အပူချိန် ၁၈ ဒီဂရီစင်တီဂရိတ်နှင့်အထက်ရှိသော ဒေသများ၌ ကူးစက်ပြန့်ပွားမှု နှေးကွေး လျော့နည်းသည့် သဘောသဘာဝရှိကြောင်း လေ့လာတွေ့ရှိရသည်။ အလာတူးပင် စိုထိုင်းဆနိမ့်သော ဒေသများတွင် ကူးစက်ပြန့်ပွားမှု မြန်ဆန် များပြားပြီး၊ စိုထိုင်းဆမြင့်သော ဒေသများတွင် ကူးစက်ပြန့်ပွားမှု နှေးကွေး လျော့နည်းသည့် သဘောသဘာဝရှိသည်။

 

မြန်မာနိုင်ငံ၏ လက်ရှိ ပျမ်းမျှအပူချိန်နှင့်စိုထိုင်းဆမှာ မြင့်မားနေသဖြင့် အအေးဓာတ်မြင့်မားပြီး စိုထိုင်းဆနိမ့်သော ဥရောပတိုင်းပြည်များမှာကဲ့သို့ ကူးစက်ပြန့်ပွားမှု မြန်ဆန်များပြားခြင်းမရှိနိုင်ဟု ယေဘုယျအားဖြင့် ခန့်မှန်းရသည်။ သို့ရာတွင်လူတချို့၏ မဆင်မခြင် နေထိုင်၊ ပြုမူ၊ လှုပ်ရှား၊ ထိတွေ့ ပတ်သက်မှုများကြောင့် မဖြစ်သင့်ဘဲဖြစ်လာနိုင်သည့် ကိုဗစ်-၁၉ ကူးစက်မှု ကျယ်ပြန့်လာနိုင်ခြင်းကို သတိပြုကြလျက် လူစုလူဝေးကိုရှောင်ရှားပြီး တစ်ကိုယ်ရေ သန့်ရှင်းမှုကို အထူးအလေးထား လုပ်ဆောင်ကြရမည်ဖြစ်သည်။

 

ကူးစက်မှုအညွှန်းကိန်း

ရောဂါကူးစက်မှုအညွှန်းကိန်း (Reproduction Number-R.O)များအရ ဝက်သက်ရောဂါပိုးသည် ကာကွယ်ဆေး ထိုးမထားသူ ၁၆ ဦးကိုလည်းကောင်း၊ ဆား(စ်)ရောဂါပိုး(SARS)သည် လူ ၄ ဦးအထိလည်းကောင်း၊ မား(စ်)ရောဂါပိုး (MERS)သည် လူတစ်ဦးကိုလည်းကောင်း၊ ကိုဗစ်-၁၉ သည် လူနှစ်ဦးမှ သုံးဦး ကျော်(R.O 2 to 3.5) အထိကို လည်းကောင်း ကူးစက်နိုင်သည်။

 

ကိုဗစ်-၁၉ ၏ကူးစက်နိုင်မှုသည် ဆား(စ်)ရောဂါလောက် မကျယ်ပြန့်သော်လည်း ရောဂါလက္ခဏာမပြသော ကိုဗစ်-၁၉ ကူးစက်ခံထားရသူများက လူစုလူဝေးရှိရာ နေရာများသို့သွားလာလှုပ်ရှားနေမှုများ (Stealth Transmissions) ကို ထိန်းချုပ်မှုမပြုခဲ့ခြင်းကြောင့်ဖြစ်ရာ နေအိမ်အတွင်း၌သာ နေထိုင်ခြင်းသည် ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှုကို တားဆီးရန် အတွက် အထိရောက်ဆုံးသော နည်းလမ်းပင် ဖြစ်သည်။

 

