ကမ္ဘာမြေဆွဲအား သုညတွင် အာကာသအတွင်း သယ်ဆောင်နိုင်မည့် ရှန်ပိန်ပုလင်းအား တီထွင်

၁၂ စက်တင်ဘာ

 

အနာဂတ် အာကာသခရီးသွားများအနေဖြင့် ကမ္ဘာမြေဆွဲအား သုည တွင် အာကာသ ပတ်လမ်းထဲ၌ ရှန်ပိန်ဖေါက်သောက်နိုင်ရန် နည်းပညာအဆင့်မြင့် ပုလင်းတစ်လုံးကို ရှန်ပိန်ကုမ္ပဏီ Mumm နှင့် ဒီဇိုင်နာ အော့တစ် ဒဲ ကော်လ် တို့ ပူးပေါင်းပြီး တီထွင်နိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

 

သတင်းစာနယ်ဇင်းသမားများသည် ပြင်သစ်နိုင်ငံ ရမ်းစ် မြို့မှ ပျံသန်းလာမည့် လေယာဉ်ပေါ်တွင် ရှန်ပိန်အရာသာကို ယနေ့ မြည်းစမ်းကြည့်ကြမည်ဖြစ်သည်။ ကမ္ဘာမြေဆွဲအား သုညအခြေအနေအတွက် အထူးပြုလုပ်ထားသည့် Zero-G အမည်ရှိ လေယာဉ်သည် အဆိုပါ ခရီးစဉ်တွင် စက္ကန့် ၂၀ စာ လေယာဉ် အလေးချိန်မဲ့သွားအောင် ဖန်တီးနိုင်ရန် မတ်စောက်စွာ ပျံတက်နေရာမှာ အောက်သို့ ဇောက်ထိုး နှိမ့်ချပျံဆင်းလာမည် ဖြစ်သည်။

 

 

အာကာသတွင် ရှန်ပိန်ဖောက်သောက်နိုင်ရေးသည် အာကာသယာဉ်မှူးများအတွက် ရည်ရွယ်ခြင်း မဟုတ်သလို အာကာသယာဉ်မှူးများကလည်း အပြည်ပြည်ဆိုင်ရာ အာကာသအခြေစိုက် စခန်း (ISS) တွင်  အရက်သေစာသောက်သုံးမှုကို ခွင့်မပြုကြပေ။ သို့သော် မကြာသေးခင်က ပုဂ္ဂလိက အာကာသအေဂျင်စီများဖြစ်သည့် Virgin Galactic  နှင့် အမေဇုန်တည်ထောင်သူ ဂျက်ဖ် ဘီဇို ၏ Blue Origin ကုမ္ပဏီများသည် အာကာသခရီးသွား ဝန်ဆောင်မှု ပေးနိုင်တော့မည် ဖြစ်ပြီး ၎င်းဝန်ဆောင်မှုတွင် လိုက်ပါသူများအတွက် အာကာသပတ်လမ်းတွင် အခြားဖျော်ဖြေရေး အစီအစဉ်များ ရရှိနိုင်မှာ မဟုတ်၍ တစ်နည်းနည်းဖြင့် အရက်သောက်နိုင်ဖို့သာ ရှိကြောင်း အာကာသယာဉ်မှူး ဂျင်  ဖရန်ကော့စ် ကလယ်ရီဗွိုင် ကပြောပြသည်။

 

ကမ္ဘာမြေဆွဲအား သုညဖြစ်နေသည့် အချိန်တွင် ရှန်ပိန်ကို ပုလင်းအပြင် ထုတ်နိုင်ဖို့က စိန်ခေါ်မှုတစ်ခုဖြစ်သည်။ “ခင်ဗျားအနေနဲ့ ပိုက်သုံးပြီး သောက်နိုင်တယ်လို့ တွေးထင်နိုင်တယ်။ ဒါပေမဲ့ ရှန်ပိန်နှစ်သက်သူ တစ်ယောက်အတွက်တော့ ရှက်စရာကောင်းတာပေါ့” ဟု ရူပဗေဒပညာရှင် ဂျွိုက် လိုက်ဂါ  ဘီလဲ က ပြောပြသည်။

 

 

 

ရှန်ပိန်ပုလင်း၏ အဆို့ရှင်ကို  ရှန်ပိန်အတွင်းပါရှိသော ကာဗွန်ဒိုင်အောက်ဆိုဒ်များအား  အမြှုပ်များအဖြစ် ထွက်လာစေရန် ပြုလုပ်ထားခြင်းဖြစ်သည်။ ဒီဇိုင်နာ အော့တစ် ဒဲ ကော်လ် က အာကာသအတွင်း ရှန်ပိန်အမြှုပ် ထွက်နိုင်အောင် ပုလင်းထိပ်ပိုင်း အဆို့ရှင်ကို အလူမီနီယံ အသုံးပြုထားသည့် လက်စွပ်ပုံ အစို့ရှင်ကို ဖန်တီးထားပြီး ပုလင်းကို လှုပ်လိုက်ပါက အမြှုပ်များ ထွက်လာမည်ဖြစ်ကြောင်း ရှင်းပြသည်။ ၎င်းနောက် ကြက်ဥပုံ ဖန်ခွက်ရှည်ကို အသုံးပြုပြီး ရှန်ပိန်ကို ပုလင်းအပြင်ဘက်  လေထုအတွင်း ထုတ်ယူသောက်သုံးနိုင်မည်ဖြစ်သည်။

 

ယခုချိန်မှာ ရှန်ပိန်ကုမ္ပဏီ Mumm ဟာ ၎င်းတို့နှင့် လက်တွဲလုပ်ဆောင်မည့် ပုဂ္ဂလိက အာကာသအေဂျင်စီများကို ရှာဖွေနေပြီဖြစ်ပြီး ၎င်းအချိန်အတွင်းမှာ ဒီဇိုင်နာ အော့တစ် ဒဲ ကော်လ် က ၎င်း၏ ရှေ့ပြေး ရှန်ပိန်ပုလင်း ကို ထပ်မံမွမ်းမံမှု ပြုလုပ်သွားရန် စီစဉ်နေသည်။ 

 

 “အာကာသအတွင်းမှာ အရက်သေစာ ယူဆောင်မှုကို တရားဝင် တားမြစ်ထားပေမဲ့ အနည်းငယ်တော့  ရနိုင်တော့မှာပါ” ဟု ၎င်းကပြောကြားခဲ့သည်။

 

SMZaw( MDN )
Source> AFP