ကူးစက်ခံရနိုင်ခြေများ

ကိုဗစ်-၁၉ ဗိုင်းရပ်ပိုးရှိနေသူနှင့် နှစ်မီတာ (၆ ပေ ၆ လက်မ) အကွာအဝေး အတွင်း၌ရှိနေပြီး ထိုအကွာအဝေး အတွင်းရှိနေချိန်၌ အကာအကွယ်မဲ့ အနေအထားဖြင့် ၁၅ မိနစ်နှင့်အထက် ကြာမြင့်ပါက ကူးစက်နိုင်သဖြင့် အထူး သတိပြု ဆင်ခြင်ကြခြင်းအားဖြင့် ကူးစက်ခံရခြင်းမှ ကာကွယ်နိုင်ပါသည်။

 

ကူးစက်မူ၏ကြားခံပစ္စည်းတချို့

လက်ကိုင်ဖုန်း၊နေကာမျက်မှန်၊ စာကြည့်မျက်မှန်နှင့် အဝေးကြည့်မျက်မှန်များသည် ကိုဗစ်-၁၉ ကူးစက်မှုအတွက် ကြားခံပစ္စည်းများ ဖြစ်နေကြသည့်အတွက် ပိုးသတ်ဆေးဖြင့် မကြာခဏ ပွတ်တိုက် သန့်စင်ပေးကြခြင်းအားဖြင့် ကူးစက်ခံရခြင်းမှ ကာကွယ်နိုင်ပါသည်။

 

စနစ်တကျလက်ဆေးခြင်း

ကိုဗစ်-၁၉ ဗိုင်းရပ်ကူးစက်မခံကြရစေရေးအတွက် ရေနှင့်ပိုးသတ်ဆပ်ပြာတို့ဖြင့် လက်ကိုဆေးကြောရာတွင်စက္ကန့် ၂၀ မပြည့်ပါက ဗိုင်းရပ် ဆက်လက်ရှင်သန်နေကြောင်း Infra-red Rays Test အရ တွေ့ရှိရသည့်အတွက် အနည်း ဆုံးစက္ကန့် ၂၀ ပြည့်အောင် စနစ်တကျ ပွတ်တိုက်ဆေးကြောကြခြင်းအားဖြင့် ကူးစက်ခံရခြင်းကို တစ်ဖက်တစ်လမ်းမှ ကာကွယ်နိုင်ပါသည်။

 

ခန္ဓာကိုယ်ခုခံအားစနစ်

ခန္ဓာကိုယ်ခုခံအားစနစ်ကောင်းမွန်ခြင်းသည် ကိုဗစ်-၁၉ ဗိုင်းရပ် ကူးစက်ခံရနိုင်မှု အခွင့်အလမ်းကို နည်းပါးစေသည်။ ခန္ဓာကိုယ်ခုခံအားစနစ် ကောင်းမွန်ခြင်းဆိုသည်မှာ ပိန်ခြင်း၊ ၀ခြင်း၊ အရပ်ပုခြင်း၊ အရပ်မြင့်ခြင်း၊ သွယ်လျခြင်း၊ ဗလတောင့်ခြင်း စသည်တို့နှင့် မသက်ဆိုင်ဘဲ ပြင်ပမှဝင်ရောက်လာသော ရောဂါပိုးများကို အလိုအလျောက် တိုက်ထုတ်ပစ်နိုင်သော စွမ်းရည်ပင်ဖြစ်ရာ၊ ကိုယ်ခံအားစနစ် ကောင်းမွန်အောင် စားသောက်နေထိုင် ပြုမူခြင်းသည် ကိုဗစ်-၁၉ အတွက် အကောင်းဆုံးသော ခံစစ်ပင်ဖြစ်သည်။

 

ခရမ်းလွန်ရောင်ခြည်

ခရမ်းလွန်ရောင်ခြည် (Ultra Violet Rays) သည် ဗိုင်းရပ်ပိုးများကို သေစေနိုင်သဖြင့် ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်း (UV Index) မြင့်မားချိန်ဖြစ်သော နံနက် ၁၀ နာရီမှ ၁၁ နာရီအတွင်း အချိန်အနည်းငယ်မျှ နေပူခံခြင်း၊ နံနက် ၁၁ နာရီမှ မွန်းလွဲ ၃ နာရီအတွင်း၌ မျက်နှာသုတ်ပဝါနှင့် လက်သုတ်ပဝါများ၊ အဝတ်အစားများ၊ ကလေးအနှီးနှင့် စောင် ခြင်ထောင်များ၊ ခေါင်းအုံးနှင့် ခေါင်းအုံးစွပ်များ၊ အိပ်ရာဖုံး၊ အခင်းနှင့်ဖျာများ စသည်တို့ကို နေလှန်း ခြင်းအားဖြင့် ကိုဗစ်-၁၉ ကူးစက်ခံရခြင်းကို တစ်ဖက်တစ်လမ်းမှ ကာကွယ်နိုင်ပါသည်။ ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်း မြင့်တက် နေချိန်များ၌ နေပူထဲတွင် အကာအကွယ်မဲ့သွားလာလှုပ်ရှား လုပ်ကိုင်နေခြင်းမျိုးကို နေ့စဉ် နာရီပေါင်း များစွာကြာအောင် နှစ်နှင့်ချီ၍ ပြုမူနေမှသာလျှင် မျက်စိတိမ်စွဲ ခြင်းနှင့် အရေပြားကင်ဆာဖြစ်ခြင်းများကို ခံရနိုင်ခြေရှိပြီး ယခုကဲ့သို့ နံနက် ၁၀ နာရီမှ ၁၁ နာရီအတွင်း အချိန်အနည်းငယ်မျှ နေပူခံခြင်းမျိုးမှာ အန္တရာယ် တစ်စုံတစ်ရာ မရှိနိုင်ပေ။

 

ကာကွယ်ကုသဆေးထုတ်လုပ်ဖို့

ဗိုင်းရပ်စ်ပိုး(အသစ်)တစ်မျိုးကြောင့် ဖြစ်ပွားသောရောဂါကို အမြစ်ပြတ်အောင် တိုက်ဖျက်ချေမှုန်းနိုင်မည့် ဆေးဝါး ဖော်စပ်နိုင်ရန်အတွက် လေ့လာဆန်းစစ်ခြင်း၊ သုတေသနပြုလုပ်ခြင်းတို့မှ အစပြု၍ ကြွက်၊ ပူး၊ ယုန်၊ မျောက် စသောသတ္တဝါများဖြင့် အဆင့်ဆင့်စမ်းသပ်ခြင်း၊ ရောဂါမရှိသော စေတနာ့ဝန်ထမ်း လူသားများကို စမ်းသပ်ထိုးနှံခြင်း၊ ရောဂါကူးစက်ဖြစ်ပွားနေသူများကို စမ်းသပ်ထိုးနှံခြင်း အစရှိသော လုပ်ဆောင်မှုအဆင့်ဆင့်အတွက် အနည်းဆုံး အချိန် နှစ်နှစ်ခန့် ကြာမြင့်နိုင်သည်။

 

သို့ရာတွင် ဗိုင်းရပ်စ်ပိုးသည် ကာကွယ်ကုသဆေး ရှိနှင့်ပြီးသားဗိုင်းရပ်စ်ကို အခြေပြု၍ ဗီဇပြောင်းလဲ ဖြစ်ပေါ်လာ ခြင်းသို့တည်းမဟုတ် လူသားတို့၏ ဖန်တီးမှုကြောင့် ဖြစ်ပေါ်လာခြင်းမျိုးဖြစ်ပါကမူ ကာကွယ်ကုသဆေး ထုတ်လုပ် နိုင်ရန်အတွက် အချိန်တစ်နှစ်ခန့်သာ ကြာမြင့်နိုင်ပါသည်။

 

အဆိုပါကာလများအတွင်း မိမိကိုယ်မိမိ ကာကွယ်စောင့်ရှောက်ခြင်းကသာလျှင် အကောင်းဆုံးသော ရပ်တည်ချက် ဖြစ်သည်။

 

အလေးဂရုပြုမှုနှင့် ပူးပေါင်းဆောင်ရွက်မှု

လတ်တလောအခြေအနေတွင် မြန်မာနိုင်ငံသား ပြည်သူများသည် ကိုဗစ်-၁၉ နှင့်ပတ်သက်၍ နိုင်ငံတော်အစိုးရ၏ အမိန့်နှင့် ညွှန် ကြားချက်များ၊ တားမြစ်ချက်များကိုလည်းကောင်း၊ ဒေသန္တရအစိုးရများ၏ ညွှန်ကြားချက်နှင့် တားမြစ် ချက်များကိုလည်းကောင်း အသိတရားရှိရှိဖြင့် အလေးဂရုပြု လေးစားလိုက်နာကြရန် လိုအပ်သလို၊ အပြည့်အဝ ပူးပေါင်းဆောင်ရွက်ကြရန်လည်း လိုအပ်သည်။

 

နိုင်ငံတော်အစိုးရအနေဖြင့်လည်း ပြည်သူအများစုကဲ့သို့ နေအိမ်အတွင်း၌သာ နေထိုင်ခြင်းမရှိဘဲ ကိုဗစ်-၁၉ တိုက်ဖျက်ရေးလုပ်ငန်းတွင် ရှေ့တန်းမှ တိုက်ပွဲဝင်နေကြရသည့် ဆရာဝန်နှင့် သူနာပြုများ အပါအဝင် ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ နိုင်ငံ့ဝန်ထမ်း၊ ပြည်သူ့ဝန်ထမ်းနှင့် ပုဂ္ဂလိကဝန်ထမ်းများအတွက် သီးခြားခံစားခွင့်၊ သက်သာခွင့် များနှင့် လူနာကြောင့် Quarantine ဝင်ရသည့်အချိန်၌ ရပိုင်ခွင့်များကို အထူးအလေးထား စီစဉ်လုပ်ဆောင်ပေး ခြင်းအားဖြင့် ကိုဗစ်-၁၉ တိုက်ဖျက်မှုကို အရှိန်အဟုန်မပျက် ဆောင်ရွက်ပေးနိုင်လိမ့်မည်ဟု မျှော်လင့်ရသည်။

 

ယှဉ်တွဲနေထိုင်လုပ်ကိုင်ခြင်း

ကမ္ဘာ့ကပ်ရောဂါဖြစ်သော ကိုဗစ်-၁၉ကို အမြစ်ပြတ်အောင် ချေမှုန်းတိုက်ဖျက်နိုင်မည့်အချိန်ကို မျှော်မှန်း၍ မရနိုင်သေးသော ကြောင့် နိုင်ငံ့စီးပွားရေး ပြိုလဲမသွားစေရန်နှင့် ပြည်သူတို့၏ စားဝတ်နေရေး အခက်အခဲများ ဆိုးရွားစွာ

ဖြစ်ပေါ်လာခြင်း မရှိစေရန်အတွက် ကိုဗစ်-၁၉ကင်းစင်မှုမရှိသေးသည့် ကာလတစ်လျှောက်လုံးတွင် ကိုဗစ်-၁၉ နှင့်အတူ ယှဉ်တွဲနေထိုင် လုပ်ကိုင်နိုင်ကြမည့် စနစ်ကျသော အစီအမံများ (Living with ကိုဗစ်-၁၉ situation, Working with ကိုဗစ်-၁၉ Situation, Learning with ကိုဗစ်-၁၉ Situation ... စသည်များ)ကို သက်ဆိုင်ရာ အကြံပေး ပညာရှင်ကြီး များ၊ ကျွမ်းကျင်သူများနှင့် ညှိနှိုင်းတိုင်ပင်ရေးဆွဲချမှတ် လုပ်ဆောင်သွားရန်အတွက်လည်း နိုင်ငံတော်အစိုးရအား တိုက်တွန်းအပ်ပါသည်။   ။